အင်္ဂလန်လက်ရွေးစင်အသင်းကို အက်ဒီဟောင်း ပြောင်းလဲကိုင်တွယ်ခဲ့ပါက နည်းပြသစ်အဖြစ် ပိုချက်တီနိုအား အစားထိုးခန့်အပ်ရန် နယူးကာဆယ် ချိန်ရွယ်နေ

အင်္ဂလန်လက်ရွေးစင်အသင်းကို အက်ဒီဟောင်း ပြောင်းလဲကိုင်တွယ်ခဲ့ပါက နည်းပြသစ်အဖြစ် ပိုချက်တီနိုအား အစားထိုးခန့်အပ်ရန် နယူးကာဆယ် ချိန်ရွယ်နေ
Photo: X
Photo: X
Published 22 July 2024

နယူးကာဆယ်အသင်းသည် နည်းပြ အက်ဒီဟောင်းအနေဖြင့် အင်္ဂလန်လက်ရွေးစင်အသင်းကို ပြောင်းလဲကိုင်တွယ်ခဲ့ပါက နည်းပြသစ်အဖြစ် ပိုချက်တီနိုအား အစားထိုးခန့်အပ်ရန် ချိန်ရွယ်နေကြောင်း သိရသည်။

အင်္ဂလန်လက်ရွေးစင်အသင်းသည် ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးတွင် နည်းပြ ဆောက်ဂိတ် ရာထူးမှ နုတ်ထွက်သွားခဲ့သည့်အတွက် လက်ရှိအချိန်၌ နည်းပြလက်မဲ့ဖြစ်နေသည်။

ယင်းအတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA) သည် လက်ရွေးစင်အသင်းနည်းပြရာထူးအတွက် လျှောက်လွှာများ စတင်ခေါ်ယူနေပြီဖြစ်ပြီး သြဂုတ် (၂) ရက်မတိုင်မီ လျှောက်ထားနိုင်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

FA သည် နည်းပြသစ်ခန့်အပ်ရန် ရည်မှန်းချက်နှင့် လျှောက်ထားသူများအတွက် လိုအပ်ချက်များကိုလည်း တစ်ပါတည်းထုတ်ပြန်ခဲ့သည်။

နည်းပြသစ်အနေဖြင့် အင်္ဂလန်အသင်းအား မေဂျာပြိုင်ပွဲတစ်ခု၌ အနိုင်ရဗိုလ်စွဲရန်နှင့် ကမ္ဘာ့ထိပ်တန်းအသင်းအဖြစ် တစ်သတ်မတ်တည်း ရပ်တည်နိုင်ရန်အတွက် ဦးဆောင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုရှိအောင် စွမ်းဆောင်ပေးရမည်ဖြစ်သလို စည်းကမ်းပြည့်ဝသော နည်းစနစ်အဖွဲ့အား ဦးဆောင်နိုင်ရန်၊ ကလပ်အသင်းများနှင့် ခိုင်မာသည့်ဆက်ဆံရေး တည်ဆောက်နိုင်ရန်လိုအပ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် UEFA ပရိုနည်းပြလိုင်စင်ရရှိထားရန်၊ ပရီးမီးယားလိဂ် သို့မဟုတ် နိုင်ငံတကာပြိုင်ပွဲများတွင် ကောင်းမွန်သည့် မှတ်တမ်းများနှင့်အတူ အင်္ဂလိပ်ဘောလုံးလောကအကြောင်း အတွေ့အကြုံရှိသူဖြစ်ရန်၊ နိုင်ငံတကာဘောလုံးအကြောင်း နားလည်သဘောပေါက်ပြီး အများနှစ်သက်သဘောကျသည့် ခေါင်းဆောင်တစ်ဦးဖြစ်ရန်၊ အရည်အချင်းပြည့်ဝသည့် အင်္ဂလိပ်ကစားသမားများကို အောင်မြင်စွာဖော်ထုတ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ပျိုးထောင်နိုင်ခြင်း အတွေ့အကြုံရှိသူဖြစ်ရန်၊ အလွန်ပြင်းထန်သော ဝေဖန်မှုများကို ခံနိုင်ရည်ရှိရန် စသည့်အရည်အသွေးများ ပိုင်ဆိုင်သူကို ဦးစားပေးမည်ဖြစ်ကြောင်း သိရသည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က သြဂုတ်(၂) ရက်အထိ အချိန်ပေးထားသောကြောင့် နည်းပြသစ်အဖြစ် မည်သူ့ကို ရွေးချယ်ခန့်အပ်မည်လဲဆိုသည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သော်လည်း အက်ဒီဟောင်းသည် FA ၏ နံပါတ်(၁) ဦးစားပေးနည်းပြဖြစ်ကြောင်း သတင်းထွက်နေသည်။

ထို့ပြင် အင်္ဂလန်နည်းပြသစ်ဖြစ်လာရန် ရေပန်းအစားဆုံးနည်းပြတစ်ဦးအဖြစ် အလေးပေးခံထားရသူလည်း ဖြစ်နေသည်။

ထို့ကြောင့် နယူးကာဆယ်အသင်းတွင် ပျော်ရွှင်နေသည်ဟု အက်ဒီဟောင်းက ပြောကြားထားသော်လည်း အင်္ဂလန်အသင်းကို ပြောင်းလဲကိုင်တွယ်နိုင်သည့် အလားအလာရှိနေသောကြောင့် နယူးကာဆယ်အသင်းက ပိုချက်တီနိုကို ချိန်ရွယ်လာခြင်းဖြစ်ကြောင်း သိရသည်။

ယခုနွေရာသီတွင် နယူးကာဆယ်အသင်း၏ အားကစားဒါရိုက်တာသစ်အဖြစ် ခန့်အပ်ခံထားရသော ပေါလ်မစ်ချယ်သည် ပိုချက်တီနိုနှင့် ဆက်ဆံရေးကောင်းရှိသည့် လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ဦးဖြစ်သည်။

၎င်းသည် ဆောက်သမ်တန်နှင့် စပါးအသင်းတို့၌ ပိုချက်တီနိုနှင့် အလုပ်အတူတွဲလုပ်ခဲ့ဖူးသူဖြစ်ပြီး ပိုချက်တီနိုအား ပရီးမီးယားလိဂ်သို့ ပထမဆုံးခေါ်ဆောင်ခဲ့သူ ဖြစ်ကြောင်းလည်း  Daily Mail က ဖော်ပြခဲ့သည်။

ထို့ကြောင့် ၎င်းက အက်ဒီဟောင်းသာ နယူးကာဆယ်အသင်းနှင့် လမ်းခွဲပြီး အင်္ဂလန်လက်ရွေးစင်အသင်းကို ပြောင်းလဲကိုင်တွယ်ခဲ့ပါက ပိုချက်တီနိုနှင့် ပြန်လည်လက်တွဲရန် ချိန်ရွယ်နေခြင်းဖြစ်ကြောင်း သိရသည်။

ပိုချက်တီနို(၅၂ နှစ်)သည် ယခုနွေရာသီတွင် ချယ်လ်ဆီးအသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲဲ့ဖြစ်နေပြီး ၎င်းသည်လည်း အင်္ဂလန်နည်းပြ ဖြစ်လာနိုင်သူအဖြစ် ထင်ကြေးပေးခံထားရသည်။

Most Read

Most Recent