■ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်၊

■ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်၊
Published 8 September 2024

■ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်၊

■  မုန်တိုင်းငယ်အရှိန်ကြောင့် အချို့ဒေသများတွင် မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင် 

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်ပြီး မုန်တိုင်းငယ်အရှိန်ကြောင့် အချို့ဒေသများတွင် မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ 

ထုတ်ပြန်ချက်အရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ စစ်တွေမြို့(Sittwe)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၅၅ မိုင်ခန့်၊ သံတွဲမြို့(Thandwe)၏ အနောက်ဘက် ရေမိုင် ၄၂၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ကာလင်ဂါပတ္တနမ်မြို့(Kalingapatnam)၏ အရှေ့ဘက် ရေမိုင် ၁၆၅ မိုင်ခန့်အကွာ၊ ဂိုလ်ပါပူမြို့(Gopalpur)၏ အရှေ့-အရှေ့ တောင်ဘက် ရေမိုင် ၁၄၅ မိုင်ခန့်၊ ပါရာဒစ်ရှ်မြို့(Paradip)၏ တောင်-အရှေ့ တောင်ဘက် ရေမိုင် ၁၄၀ မိုင်ခန့်၊ ဒီဂါမြို့(Digha)၏ တောင်ဘက် ရေမိုင် ၂၂၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။ 

မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း၊ 

အဆိုပါ မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု ၁၈.၀ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၇.၀ ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား ၉၉၈ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ မှ  ၃၅ မိုင်နှုန်းခန့် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး လာမည့် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေ-အနောက်ဘင်္ဂလား ပြည်နယ်ကမ်းခြေတို့တွင် အားကောင်းသော မုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ ထိုမှတစ်ဆင့် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း-အနောက်ဘင်္ဂလား ပြည်နယ်တို့မှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။  

အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် စက်တင်ဘာ ၈ ရက်နေ့လယ်မှ ၁၂ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသ အလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ 

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၂ ပေခန့် ရှိနိုင်ကြောင်း သိရသည်။ 

သို့ဖြစ်ပါ၍ မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ် နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြု နိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိ ပြုနိုင်ပါရန် မိုးဇလက အသိပေးထားကြောင်း သိရသည်။

Most Read

Most Recent