နိုင်ငံတော်တွင် နိုင်ငံရေး ဆွေးနွေး စေ့စပ် ဖြေရှင်းရန်လိုပြီး ဥပဒေဘောင်အတွင်း ရှင်သန်ကာ ဆွေးနွေးရန်နှင့်  ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်အောင် ဖော်ဆောင်ကြရန်လိုကြောင်း ကချင်အထူးဒေသ ၁ ထာဝရ ငြိမ်းချမ်းရေးအဖွဲ့ချုပ် ထုတ်ပြန်

နိုင်ငံတော်တွင် နိုင်ငံရေး ဆွေးနွေး စေ့စပ် ဖြေရှင်းရန်လိုပြီး ဥပဒေဘောင်အတွင်း ရှင်သန်ကာ ဆွေးနွေးရန်နှင့်  ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်အောင် ဖော်ဆောင်ကြရန်လိုကြောင်း ကချင်အထူးဒေသ ၁ ထာဝရ ငြိမ်းချမ်းရေးအဖွဲ့ချုပ် ထုတ်ပြန်
Published 16 June 2024

နိုင်ငံတော်တွင် နိုင်ငံရေးဆွေးနွေးစေ့စပ် ဖြေရှင်းရန်လိုပြီး ဥပဒေဘောင်အတွင်း ရှင်သန်ကာ ဆွေးနွေးရန်နှင့်  ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်အောင် ဖော်ဆောင်ကြရန်လိုကြောင်း ကချင်ပြည်နယ် အထူးဒေသ (၁) ထာဝရ ငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက ဇွန် ၁၄ ရက်တွင် ကြေညာချက်ထုတ်ပြန် ပြောကြားသည်။

ကချင်ပြည်နယ် ပူတာအို၊ ချီဖွေ၊ မြစ်ကြီးနား၊ ဗန်းမော်ဘက်တို့တွင်  KIA နှင့်ပူးပေါင်းတပ်များက အစိုးရတပ်စခန်းများကို တိုက်ခိုက်နေသည်ကို တွေ့ ရကြောင်း၊ ထိုသို့တိုက်ခိုက်လာသည့်အတွက်ကြောင့် နိုင်ငံတော်တွင် ထိခိုက်မှုများ၊ ဆုံးရှုံးမှုများ ဖြစ်စေကြောင်း၊  တပ်မတော်လည်း ထိခိုက်နစ်နာကြောင်း ဦးဇခုန်တိန့်ယိန်းက ပြောကြားသည်။

 အလားတူ စစ်ပွဲဖော်ဆောင်သည့်အတွက်ကြောင့် တစ်ဖက် KIA နှင့်ပူးပေါင်းတပ်ဖွဲ့ကလည်း ထိခိုက်မှုတွေ၊ သေကြေဆုံးရှုံးမှုတွေ မုချရှိမည်ဟု ခန့်မှန်းနားလည်နိုင်ကြောင်း၊ ထိုသို့ တိုက်ပွဲများကြောင့် ဒေသခံပြည်သူလူထုများအနေဖြင့် အိုးအိမ်များကိုစွန့်ခွာရကြောင်း၊ သားပျောက်၊ သမီးပျောက်၊ လင်ပျောက်၊ မယားပျောက်၊ မိဘပျောက်၊ အိုးအိမ်ပျောက်၊အင်မတန်ကြီးမားသည့်ဒုက္ခများကို ကျရောက် စေပြီး အားလုံးစိတ်မကောင်းဖြစ်ရကြောင်း ဦးဇခုန်တိန့်ယိန်းက ဆိုသည်။

'' ဒါကြောင့်မို့လို့ နိုင်ငံတော်အစိုးရကို ဆန့်ကျင်တိုက်ခိုက်တဲ့တိုက်ပွဲတွေကို၊ ဘယ်မှာတိုက်နေလဲ၊ ကိုယ့်နိုင်ငံထဲမှာပဲ၊ ကိုယ့်လူမျိုးအချင်းချင်း၊ ကိုယ့်ပြည်သူအချင်းချင်းကြားမှာဖြစ်နေတဲ့တိုက်ပွဲကို ရပ်ပေးကြပါ။ မိမိတို့နိုင်ငံ၊ မိမိတို့ပြည်သူတွေကို အကာအကွယ်ပေးကြပါ။ပြည်သူတို့ရဲ့ ဘဝ၊ ပြည်သူတို့ရဲ့ဒုက္ခတွေကို အမြန်ဆုံး ငြိမ်းချမ်းမှုနဲ့ကုစားနိုင်မှ ကျွန်တော်တို့ နိုင်ငံ၊ကျွန်တော်တို့ပြည်သူတွေ၊ အဖွဲ့များအားလုံးအတွက် အကျိုးသက်ရောက်မယ်၊ အကျိုးရှိမယ်။တိုက်သာတိုက်နေရင်တော့ တိုင်းပြည်နစ်နာမယ်။ ဘယ်အဖွဲ့မဆို နစ်နာမယ်။ ဆုံးရှုံးမယ်။တစ်ချိန်ထဲ မှာ ဒီအခြေအနေကနေပြီးမှ တောမီးလောင်၊ တောကြောင် လက်ခမောင်းခတ်ဆိုသလိုပဲမြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်တဲ့ တိုင်းရင်းသားပြည်သူများ ပျက်စီးဖို့၊ တိုင်းပြည်ပျက်စီးဖို့၊ လူမျိုးတွေ ထိခိုက်ဆုံးရှုံးအောင်လုပ်ဖို့ဆိုတဲ့ တိုင်းတစ်ပါးပယောဂက ဝင်ရောက်လာမယ်။ အလိုအလျောက်ပဲပေါ့ဗျာ။ ဒီဟာက ကျွန်တော်တို့တိုင်းပြည်ကို အမုန်းတရားဖြစ်နေတဲ့လူတွေအတွက် လမ်းခင်းပေးသလိုဖြစ်စေမယ်"ဟု ဦးဇခုန်တိန့်ယိန်းကပြောကြားသည်။

 ထို့ကြောင့် မိမိတို့ဖာသာမိမိတို့ ရွေးချယ်သင့်သည်က စစ်ပွဲကိုရပ်ပစ်ရန်၊  နိုင်ငံတော်ငြိမ်းချမ်းသွားရင် မိမိတို့ အမျိုးသားစည်းလုံးညီညွတ်ရေး၊ပြည်သူများ၏ အနာဂတ်ဘဝကိုကောင်းအောင် မိမိတို့ ဆောင်ကျဉ်းပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

''အဓိက ကတော့ နိုင်ငံတော်မှာ နိုင်ငံရေးဆွေးနွေးစေ့စပ် ဖြေရှင်းဖို့လိုတယ်။ ဥပဒေတစ်ခု ဘောင်အတွင်းမှာ ကျွန်တော်တို့ ရှင်သန်ဖို့လိုတယ်ဆိုပြီးမှ ဆွေးနွေးဖို့တွေ လိုပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်အောင် ဖော်ဆောင်ပေးဖို့၊ ဖော်ဆောင်ကြဖို့ ကျွန်တော်တို့အနေနဲ့ လိုလား ပါတယ်''ဟု ဦးဇခုန်တိန့်ယိန်းကပြောကြားသည်။

ထို့ပြင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးနယ်မြေဒေသဖြစ်သည့် ဆော့လော်၊ ချီဖွေ၊ ဝိုင်းမော်၊ ဆဒုံးဧရိယာသည် နှစ်ပေါင်း(၃၀)ကျော် နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်နှင့် ငြိမ်းချမ်းမှုရယူပြီးမှ ပြည်သူများ၏ ဘဝကို ပညာရေး၊ ကျန်းမာရေး၊ အဘက်ဘက်တိုးတက်အောင်တည်ဆောက်နေသည့်နေရာဖြစ်သဖြင့် ပြန်လည်ပျက်စီးသွားသည်ကို မိမိတို့အနေဖြင့် အားလုံးက မလိုလားကြောင်း၊ အဆိုပါနေရာဒေသများ ဖွံ့ဖြိုးခြင်းများ၊ တိုးတက်ခြင်းများသည် ကချင်ပြည်နယ်သူ/သား၊ မြန်မာနိုင်ငံ ပြည်သူ/သား အားလုံး၏ အကျိုးကို ဖြစ်စေကြောင်း၊

 အဆိုပါနယ်မြေဒေသ၏ ဖွံ့ဖြိုးမှုနှင့် ငြိမ်းချမ်းမှုကို ဖျက်ဆီးခြင်းကလည်း တစ်တိုင်း ပြည်လုံး၏ တိုက်သည့်ဖက်ရော၊ အတိုက်ခံရတဲ့ဖက်ရော ထိခိုက်နစ်နာဆုံးရှုံးခြင်းဟုမြင်ကြောင်း ဦးဇခုန်တိန့်ယိန်းက ပြောကြားသည်။

ထို့အတူ စစ်ပွဲကို မလိုလားကြောင်း၊  မထောက်ခံကြောင်း၊ မိမိတို့ဒေသ ပြည်သူများ အနေဖြင့်လည်း ရွာတိုင်းရွာတိုင်း စစ်ပွဲကို မလိုလားကြောင်းကို ပြည်သူ/သားများ၊ ရွာသူ/သားများ၊ မိဘများက တင်ပြပြီးသားဖြစ်ကြောင်း၊  ပြည်သူ/သားများ၏ ဆန္ဒကို အလွန်တန်ဖိုးထားကြောင်း၊  အလွန်လေးစားကြောင်း၊ ယင်းကို အကောင်အထည်ဖော်ပေးရန် လိုကြောင်း ဦးဇခုန်တိန့်ယိန်းကဆိုသည်။

အလားတူ ကချင်ပြည်နယ် အထူးဒေသ (၁) ဒေသများဖြစ်သည့် ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ကံပိုင်တည် ဒေသများ သို့ တိုက်ခိုက်ဖျက်ဆီးရန် ဝင်ရောက်လာသည့် KIA၊ PDF ပူးပေါင်းအဖွဲ့များကို ယတိပြတ် ခုခံချေမှုန်းရန်၊ ငြိမ်းချမ်းရေးကို ဖျက်ဆီးရန်၊ နိုင်ငံတော်ကို ဖျက်ဆီးရန်၊ တိုင်းရင်းသားလူမျိုး ပြည်သူများ၏ဘဝ သာယာ အေးချမ်းမှုကို ဖျက်ဆီးရန် KIA နှင့် PDF များက ကျူးကျော်လာပြီ ဖြစ်သဖြင့် ကချင်ပြည်နယ် အထူးဒေသ (၁)တွင် တာဝန်ထမ်းဆောင်နေသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ အနေဖြင့် မြေတစ်လက်မတိုင်းကို ကာကွယ်သည့် ခုခံစစ်ဆင် တိုက်ခိုက်ချေမှုန်းကြရန်  ဦးဇခုန်တိန့်ယိန်းက ဇွန် ၇ ရက်တွင် ၎င်း၏လက်အောက်ခံတပ်များကို စစ်မိန့်ပေးခဲ့သည်။

 ကချင်ပြည်နယ် အထူးဒေသ ၁ ထာဝရငြိမ်းရေးအဖွဲ့ချုပ်ထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ယခုအချိန်တွင် ထုတ်ပြန်ထားသည့် အတိုင်းဖြစ်ကြောင်း ပြန်ကြားခဲ့ပြီး အခြားတစ်စုံတစ်ရာ ဖြေကြားခဲ့ခြင်း မရှိပေ။

ကချင် အထူးဒေသ ၁ ဥက္ကဋ္ဌ ဖြစ်သူ ဦးဇခုံတိန့်ယိန်းသည်  ယခင် ကချင်ဒီမိုကရေစီသစ် တပ်မတော်(NDA-K)၏ ခေါင်းဆောင်ဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် ငြိမ်းချမ်းရေး ယူခဲ့သည်။

ယင်းနောက် ၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။    နယ်ခြားစောင့် တပ်များမှာဂမ်ဂွင်(ပန်ဝါအနီး) ၁၀၀၁ ၊   လုပီ အခြေစိုက် ၁၀၀၂၊ ဆဒုံးမြို့အနီး စင်ကြိုင် အခြေစိုက် ၁၀၀၃ တို့ဖြစ်ကြသည်။

ထိုပြင့် ဒေသအသီးရှိ ကျေးရွာများတွင်လည်း ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းထားရှိမှုများလည်း ရှိနေသေးသည်။

KIA နှင့် ပူးပေါင်းအဖွဲ့များသည် ဇွန်လ ၁၂ ရက်နေ့တွင် ဝိုင်းမော် -ကန်ပိုင်တည် လမ်းမပေါ်ရှိ တပ်စခန်း၁၁ ခု၊ ဇွန်လ ၁၃ ရက်နေ့တွင် ဝိုင်းမော် -ချီဖွေ တံတားပေါ်ရှိ ဆနီးခူးကျေးရွာအနီးရှိ တပ်စခန်း ၂ ခုကို သိမ်းယူခဲ့

သည်။

Most Read

Most Recent