စီးပွားရေးနှိုးဆွမှုကို ချက်ချင်းလုပ်ဆောင်မည်ဟု ထိုင်းဝန်ကြီးချုပ်သစ် ပယ်ထုံထန် ရှင်နာဝပ် ကတိပြု

စီးပွားရေးနှိုးဆွမှုကို ချက်ချင်းလုပ်ဆောင်မည်ဟု ထိုင်းဝန်ကြီးချုပ်သစ် ပယ်ထုံထန် ရှင်နာဝပ် ကတိပြု
စက်တင်ဘာ ၇ ရက်က ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ အစိုးရအဖွဲ့ အထူးအစည်းအဝေး ပြုလုပ်ပြီးနောက် သတင်းစာရှင်းလင်းပွဲအတွင်း ရှင်းလင်းပြောကြားနေသည့် ထိုင်းဝန်ကြီးချုပ် ပယ်ထုံထန်ရှင်နာဝပ်အား တွေ့ရစဉ်(Photo:Reuters)
စက်တင်ဘာ ၇ ရက်က ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ အစိုးရအဖွဲ့ အထူးအစည်းအဝေး ပြုလုပ်ပြီးနောက် သတင်းစာရှင်းလင်းပွဲအတွင်း ရှင်းလင်းပြောကြားနေသည့် ထိုင်းဝန်ကြီးချုပ် ပယ်ထုံထန်ရှင်နာဝပ်အား တွေ့ရစဉ်(Photo:Reuters)
Published 8 September 2024

ထိုင်းဝန်ကြီးချုပ်သစ် ပယ်ထုံထန် ရှင် နာဝပ်က ၎င်း၏အစိုးရသစ်အနေဖြင့် စီးပွားရေးနှိုးဆွမှုကို ချက်ချင်းလုပ်ဆောင်ရန် ကြိုး ပမ်းမည်ဖြစ်ကာ ဝန်ကြီးချုပ်ဟောင်း ဆရီထာ ထာဝီဆင်၏ မူဝါဒများကို ဆက်လက် ဖော်ဆောင်မည်ဖြစ်ကြောင်း စက်တင်ဘာ ၇ ရက်က ပြောကြားခဲ့သည်။

ပယ်ထုံထန်သည် စက်တင်ဘာ ၁၂ ရက် နှင့် ၁၃ ရက်တို့တွင် ကျင်းပမည့် ပါလီမန် အစည်းအဝေး၌ တင်ပြမည့် မူဝါဒများအတွက် ပြင်ဆင်ရန် စက်တင်ဘာ ၇ ရက် အစောပိုင်းက အစိုးရအဖွဲ့ အထူးအစည်းအဝေး ကျင်းပခဲ့သည်။

၎င်း၏အစိုးရသစ်အနေဖြင့် ယခင်ဝန်ကြီးချုပ်၏ မူဝါဒများကို ဆက်လက်အကောင်အထည်ဖော်ကာ ချိန်ညှိပြင်ဆင်မှု အချို့လုပ် ဆောင်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

၎င်းတို့အနက် ကြွေးမြီဆိုင်ရာ ပြင်ဆင်သတ်မှတ်မှု၊ အသေးစားနှင့် အလတ်စား စီပွားရေးလုပ်ငန်းများအား ပံ့ပိုးမှုနှင့် လယ်ယာ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်မှုတို့ ပါဝင်ကြောင်း သိရသည်။

“အထူးသဖြင့် စီးပွားရေးနှိုးဆွမှု အပါအဝင် ဆရီထာအစိုးရရဲ့ မူဝါဒတွေအတိုင်း ဆက်လက်ဖော်ဆောင်သွားမှာဖြစ်တယ်”ဟု ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်း၏ ရှေ့မှောက်တွင် ၎င်း၏အစိုးရအဖွဲ့နှင့်အတူ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပယ်ထုံထန်က ပြောကြားခဲ့သည်။

သို့သော် အစိုးရ၏ အထင်ကရ စီမံချက် ဖြစ်သော Digital Wallet အစီအစဉ်အား ချိန်ညှိပြင်ဆင်မည့် အလားအလာ သို့မဟုတ် မည်သည့်အချိန်တွင် အကောင်အထည် ဖော်နိုင်မည်နည်းဆိုသည်တို့နှင့် ပတ်သက်၍မေးမြန်းမှုကို ၎င်းက တိုက်ရိုက်ဖြေကြားခဲ့ခြင်း မရှိပေ။

အဆိုပါ အစီအစဉ်အရ ထိုင်းပြည်သူ သန်း ၅၀ သည် စမတ်ဖုန်း အက်ပလီကေးရှင်း မှတစ်ဆင့် တစ်ဦးလျှင် ဘတ် ၁၀,၀၀၀ (၂၉၅ ဒေါ်လာ) လက်ခံရရှိမည်ဖြစ်သည်။

အစိုးရ၏ ဘတ် ၄၅၀ ဘီလျံ ထောက်ပံ့မှု အစီအစဉ် တစ်စိတ်တစ်ပိုင်းကို ငွေသားဖြင့် ပေးအပ်မည်ဟု ပယ်ထုံထန်က ယခုသီ တင်းပတ်ထဲတွင် ပြောကြားခဲ့ရာ Digital Wallet အစီအစဉ်ကို ချိန်ညှိပြင်ဆင်ဖွယ်ရှိသည့် အလားအလာကို ပြသလျက်ရှိသည်။

ထိုင်းနိုင်ငံ၏ အထင်ရှားဆုံး နိုင်ငံရေးမျိုးဆက်ကို ဆက်ခံသူဖြစ်သည့် ပယ်ထုံထန် ရှင်နာဝပ်သည် စက်တင်ဘာ ၆ ရက်က ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာကျိန် ဆိုခဲ့သည်။

သို့ဖြစ်ရာ ၎င်း၏ရှေ့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ကြီးချုပ် ဆရီထာ ထာဝီဆင် ရာထူးမှဖြုတ်ချခံရမှုနှင့် အဓိက အတိုက် အခံပါတီ ဖျက်သိမ်းခံရမှုတို့ကြောင့် တစ်လကြာ မတည်ငြိမ်သည့် အခြေအနေများ ဖြစ်ပွားခဲ့ခြင်းကို အဆုံးသတ်စေခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ အငယ်ဆုံးသမီးဖြစ်သူ ပယ်ထုံထန်သည် စက်တင်ဘာ ၆ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က တံခါးပိတ်ကျင်းပခဲ့သည့် အခမ်းအနား၌ ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်း၏ ရှေ့မှောက်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးနောက် ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံးဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

ဖခင်ဖြစ်သူ သက်ဆင်ရှင်နာဝပ်နှင့် အဒေါ်ဖြစ်သူ ယင်လက်ရှင်နာဝပ်တို့နောက်ပိုင်း ၃၈ နှစ်အရွယ် ပယ်ထုံထန်သည် လွန်ခဲ့သော ၂၃ နှစ်အတွင်း ထိုင်းနိုင်ငံကို ဦးဆောင်ခဲ့သည့် ရှင်နာဝပ် နိုင်ငံရေးမျိုးဆက်၏ တတိယမျိုးဆက်ဖြစ်သည်။

ထိုင်းဘုရင် မဟာဝဇီရာ လောင်ကွန်းက ပယ်ထုံထန်၏ အစိုးရသစ်ကို ဂုဏ်ပြုခဲ့ပြီး တာဝန်ဝတ္တရားများကို ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ ပယ်ထုံထန်သည် နိုင်ငံရေး မရေရာမှုများ တဝဲလည်လည် ရှိနေကာ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်နေသော ထိုင်းနိုင်ငံကို ဦးဆောင်ရမည်ဖြစ်သည်။

Ref:Reuters,AFP

Most Read

Most Recent