ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်လေယာဉ် ၃၇ စင်းကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်လေယာဉ် ၃၇ စင်းကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား
ဇူလိုင် ၁၀ ရက်က ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ဓာတ်ပုံတွင် ဂျပန်၏ မီယာကိုဂျီးမားကျွန်း၏ အရှေ့တောင်ဘက် ပစိဖိတ်သမုဒ္ဒရာအတွင်း တရုတ်၏ ရှန်တုံလေယာဉ်တင်သင်္ဘောနှင့် လေယာဉ်တစ်စင်းကို တွေ့ရစဉ်(Photo:AFP)
ဇူလိုင် ၁၀ ရက်က ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ဓာတ်ပုံတွင် ဂျပန်၏ မီယာကိုဂျီးမားကျွန်း၏ အရှေ့တောင်ဘက် ပစိဖိတ်သမုဒ္ဒရာအတွင်း တရုတ်၏ ရှန်တုံလေယာဉ်တင်သင်္ဘောနှင့် လေယာဉ်တစ်စင်းကို တွေ့ရစဉ်(Photo:AFP)
Published 10 July 2024

ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်လေယာဉ် ၃၇ စင်းကို ဇူလိုင် ၁၀ ရက်က ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ထိုလေယာဉ်များသည် ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းရှိ လေယာဉ်တင်သင်္ဘောနှင့်အတူ လေ့ကျင့်ခန်းများ ပြုလုပ်ရန် ဦးတည်ပျံသန်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး တိုက်လေယာဉ်များ၊ ဒရုန်းများနှင့် စစ်သင်္ဘောများကို နေ့စဉ်နီးပါး ထိုင်ဝမ်ကျွန်းအနီးသို့ စေလွှတ်လျက်ရှိသည်။

ထိုင်ဝမ်သည် တရုတ်၏ တောင်ပိုင်းကမ်းရိုးတန်းမှ ၁၈၀ ကီလိုနီတာ(မိုင် ၁၁၀)အကွာတွင် တည်ရှိသည်။

ထို့ပြင် ထိုင်ဝမ်၏ ကျွန်းစုများသည် အစစ်ရေးအရ အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေပြီး ထိုကျွန်းစုများသည်  တောင်တရုတ်ပင်လယ်မှ ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ဝင်ရောက်သည့် ဂိတ်ပေါက်တစ်ခု ကဲ့သို့ ဖြစ်နေသည်ဟု စစ်ရေးမဟာဗျူဟာ ပညာရှင်များက ပြောကြားခဲ့သည်။

ဇူလိုင် ၁၀ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲခန့်တွင် ထိုင်ဝမ်ကျွန်းအနီး တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များနှင့် ဒရုန်းများအပါအဝင် တရုတ်လေယာဉ် ၃၇ စင်းကို တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထိုလေယာဉ်များအနက် လေယာဉ် ၃၆ စင်းသည် တရုတ်နှင့် ထိုင်ဝမ်ကို ပိုင်းခြားထားသည့် ထိုင်ဝမ်ရေလက်ကြား၏ အလယ်စည်းကို ဖြတ်သန်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

လေယာဉ်များသည် ရှန်တုံလေယာဉ်တင်သင်္ဘောနှင့်ပူးတွဲရေကြောင်းနှင့် လေကြောင်းလေ့ကျင့်မှုများကို ပြုလုပ်ရန် ထိုင်ဝမ်တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်း လေပိုင်နက်များအတွင်းမှ ဖြတ်သန်းသွားခဲ့ကြောင်း ထိုင် ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ရှန်တုံလေယာဉ်တင် သင်္ဘောသည် ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ တရုတ်သင်္ဘောများ ပုံမှန်ဝင်ရောက် လေ့ရှိသည့် ထိုင်ဝမ်၏ တောင်ပိုင်း ဘာရှီရေလက်ကြားကို ဖြတ်သန်းခဲ့ခြင်းမရှိကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်ကူးက သတင်းထောက်များကို ပြောကြားခဲ့သည်။

ရှန်တုံလေယာဉ်တင်သင်္ဘောသည် ဘာရှီရေလက်ကြားမှ ဖြတ်သန်းရမည့်အစား   ဘယ်လက်တန် ရေလက်ကြားကို ဖြတ်ပြီး ပစိဖိတ်အနောက်ပိုင်းဒေသကို ဦးတည်မောင်းနှင်ခဲ့သည်ဟု ဝယ်လင်တန်ကူးက ပြောကြားခဲ့သည်။

ဘယ်လင်တန်ရေလက်ကြားသည် ဘာရှီရေလက်ကြားတောင်ဘက် ကီလိုမီတာ ၂၅၀ အကွာရှိ ဖိလစ်ပိုင်၏ ဘာဘူယန်ကျွန်း မြောက်ပိုင်းတွင်တည်ရှိသည်။

ရှန်တုံလေယာဉ်တင် သင်္ဘောအပါအဝင် တရုတ်ပြည်သူလွတ်မြောက်ရေး တပ်မတော်၏ ရေတပ်မှ သင်္ဘောလေးစင်းကို ဂျပန်၏ မီယာကိုကျွန်း အရှေ့တောင်ပိုင်း ကီလိုမီတာ ၅၂၀ အကွာတွင် တွေ့ရှိခဲ့ကြောင်း ဂျပန်၏ ပူးတွဲစစ်ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပြီးနောက် ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်လေယာဉ်များကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်မြေတစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံး သိမ်းယူသွားမည်ဟု ပြောကြားခဲ့သည်။                         

Ref:AFP

Most Read

Most Recent