နျူကလီးယားလက်နက်အင်အား တိုးမြှင့်မည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ကတိပြု

နျူကလီးယားလက်နက်အင်အား တိုးမြှင့်မည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ကတိပြု
စက်တင်ဘာ ၉ ရက်က ပြုံယမ်းမြို့၌ ကျင်းပသည့် မြောက်ကိုရီးယားနိုင်ငံ တည်ထောင်မှု ၇၆ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် ကင်ဂျုံအွန် မိန့်ခွန်းပြောကြားစဉ်
စက်တင်ဘာ ၉ ရက်က ပြုံယမ်းမြို့၌ ကျင်းပသည့် မြောက်ကိုရီးယားနိုင်ငံ တည်ထောင်မှု ၇၆ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် ကင်ဂျုံအွန် မိန့်ခွန်းပြောကြားစဉ်
Published 10 September 2024

မြောက်ကိုရီးယားအနေဖြင့် မိမိတို့၏ နျူကလီးယားလက်နက်အင်အား တိုးမြှင့်မှုကို မရပ်မနား လုပ်ဆောင် လျက်ရှိကြောင်း ခေါင်းဆောင်ကင်ဂျုံအွန်က ပြောကြားခဲ့သည်ဟုနိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၁၀ ရက်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် တာဝန်သိသော နျူကလီးယားလက်နက်နိုင်ငံဖြစ်ကြောင်းလည်း ကင်က အခိုင်အမာပြောကြားခဲ့သည်ဟု သိရသည်။

မြောက်ကိုရီးယားနိုင်ငံတည်ထောင်သည့် ၇၆ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား၌ ကင်က မိန့်ခွန်းပြောကြားခဲ့ပြီး ပြုံယမ်းမြို့လယ်တွင် လူထောင်နှင့်ချီ စုဝေးနေသည့် ဓာတ်ပုံများကိုလည်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

အမေရိကန်နှင့်မဟာမိတ်နိုင်ငံများ၏ အမျိုးမျိုးသောခြိမ်းခြောက်မှုများ ပိုမိုကျရောက်နေသည့်အတွက် မြောက်ကိုရီးယား နျူကလီးယားတပ်ဖွဲ့နှင့်တပ်ဖြန့်နိုင်စွမ်းတို့ကို ပိုမိုစေ့စပ်သေချာစွာဖြင့် ပြီးပြည့်စုံအောင် လုပ်ဆောင်သင့်ကြောင်း ကင်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားအနေဖြင့် ပြိုင်ဘက် နျူကလီးယားလက်နက်နိုင်ငံများ၏ ခြိမ်းခြောက်နေသော လုပ်ရပ်များကို အပြည့်အဝတုံ့ပြန်နိုင်ရေးအတွက် မိမိတို့၏ နျူကလီးယား တပ်ဖွဲ့ကို မရပ်မနားအင်အားဖြည့်တင်းရမည် ဖြစ်ကြောင်းလည်း ကင်က ဆိုသည်။

နျူကလီးယားတပ်ဖွဲ့အပါအဝင်မြောက် ကိုရီးယား၏လက်နက်ကိုင်တပ်ဖွဲ့အားလုံး တိုက်ပွဲအတွက် အသင့်ဖြစ်စေရေးအတွက် အစီအမံများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း ကင်က ဆိုသည်။

မြောက်ကိုရီးယားသည် တာဝန်သိသော နျူကလီးယားလက်နက်နိုင်ငံဖြစ်ကာ မိမိတို့၏ ကိုယ်ပိုင် ကာကွယ်ရေးအတွက် ရည်ရွယ်သော နျူကလီးယားလက်နက်များသည် မည်သူ့ကိုမှ ခြိမ်းခြောက်မှု မဖြစ်စေကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

မြောက်ကိုရီးယားနှင့်တောင်ကိုရီးယားတို့၏ ဆက်ဆံရေးသည် နှစ်အတန်ကြာအတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေစဉ် ကင်၏မိန့်ခွန်းပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

မြောက်ကိုရီးယားက ၎င်းတို့၏ တောင်ပိုင်းနယ်စပ်သို့ ပဲ့ထိန်းဒုံးပစ်လောင်ချာ ၂၅၀ ကို ဖြန့်ကြက်ခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက သြဂုတ် ၅ ရက်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကလည်း ယင်းလက်နက်များသည် တိုင်းပြည်၏ အချုပ်အခြာ အာဏာကို ကာကွယ်ရာတွင် စွမ်းအားကြီးသော အဖိုးတန်လက်နက်ဖြစ်သည်ဟု ထိုစဉ်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ယခင်ကလည်း ၎င်းတို့၏ နျူကလီးယားလက်နက် အင်အားကို သိသိသာသာ တိုးမြှင့် မည်ဟု ကတိပြုထားပြီး အရေးပါသော နိုင်ငံတော်အဆင့် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားများတွင် ၎င်းတို့၏ အင်အားကို ထုတ်ဖော်ပြသလေ့ရှိသည်။

“မြောက်ကိုရီးယားဟာ ၂၀၂၁ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ရှစ်ကြိမ်မြောက် ပါတီညီလာခံအပြီးမှာ တာတိုပစ် နျူကလီးယားလက်နက် အပါအဝင် နျူကလီးယားလက်နက် အမျိုးမျိုးကို ပြောင်းလဲထုတ်လုပ်ရန် ရည်မှန်းထားမှုကို အရိပ်အမြွှက်ပြသခဲ့တယ်” ဟု အာဆန်မူဝါဒရေးရာ လေ့လာရေးအင်စတီကျုမှ သုတေသီ ယန်အွတ်က ဆိုသည်။ ထို့နောက်ပိုင်းတွင် မြောက်ကိုရီးယားကထုတ်လုပ်မှု သိသိသာသာတိုးမြှင့်မည်ဟု ပြောဆိုလာခဲ့ကြောင်းလည်း ၎င်းကထောက်ပြခဲ့သည်။

Ref;AFP

Most Read

Most Recent