ဗီယက်နမ်မြောက်ပိုင်းကို စူပါတိုင်ဖွန်းဝင်ရောက်တိုက်ခတ်

ဗီယက်နမ်မြောက်ပိုင်းကို စူပါတိုင်ဖွန်းဝင်ရောက်တိုက်ခတ်
Published 7 September 2024

ယာဂီအမည်ရှိ စူပါတိုင်ဖွန်းမုန်တိုင်းသည် တရုတ်နိုင်ငံတွင် တိုက်ခတ်ခဲ့ပြီးနောက် စက်တင်ဘာ ၇ ရက်တွင် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

ယာဂီမုန်တိုင်းသည်  တစ်နာရီလျှင် လေတိုက်နှုန်း ၁၄၉ ကီလိုမီတာဖြင့် ဗီယက်နမ်၏ ဟိုင်ဖွန်နှင့် ကွမ်နင်းပြည်နယ်တို့ကို ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုမုန်တိုင်းကြောင့် သစ်ပင်များအမြစ်မှ ကျွတ်ထွက်ခြင်း၊ အဆောက်အအုံခေါင်မိုးများလန်ခြင်းနှင့် ကြော်ညာဆိုင်းဘုတ်များပြုတ်ကျခြင်းတို့ ဖြစ်ပွားခဲ့သည်။

ယာဂီမုန်တိုင်းသည် ယခုသီတင်းပတ်အစောပိုင်းက အပူပိုင်းမုန်တိုင်းအဖြစ် ဖိလစ်ပိုင်တွင် တိုက်ခတ်ခဲ့သဖြင့် လူ ၁၃ ဦးထက်မနည်းသေဆုံးကာ ရက်ပိုင်းအတွင်း စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် အားကောင်းလာခဲ့ကာ တရုတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် လူနှစ်ဦးသေဆုံးခဲ့သည်။

ဗီယက်နမ်အာဏာပိုင်များက မုန်တိုင်းဝင်ရောက်လာမည့်အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး ကမ်းရိုးတန်းဒေသများတွင်နေထိုင်သူ ၅၀၀၀၀ နီးပါးကို ဘေးလွတ်ရာရွှေ့ပြောင်းပေးထားပြီး မြောက်ပိုင်းရှိ ပြည်နယ် ၁၂ ခုတွင် စာသင်ကျောင်းများကို ပိတ်ထားခဲ့သည်။

Ref: AFP

Most Read

Most Recent