နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာအောင်လုပ်ဆောင်နေစဉ် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်ဝန်ကြီးချုပ် လီချန်တို့ မော်စကို၌ တွေ့ဆုံ

နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာအောင်လုပ်ဆောင်နေစဉ် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်ဝန်ကြီးချုပ် လီချန်တို့ မော်စကို၌ တွေ့ဆုံ
သြဂုတ် ၂၁ ရက်က ရုရှားသမ္မတ ဗလာဒီမာပူတင်(ဝဲ)နှင့် တရုတ်ဝန်ကြီးချုပ် လီချန်(ယာ)တို့ မော်စကို၌ တွေ့ဆုံစဉ်(Photo: AFP)
သြဂုတ် ၂၁ ရက်က ရုရှားသမ္မတ ဗလာဒီမာပူတင်(ဝဲ)နှင့် တရုတ်ဝန်ကြီးချုပ် လီချန်(ယာ)တို့ မော်စကို၌ တွေ့ဆုံစဉ်(Photo: AFP)
Published 22 August 2024

သြဂုတ် ၂၁ ရက်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်ဝန်ကြီးချုပ် လီချန်တို့ မော်စကိုတွင် တွေ့ဆုံခဲ့ပြီး ကုန်သွယ်ရေးဆိုင်ရာဆက်ဆံမှုများ တိုးတက်ဖြစ်ထွန်းလာမှုကို ဂုဏ်ပြုကြိုဆိုခဲ့သည်။

ရုရှားအနေဖြင့် နိုင်ငံရေးနှင့် စီးပွားရေးအထောက်အပံ့များအတွက် တရုတ်အပေါ် ပိုမိုမှီခိုလာရသည်။

“ကျွန်တော်တို့ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးတိုးတက်လာပါတယ်။ အောင်အောင်မြင်မြင်နဲ့ တိုးတက်ဖြစ်ထွန်းနေပါတယ်။ နှစ်နိုင်ငံအစိုးရတွေ အာရုံစိုက်လုပ်ဆောင်နေတဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုင် ရာ ဆက်ဆံမှုတွေကနေ အကျိုးကျေးဇူးတွေ ဖြစ်ထွန်းနေတယ်” ဟု ကရင်မလင်၌ တရုတ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ပူတင်က ပြောကြားခဲ့သည်။

ရုရှားနှင့် တရုတ်နိုင်ငံတို့သည် စီးပွားရေးနှင့် အခြားစီမံကိန်းများအတွက် အစီအမံများကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်လျက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

“တရုတ်-ရုရှား ဆက်ဆံရေးဟာ မကြုံဖူးလောက်အောင် မြင့်မားတဲ့အဆင့်တစ်ခုကို ရောက်ရှိနေပြီဖြစ်တယ်” ဟု ရုရှားဝန်ကြီးချုပ် မစ်ခေးမီရှုစတင်နှင့် တွေ့ဆုံရာ၌ တရုတ်ဝန်ကြီးချုပ် လီချန်က ပြောကြားခဲ့သည်။

ရုရှားအနေဖြင့် ကာ့ရှ်ဒေသထဲသို့ ယူကရိန်းက ကျူးကျော်လာမှုကို တွန်းလှန်ရန် ကြိုးပမ်းနေရသည်မှာ တတိယမြောက် သီတင်းပတ်ထဲသို့ ရောက်ရှိလာချိန်တွင် ယခုတွေ့ဆုံမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

ရုရှား၏မြို့တော် မော်စကိုသည်လည်း ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားပြီးနောက်ပိုင်း အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။

ရုရှားသမ္မတပူတင်နှင့် တရုတ်ဝန်ကြီးချုပ်တို့ ယူကရိန်းအရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ခြင်း ရှိမရှိကိုမူ ရုရှားသတင်းဌာနများက ဖော်ပြခဲ့ခြင်းမရှိပေ။

တရုတ်သည် ယူကရိန်းစစ်ပွဲတွင် ကြားနေနိုင်ငံအဖြစ် ကိုယ့်ကိုယ်ကိုယ် ပုံဖော်လျက်ရှိသော်လည်း ရုရှားကဲ့သို့ပင် အနောက်နိုင်ငံများအပေါ် လိုလားမှုမရှိပေ။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရုရှားက ၎င်းတို့တပ်ဖွဲ့ဝင်များကို ယူကရိန်းသို့ စေလွှတ်ခဲ့ခြင်းအား တုံ့ပြန်သည့်အနေဖြင့် အနောက်နိုင်ငံများက ရုရှား၏ရေနံပို့ကုန်များအပေါ် ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှု များ ချမှတ်ခဲ့ပြီးနောက် တရုတ်ကရုရှားရေနံများကို သိသိသာသာ တိုးမြှင့်ဝယ်ယူခဲ့ကာ ရုရှားအပေါ် ပိုမိုသြဇာလွှမ်းမိုးနိုင်ခဲ့သည်။

သမ္မတရာထူးသက်တမ်းအား ပဥ္စမအကြိမ် ရယူခဲ့ပြီး မကြာမီတွင် ပေကျင်းသို့သွားရောက်ကာ သမ္မတရှီကျင်းပင်နှင့် တွေ့ဆုံခဲ့သည့် ခရီးစဉ်အတွင်း ပူတင်က တရုတ်၏ အရေးပါပုံကို မီးမောင်းထိုးပြခဲ့သည်။

ထိုခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ဘက်ပေါင်းစုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာနက်ရှိုင်းအောင်လုပ်ဆောင်သွားမည့် ပူးတွဲကြေညာချက် တစ်စောင်ကို လက်မှတ်ရေးထိုးခဲ့သည်။

တရုတ်နှင့် ရုရှားသည် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းများအဖြစ် ထုဆစ်ပုံဖော်ထားသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်လျက်ရှိကြောင်း ရှီက ပြောကြားခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် အကန့်အသတ်မဲ့ မိတ်ဖက်ဆက်ဆံရေး ကတိကဝတ်များကို ထပ်လောင်းပြောဆိုခဲ့သည်ဟု CCTV ရုပ်သံက ထုတ်လွှင့်ဖော်ပြခဲ့သည်။   

Ref: AP

Most Read

Most Recent