လားရှိုး-မန္တလေး ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ စဥ့်အင်ချောင်းကူး ယာယီတံတားပေါ် ရေကျော်သွားသဖြင့် ယာဉ်ငယ်များ ဖောင်ဖြင့် ဖြတ်ကူးနေရ

လားရှိုး-မန္တလေး ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ စဥ့်အင်ချောင်းကူး ယာယီတံတားပေါ် ရေကျော်သွားသဖြင့် ယာဉ်ငယ်များ ဖောင်ဖြင့် ဖြတ်ကူးနေရ
Published 16 June 2024

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး - မန္တလေးပြည်ထောင်စုကားလမ်းမကြီးပေါ် စဥ့်အင်ချောင်း ယာယီဖြတ်ကူးတံတား ရေကျော်မှုကြောင့် ယာဉ်များဖြတ်သန်းသွားလာမရကြောင်း သိရသည်။

စဥ့်အင်ချောင်းယာဉ်ငယ်များ ဖြတ်သန်းသည့် ယာယီတံတားမှာ မိုးသည်းထန်စွာရွာသွန်းမှုများ ကြောင့် ရေကျော်မှုဖြစ်ပွားလျက်ရှိသဖြင့် ယာဉ်ငယ်များမှာ ဖောင်ဖြင့် ဖြတ်ကူးနေကြရကြောင်း သိရသည်။

စဥ့်အင်ယာယီတံတားက မိုးသည်းပြီး ရေကြီးလာလို့ ရေနစ်သွားတာ လေးရက်လောက်ရှိနေပြီ။ အဲ့တာကြောင့် မန္တလေး - လားရှိုးကို သွားလာနေကြတဲ့ ယာဉ်တွေအနေနဲ့ ဖောင်ဆိပ်ကနေ ဖောင်နဲ့ဖြတ်ကူး နေကြရတယ်။ ဖောင်နဲ့က တစ်ခါဖြတ်ကူးရင် ယာဉ်နှစ်စီးပဲ ဖြတ်သန်းနိုင်တာမို့ ကိုယ့်အလှည့်ရောက်ဖို့ အချိန်‌ေတော့ ပေးရတယ်။စောင့်နေတဲ့ယာဉ်တွေ များနေရင်တော့ အချိန်တော်တော်ကြာစောင့်ရတာပေါ့။ ဟု မန္တလေး-လားရှိုးခရီးသည်တင်ယာဉ်မောင်းတစ်ဦးကပြောသည်။

စဥ့်အင်ယာယီတံတား ရေကျော်မှုမှာ လေးရက်ခန့်ကြာပြီဖြစ်ပြီး ၎င်းတံတားရေကျော်နေစဉ် ကာလအတွင်း ယာဉ်ငယ်များအနေဖြင့် ဖောင်ဆိပ်မှတစ်ဆင့် ဖြတ်သန်းနေကြရရာ ဇွန်လ ၁၅ ရက်နေ့ တွင် ဖောင်ဖြင့်တစ်ဖက်ကမ်းသို့ ဖြတ်ကူးခဲ့သည့် ယာဉ်ငယ်နှစ်စီး ကမ်းကပ်ခါနီးတွင် ချောင်းအတွင်း ပြုတ်ကျမှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

မနေ့က မန္တလေးဘက်ကနေလာတဲ့ ပရဟိတယာဉ်တစ်စီးနဲ့ ခရီးသည်တင်ယာဉ်ငယ်တစ်စီး လားရှိုးဘက်ကမ်းကို ဖောင်နဲ့ကူးလာတာ ကမ်းကပ်ခါနီး ရေထဲပြုတ်ကျသွားတယ်။ လူတစ်ဦးတစ်ယောက်မှ တော့ မထိခိုက်ပါဘူး။ကားတွေထဲ ရေတွေတော့ဝင်ကုန်တယ်။ ပရဟိတကားကလည်း လူနာပို့ပြီး အပြန်မှာဖြစ်တာပါ ။ခရီးသည်တင်ယာဉ်ပေါ်မှာတော့ ယာဉ်မောင်းတစ်ဦးတည်းပါတယ်လို့ သိရတယ်။ ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဖောင်ဆိပ်မှယာဉ်များဖြတ်သန်းခွင့်ယာယီရပ်နားခဲ့ပြီး ဇွန်လ ၁၆ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ယာဉ်ငယ်များ ပြန်လည်ဖြန်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ကျွန်တော်ကားက မန္တလေးဘက်သွားမလို့ပါ ။ အခုတော့ စဥ့်အင်ကိုရောက်နေပြီ။ ရှေ့မှာတော့ ကားတွေတန်းနေတယ်။ ဖောင်နဲ့တော့ ကူးနေကြပါပြီ။မနေ့ကတော့ ကားနှစ်စီးရေထဲပြုတ်ကျသွားလို့ ဖောင်ဆိပ် ခဏရပ်နားထားတာ အခုတော့ ပြန်ဖြတ်သန်းခွင့်ပေးနေပါပြီ။ ဟု စဥ့်အင်ဖောင်ဆိပ်ရောက် ယာဉ်မောင်းတစ်ဦးက ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲပိုင်းကပြောသည်။

လားရှိုး - မန္တလေးသို့ ဖြတ်သန်းသွားလာကြသည့် ခရီးသည်တင်ယာဉ်များအနေဖြင့်  လားရှိုုး - မန္တလေး ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ စဥ့်အင်ချောင်းဖြတ်ကူးတံတား၊ ကျင်သီချောင်းဖြတ်ကူးတံတားများကို  ယာယီတံတားများပေါ် ဖြတ်သန်းသွားလာနေကြရပြီး အဆိုပါ ယာယီတံတားများမရှိခင်အချိန်က  လားရှိုး- မိုင်းရယ်- နမ့်လန်-အင်တော-ကျောက်ဂူ-ရပ်စောက်-မန္တလေးလမ်း၊ လားရှိုး- မိုင်းရယ်- သီပေါ-ကျောက်မဲ-နောင်ချို-ပြင်ဦးလွင်-မန္တလေးလမ်း၊လားရှိုး-မိုင်းရယ်-နမ့်လန်-အင်တော-နောင်ချို-ပြင်ဦးလွင်-မန္တလေး လမ်းများ သို့ အဆင်ပြေရာ အသုံးပြုသွားလာကြရကြောင်း သိရသည်။

စဥ့်အင်ချောင်းအား ယာဉ်ငယ်များဖောင်ဖြင့်ဖြတ်ကူးနေသည်ကို ဇွန်လ၁၆ ရက် မွန်းလွဲ ၂နာရီခွဲက တွေ့ရစဉ်။

Most Read

Most Recent