ဂျိုးဘိုင်ဒင် အမေရိကန်သမ္မတ ရွေးကောက်ပွဲမဝင်သည့် သတင်းကြောင့် အာရှစတော့စျေးကွက်၌ စတော့ရှယ်ယာစျေးများ ကျဆင်း

ဂျိုးဘိုင်ဒင် အမေရိကန်သမ္မတ ရွေးကောက်ပွဲမဝင်သည့် သတင်းကြောင့် အာရှစတော့စျေးကွက်၌ စတော့ရှယ်ယာစျေးများ ကျဆင်း
တိုကျို၌ ဂျပန်ယန်းနှင့် အမေရိကန်ဒေါ်လာတို့၏ ငွေလဲနှုန်းကို ဖော်ပြထားသော ဆိုင်းဘုတ်ကြီးရှေ့မှ ဖြတ်လျှောက်သွားသူများကို ဇူလိုင် ၁၈ ရက်တွင်တွေ့ရစဉ်(Photo:AFP)
တိုကျို၌ ဂျပန်ယန်းနှင့် အမေရိကန်ဒေါ်လာတို့၏ ငွေလဲနှုန်းကို ဖော်ပြထားသော ဆိုင်းဘုတ်ကြီးရှေ့မှ ဖြတ်လျှောက်သွားသူများကို ဇူလိုင် ၁၈ ရက်တွင်တွေ့ရစဉ်(Photo:AFP)
Published 22 July 2024

ဂျိုးဘိုင်ဒင်က အမေရိကန်သမ္မတရွေးကောက်ပွဲမှ နုတ်ထွက်သည်ဟု ဆုံးဖြတ်လိုက်သောကြောင့် ဇူလိုင် ၂၂ ရက်တွင် အာရှစတော့စျေးကွက်၌ စတော့စျေးများ ကျဆင်းခဲ့သည်။

တရုတ်အစိုးရက ယိမ်းနေသော စီးပွားရေးကို မြှင့်တင်ရန် ကြိုးပမ်းသည့်အနေဖြင့် အတိုးနှုန်းများကို လျှော့ချခဲ့သည်ဆိုသော်လည်း စတော့ရှယ်ယာစျေးများ ကျဆင်းခဲ့ခြင်းမရှိပေ။ သို့ရာတွင် ဂျိုးဘိုင်ဒင်က သမ္မ ရွေးပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ဟု ကြေညာလိုက်ပြီးနောက် အာရှ၌ စတော့ရှယ်ယာစျေးများ ထိုးကျသွားခြင်း ဖြစ်သည်။

လွန်ခဲ့သော သီတင်းပတ်ကုန်တွင် ဒေါ်နယ်ထရန့်ကို လုပ်ကြံရန်ကြိုးပမ်းမှု၊ ထို့နောက် ရီပတ်ဘလီကင်ပါတီ ညီလာခံကျင်းပခဲ့သည်။ဒေါ်နယ်ထရန့်သည် နိုဝင်ဘာရွေးကောက်ပွဲကို အနိုင်ရနိုင်သည်ဟူသော မှန်းဆမှုများ မြင့်တက်လာပြီးနောက် ရင်းနှီးမြှုပ်နှံသူများသည် အိမ်ဖြူတော်မှ ထွက်လာသော သတင်းများ၏ ဂယက်များကို တွက်ဆရန် ကြိုးစားနေကြသည်။

ဘိုင်ဒင်က ၎င်း၏နေရာကို ဆက်ခံရန် ဒုတိယသမ္မတကာမလာဟဲရစ်ကို ထောက်ခံချက်ပေးခဲ့သည်။

သမ္မတရွေးပွဲမှ ဘိုင်ဒင်နုတ်ထွက်သည့် သတင်းကြောင့် ကုန်သည်များသည် ထရန့် နှင့်ယှဉ်ပြိုင်မည့်သူမှာ မည်သူူဖြစ်လာမလဲဆိုသည်ကို စဉ်းစားလျက်ရှိသည်။ ထရန့်အနိုင်ရမည်ဆိုပါက ထရန့်က အခွန်များ လျှော့ချပေးခြင်း၊ ကန့်သတ်ထိန်းချုပ်ခြင်းတို့ကို လျှော့ချပေးခြင်းတို့ရှိလာနိုင်သဖြင့် ရှယ်ယာစျေးများ မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာသည် တန်ဖိုးတက်လာခဲ့သည်။

စတော့စျေးကွက်များသည် မကြာမီ မတည်မငြိမ်ဖြစ်လာနိုင်သည်ဟု လေ့လာဆန်းစစ်သူများက ပြောကြားခဲ့သည်။

“လွန်ခဲ့တဲ့ သီတင်းပတ်တုန်းကမရှိခဲ့တဲ့ သတင်းဟာ နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲရလဒ်ကို အတိုင်းအတာတစ်ခုအထိ မရေမရာဖြစ်စေတယ်လို့ စျေးကွက်အလိုအလျောက်တုံ့ပြန်မှုက ပြောနေပေမယ့် အိမ်ဖြူတော်အတွက် ပြိုင်ပွဲဟာ အရင်ကလိုမဟုတ်ဘဲ နှာတစ်ဖျားသာတဲ့ အနေအထားမျိုးဖြစ်လာခြင်းရှိမရှိ ဆိုတာကို တစ်စုံတစ်ဦးက ကျိုးကြောင်းဆီလျှော်စွာ မဆုံးဖြတ်နိုင်မီ မသေချာ မရေရာမှုဟာ သီတင်းပတ်များစွာ ရှိနေပါလိမ့်မယ်”ဟု အမျိုးသားသြစတြေးလျဘဏ်၏ ရေးအတ်ထရီးက ပြောသည်။

“တိုတိုပြောရရင် ယုတ်စွအဆုံးလာတော့မယ့် သတင်းပတ်အနည်းငယ်မှာ စတော့စျေးကွက်တွေ အပြိုင်အဆိုင်ဖြစ်ဖို့အတွက် အမေရိကန်နိုင်ငံရေးနဲ့ပတ်သက်ပြီး အချက်ပြခြင်းဆိုတာထက် ဆူဆူညံညံပိုဖြစ် လာပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။

ဝေါစထရိနှင့်ဥရောပတို့တွင် စတော့များ အရှုံးပေါ်ခဲ့ပြီးနောက် ဇူလိုင် ၂၂ ရက်တွင် အာရှ၌ စတော့ရှယ်ယာများ စျေးကျခဲ့သည်။ antivirus ပရိုပရမ်ကို update လုပ်ရာတွင် အမှားအယွင်းဖြစ်ခဲ့ခြင်းကြောင့် တစ်ကမ္ဘာလုံး ဆိုက်ဘာပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အမေရိကနှင့် ဥရောပတို့တွင် စတော့စျေးများ ကျဆင်းခဲ့သည်။ ဆိုက်ဘာပြတ်တောက်မှုကြောင့် လေဆိပ်များ၊ လေကြောင်းလိုင်းများ၊ ရထားများ၊ ဘဏ်များ၊ စျေးဆိုင်များ၊ ဆရာဝန်ပြရန် ချိန်းဆိုထားခြင်းတို့ကိုတောင် ထိခိုက်စေခဲ့သည်။

ဂျာကာတာနှင့်ဝယ်လင်တန်တို့တွင် စတော့စျေး မသိမသာတက်ခဲ့သည်ဆိုသော်လည်း တိုကျို၊ ဟောင်ကောင်၊ ရှန်ဟိုင်း၊ ဆစ်ဒနီ၊ စင်ကာပူ၊ ဆိုးလ်၊ တိုင်ပေ၊ မနီလာတို့တွင် စတော့ရှယ်ယာစျေးများ ကျဆင်းခဲ့သည်။

အမေရိကန်ဗဟိုဘဏ်က အစောဆုံးအနေဖြင့် စက်တင်ဘာ၊ ထို့နောက် ဇန်နဝါရီမတိုင်မီ အတိုးနှုန်းလျှော့ချမည် ဆိုသော အကောင်းမြင်မှုတို့ကို ၀ါရှင်တန်မှထွက်လာသည့် နောက်ဆုံးသတင်းများက လောင်းရိပ်ထိုးနေသည်။

အိမ်ခြံမြေအကျပ်အတည်းနှင့် စားသုံးသူဝယ်လိုအားနည်းခြင်းတို့ကို ကုစားရန် တရုတ်အစိုးရက အတိုးနှုန်းလျှော့ချမည့် သတင်းအတွက် စတော့စျေးကွက်က အနည်းငယ်သာတုံ့ပြန်ခဲ့သည်။                          Ref:AFP

Most Read

Most Recent