နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် မိသားစုလိုက် သတ်ဖြတ်ခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှုကျူးလွန်သူ နှစ်ဦးကို ဖမ်းဆီးရမိ

နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် မိသားစုလိုက် သတ်ဖြတ်ခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှုကျူးလွန်သူ နှစ်ဦးကို ဖမ်းဆီးရမိ
Published 13 August 2024

နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် မိသားစုလိုက် သတ်ဖြတ်ခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှုကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

သြဂုတ် ၁၀ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်းရှိ နေအိမ်တစ်လုံးတွင် လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်အတွင်း၌ အသက် (၄၉)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် (၄၈)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် သားဖြစ်သူ အသက် (၂၉)နှစ်အရွယ် အမျိုးသားတစ်ဦးတို့အား ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး နေအိမ်ရှိ Ractis အမျိုးအစား ခဲရောင်မော်တော်ယာဉ် ပျောက်ဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရခြင်းကြောင့် ဘုရားကုန်းမြို့မရဲစခန်းမှ အမှုဖွင့်လှစ်စုံစမ်းစစ်ဆေးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

အထက်ပါဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ခဲ့ရာ သြဂုတ် ၁၁ ရက်တွင် Ractis အမျိုးအစား ခဲရောင်မော်တော်ယာဉ်အား ပျဉ်းမနားမြို့၊ ပေါင်းလောင်း(၂)ရပ်ကွက်ရှိ လမ်းမပေါ်တွင် တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဆက်လက်၍ စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူ ပုဗ္ဗသီရိမြို့နယ်၊ ချောင်းစောက်ကျေးရွာနေ ဝင်းမင်းသူ (ခ) ဖိုးလပြည့် (ခ)ဇော်ဇော်အား သြဂုတ် ၁၂ ရက် ည ၆ နာရီခွဲတွင် ရန်ကုန်မြို့မှ ချောက်မြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်ပေါ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် ဝင်းမင်းသူ (ခ) ဖိုးလပြည့် (ခ)ဇော်ဇော်၏ ထွက်ဆိုချက်အရ ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်နေ ပြစ်မှုကျူးလွန်သူ ရဲထက်ကျော်အား သြဂုတ် ၁၂ ရက် ည ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကြာအင်း(အနောက်)ကျေးရွာ၌ လူသတ်မှုကျူးလွန်၍ လုယက်ယူဆောင်ခဲ့သည့် လက်ကိုင်ဖုန်း နှစ်လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် ဝင်းမင်းသူ (ခ) ဖိုးလပြည့် (ခ)ဇော်ဇော်နှင့် ရဲထက်ကျော်တို့၏ ထွက်ဆိုချက်အရ ၎င်းတို့နှစ်ဦးသည် သတ်ဖြတ်ခံရသည့် မိသားစုမှ သားဖြစ်သူနှင့် မိတ်ဆွေသူငယ်ချင်းများဖြစ်ပြီး အခင်းဖြစ်ပွားသည့် နေအိမ်၌ ၎င်းတို့နှစ်ဦးနှင့်အတူ မကြာခဏ အရက်နှင့် ထန်းရည်အတူသောက်ခြင်းတို့ကို ပြုလုပ်လေ့ရှိကြောင်း၊ သြဂုတ် ၈ ရက် ည ၇ နာရီတွင် သေဆုံးသူ မိသားစု၏ နေအိမ်သို့ သွားရောက်၍ အရက်အတူသောက်စားပြီးနောက် မိဘနှစ်ဦးနှင့် သားဖြစ်သူတို့ကို ရိုက်နှက်ထိုးခုတ်သတ်ဖြတ်ခဲ့ကာ နေအိမ်ရှိ လက်ကိုင်ဖုန်းလေးလုံး၊ Ractis အမျိုးအစား မော်တော်ယာဉ်တို့ကို ယူဆောင်ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ဝင်းမင်းသူ(ခ)ဖိုးလပြည့် (ခ)ဇော်ဇော်နှင့် ရဲထက်ကျော်တို့သည် ငွေကြေးလိုအပ်ချက်အရ သူငယ်ချင်းဖြစ်သူနှင့် ၎င်း၏မိဘများအား သတ်ဖြတ်ကာ လုယက်မှုကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရပြီး ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent