တိုက်ပွဲများကြောင့် လားရှိုးဒေသခံများ ဆက်လက်တိမ်းရှောင်နေပြီး လားရှိုးမှ တောင်ကြီးအထိ တစ်ဦးလျှင် ကားခ ကျပ် ငါးသိန်းကျော် ရှိနေ

တိုက်ပွဲများကြောင့် လားရှိုးဒေသခံများ ဆက်လက်တိမ်းရှောင်နေပြီး လားရှိုးမှ တောင်ကြီးအထိ တစ်ဦးလျှင် ကားခ ကျပ် ငါးသိန်းကျော် ရှိနေ
လားရှိုးမြို့မှ ထွက်ခွာနေသည့် ဒေသခံများ၏ မော်တော်ယာဉ်များကို ဇူလိုင် ၈ ရက် နံနက်က တွေ့ရစဉ်
လားရှိုးမြို့မှ ထွက်ခွာနေသည့် ဒေသခံများ၏ မော်တော်ယာဉ်များကို ဇူလိုင် ၈ ရက် နံနက်က တွေ့ရစဉ်
Published 12 July 2024

တိုက်ပွဲများကြောင့် လားရှိုးဒေသခံများ ဆက်လက်တိမ်းရှောင်နေပြီး တစ်ဦးလျှင် ကားခ ကျပ် ငါးသိန်းကျော်အထိ ရှိနေကြောင်း လားရှိုးမြို့ခံအချို့ထံမှ သိရသည်။

တပ်မတော်နှင့် MNDAA  တို့အကြား ဇူလိုင်လဆန်းပိုင်းမှစတင်ကာ လားရှိုးမြို့အနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

“အခုကတော့ တော်တော်များများ ထွက်နေကြတယ်။ နေ့တိုင်းကို မြို့ကနေ ထွက်နေတာပေါ့။ ကားခတွေကလည်း တစ်ယောက်ကို အနည်းဆုံး ငါးသိန်းကျော်တယ်။ မရှိတဲ့သူတွေ အတွက်ကတော့ ဘယ်မှရှောင်ပြေးလို့လဲမရဘူး။ မြို့မှာပဲနေရတဲ့သဘောပေါ့”ဟု လားရှိုး မြို့ခံတစ်ဦးက ပြောကြားသည်။

မော်တော်ယာဉ်ခများမှာ အနည်းဆုံး ကျပ်ငါးသိန်းကျော်အထိရှိနေပြီး တောင်ကြီးအထိဖြစ်ကြောင်း၊ အခြားနေရာများသို့ သွားမည်ဆိုပါကလည်း အနည်းဆုံးကျပ် ၁၀ သိန်းကျော်အထိရှိနေကြောင်း သိရသည်။

“ကားခက မတူဘူး။ တချို့က ငါးသိန်း ကျော်တယ်။ တချို့ကျတော့လည်း ခြောက်သိန်း၊ ခုနစ်သိန်းအထိ တောင်းတယ်။ အရင်တုန်းက သောင်းဂဏန်းပဲရှိခဲ့တာ”ဟု လားရှိုးမြို့ခံနောက်တစ်ဦးက ပြောကြားသည်။

ငွေကြေးမတတ်နိုင်သဖြင့် လားရှိုးမြို့တွင်းမှ မထွက်ခွာနိုင်သူအချို့မှာ လက်နက်ကြီးကျည် ကျရောက်သဖြင့် အသက်သေဆုံးရမှုများလည်း ရှိနေသည်ဟု လားရှိုးမြို့တွင်း ပရဟိတလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသူတစ် ဦးက ပြောကြားသည်။

“ကျွန်တော်တို့လည်း အရင်တုန်းက တိမ်းရှောင်ချင်တဲ့သူတွေကို ကူညီပေးရတယ်။ တချို့ကျတော့ မြို့ကမထွက်နိုင်လို့ လက်နက်ကြီးကျည်ကျပြီး သေဆုံးခဲ့တာတွေလည်း ရှိတယ်။ အများကြီးပဲဗျာ” ဟု လားရှိုးဒေသခံတစ်ဦးက ပြောကြားသည်။

ဇွန်လဆန်းပိုင်းက ရှော့တိုက်ဒုံးများ လားရှိုးမြို့ပေါ်ရှိ နေရာအချို့သို့ ကျရောက်ပေါက်ကွဲမှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

လားရှိုးမြို့အနီး တိုက်ပွဲများ ဖြစ်ပွားလာမှုကြောင့် ဒေသခံများမှာ လွန်ခဲ့သည့် သုံးရက်ခန့်ကမှစတင်ပြီး အခြားဒေသများသို့ ပြောင်းရွှေ့လျက်ရှိသည်။

ယင်းသို့ ပြောင်းရွှေ့ရာတွင် မော်တော်ယာဉ်များတွင် အလံဖြူထောင်က ပြောင်းရွှေ့နေရခြင်းဖြစ်သည်ဟု လားရှိုးဒေသခံများက ပြောကြားသည်။

လားရှိုးမြို့မှ ဒေသခံအများအပြား အခြားမြို့များသို့ ထွက်ခွာနေမှုကြောင့် လားရှိုး-မန္တလေး ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ စဥ့်အင်ဖောင်ဆိပ်တွင် ဖောင်ဖြင့် ကမ်းကူးရန် စောင့်ဆိုင်းနေကြရသည့် ကားတန်းမှာ ယာဉ်စီးရေ ထောင်ချီအထိရှိနေသည်။

အွန်လိုင်းလိမ်လည်မှုကို တိုက်ဖျက်ရန် အကြောင်းပြ၍ MNDAA နှင့် TNLA အဖွဲ့က နယ်မြေချဲ့ထွင် တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားထားသည်။

“ဇူလိုင် ၃ ရက်မှာ MNDAA ပူးပေါင်းအဖွဲ့ဟာ လားရှိုးမြို့ဝန်းကျင်ကို စတင်တိုက်ခိုက်ခဲ့ပြီး လားရှိုးမြို့ထဲကို ရှော့တိုက်ဒုံးတွေ၊ ဒရုန်းတွေနဲ့ Drop Bomb ချတိုက်ခိုက်တာတွေကို နေ့စဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် TNLA အဖွဲ့သည် နမ့်ခမ်း၊ သိန္ဒီ၊ ကွတ်ခိုင်မြို့များကိုလည်း တစ်ပြိုက်နက်တည်း နှောင့်ယှက်တိုက်ခိုက်မှု များ ပြုလုပ်ခဲ့သလို သိန္ဒီ၊ ကွမ်လုံမြို့နှင့် လော​က်ကိုင်မြို့ တစ်ဝိုက်ကိုလည်း စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၂ ရက်တွင် TNLA အဖွဲ့သည် မန်တုံဒေသတစ်ဝိုက်ကို တိုက်ခိုက်ခဲ့ပြီး နမ္မတူဒေသနှင့် နမ္မတူမြို့ကိုလည်း TNLA ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့​ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent