အာဏာသိမ်းရန်ကြိုးပမ်းမှုဖြင့် ဘိုလီးဗီးယား စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဖမ်းဆီးခံရ

အာဏာသိမ်းရန်ကြိုးပမ်းမှုဖြင့် ဘိုလီးဗီးယား စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဖမ်းဆီးခံရ
ပလာဇာမူရယ်လိုရှိ သမ္မတနန်းတော်ရှေ့၌ စစ်သားများ ပိတ်ဆို့ထားသည်ကို ဇွန် ၂၆ ရက်တွင်တွေ့ရစဉ်(Photo: AFP)
ပလာဇာမူရယ်လိုရှိ သမ္မတနန်းတော်ရှေ့၌ စစ်သားများ ပိတ်ဆို့ထားသည်ကို ဇွန် ၂၆ ရက်တွင်တွေ့ရစဉ်(Photo: AFP)
Published 27 June 2024

အစိုးရအဆောက်အအုံများ၏ရှေ့တွင်  နေရာယူထားရန် စစ်သားများနှင့်တင့်ကားများကို စေလွှတ်ခဲ့ပြီးနောက် ဘိုလီးဗီးယားစစ်တပ်၏အကြီးအကဲကို ဇွန် ၂၆ ရက်တွင် ဖမ်းဆီးလိုက်သည်ဟုသိရပြီး ယင်းသို့လုပ်ဆောင် ခြင်းသည် အာဏာသိမ်းရန်ကြိုးပမ်းမှုဖြစ်သည်ဟု သမ္မတလူးဝစ်အာ့စ်က ပြောကြားခဲ့သည်။

စစ်သားများနှင့်တင့်ကားများသည် သမ္မရုံးနှင့် ကွန်ဂရက်တို့တည်ရှိသည့် သမိုင်းဝင်ရင်ပြင်ဖြစ်သော ပလာဇာမူရယ်လိုကို ညနေပိုင်းတွင် ဝင်ရောက်လာခဲ့သည်။ ယင်းလုပ်ရပ်သည် ဒီမိုကရေစီကို တိုက်ခိုက်ခြင်းဖြစ် သည်ဟု တစ်ကမ္ဘာလုံး ပြစ်တင်ရှုတ်ချခဲ့သည့် အနေအထားဖြစ်ခဲ့ရသည်။

တင့်ကားတစ်စီးသည် သမ္မတနန်းတော်၏ သတ္တုတံခါးကို ချိုးဖျက်ရန် ကြိုးစားခဲ့သည်။

စစ်သားများနှင့်တင့်ကားများက ဝန်းရံထားပြီး ယခုအခါ ထုတ်ပယ်ခံလိုက်ရပြီဖြစ်သော စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟွန်ဟိုဆေးဇူနီဂါက “စစ်တပ်ဟာ ဒီမိုကရေစီကို ပြန်လည်တည်ဆောက်ဖို့၊ စစ်မှန်တဲ့ ဒီမိုက ရေစီဖြစ်စေဖို့နဲ့ ဒီလူနည်းနည်းလောက်ကပဲ နှစ် ၃၀၊ ၄၀ လောက် အုပ်ချုပ်နေတဲ့ ဒီမိုကရေစီနိုင်ငံမဖြစ်စေဖို့ ရည်ရွယ်ထားပါတယ်”ဟု ပြောကြားခဲ့သည်။

မကြာမီ စစ်သားများနှင့်တင့်ကားများသည် ရင်ပြင်မှ ပြန်ဆုတ်သွားသည်ကို အေ အက်ဖ်ပီသတင်းထောက်များက တွေ့ခဲ့ရသည်ဟု ဆိုသည်။ ပုန်ကန်မှုသည် ငါးနာရီခန့်သာ ကြာမြင့်ခဲ့သည်။

ဇွန် ၂၆ ရက်ညပိုင်းတွင် ဇူနီဂါသည်စစ် တန်းလျားအပြင်ဘက်၌ သတင်းထောက်များကို မိန့်ခွန်းပြောကြားနေစဉ် ဖမ်းဆီးခံရပြီး ရဲကားဖြင့်ခေါ်ဆောင်ခံရသည်ကို အစိုးရရုပ်သံက ပြသခဲ့သည်။

“ဗိုလ်ချုပ်ကြီး ခင်ဗျား၊ ဗိုလ်ချုပ်ကြီးကို ဖမ်းဆီးလိုက်ပါပြီ”ဟု ဒုတိယပြည်ထဲရေးဝန်ကြီး ဂျွန်နီအဂွီလာရာက ဇူနီဂါကို ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အနိုင်ရရှိထားတဲ့ ဒီမိုကရေစီကို ဘယ်သူကမှ ယူသွားလို့မရနိုင်ပါဘူး” ဟု သမ္မတအာ့စ်က ထောက်ခံသူရာပေါင်းများစွာကို အစိုးရနန်းတော်၏လသာဆောင်ပေါ်မှ ပြောကြားခဲ့သည်။

သမ္မတနန်းတော်အတွင်းပိုင်းတွင် ၎င်း၏အစိုးရအဖဲဲွ့ထဲက ဝန်ကြီးများနှင့်အတူ နိုင်ငံကိုရုပ်သံမှပြောကြားသော မိန့်ခွန်းတွင် သမ္မတက “ဘိုလီးဗီးယားပြည်သူတွေဟာ ဒီမိုကရေစီကို လိုလားတဲ့အတွက်အာဏာသိမ်းတာကို ၀ိုင်းဝန်းဆန့်ကျင်ကြပါ”ဟု တိုက်တွန်းပြောကြားခဲ့သည်။

သမ္မတသည် ဗိုလ်ချုပ်ကြီး ဇူနီဂါကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး စစ်တပ်အကြီးအကဲသစ်ကို ခန့်အပ်ခဲ့သည်။

ပုန်ကန်မှုလုပ်ရန် သမ္မတက ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဖမ်းဆီးမခံရမီ ဇူနီဂါက သတင်းထောက်များကို ပြောကြားခဲ့သည်။ ပုန်ကန်မှုကို ဖြိုခွင်းခြင်းက ၎င်း(သမ္မတ)ကို ခိုင်မာအားကောင်းလာစေမည်ဖြစ်ပြီး လူထု ထောက်ခံမှုမြင့်တက်လာစေမည်ဟု သမ္မတကပြောကြားခဲ့သည်ဟု ဇူနီဂါက သတင်း ထောက်များအားပြောကြားခဲ့သည်။

ဇွန် ၂၃ ရက်တွင် ပြုလုပ်ခဲ့သောအစည်းအဝေး၌ တင့်ကားတွေကို မောင်းခိုင်းလာရမလားဟု ဗိုလ်ချုပ်ကြီးဇူနီဂါက သမ္မတအာ့စ်ကို မေးမြန်းသည့်အခါ သမ္မတကတင့်ကားများကို မောင်းလာရမည်ဟု  ဖြေကြားခဲ့သည်ဟု ဆိုသည်။

“အာဏာသိမ်းမှု ဖြစ်ပွားနေပါတယ်။ ဒီမိုကရေစီကို ခုခံကာကွယ်ဖို့ တစ်နိုင်ငံလုံးစည်းစည်းလုံးလုံးရှိဖို့ တိုက်တွန်းပါတယ်”ဟု သမ္မတဟောင်း အီဗိုမိုရေးလ်က ဆိုရှယ်မီဒီယာ X တွင်ရေးသားခဲ့သည်။

နိုင်ငံရေး မတည်ငြိမ်မှုများနှစ်ပေါင်းများစွာဖြစ်ပွားခဲ့ပြီးအာ့စ်ကို ထောက်ခံသူများနှင့် ၎င်း၏ဆရာသမားဟောင်း မိုရေးလ်ကို ထောက်ခံသူများအကြား အတွင်းရေးပဋိပက္ခများက အာဏာရ Movement Towards Socialism(MAS)ပါတီကို စိတ်ဝမ်းကွဲစေခဲ့ပြီးနောက် ဘိုလီးဗီးယားနိုင်ငံသည် အယူဝါဒနှစ်ခြမ်းကွဲနေခဲ့သည်။ သမ္မတဟောင်း မိုရေးလ်သည် လူကြိုက်များသူဖြစ်ခဲ့သည်။

Ref: AFP

Most Read

Most Recent