ကာတာလေကြောင်းလိုင်း၏လေယာဉ် ဒိုဟာမှဒဗ္ဗလင်သို့ပျံသန်းစဉ် တူရကီကောင်းကင်ယံ၌ လေထုမငြိမ်သက်မှုဖြစ်စဉ်နှင့်ကြုံတွေ့ခဲ့သဖြင့် လူ ၁၂ ဦး ဒဏ်ရာရ

ကာတာလေကြောင်းလိုင်း၏လေယာဉ် ဒိုဟာမှဒဗ္ဗလင်သို့ပျံသန်းစဉ် တူရကီကောင်းကင်ယံ၌ လေထုမငြိမ်သက်မှုဖြစ်စဉ်နှင့်ကြုံတွေ့ခဲ့သဖြင့် လူ ၁၂ ဦး ဒဏ်ရာရ
Photo:CNN,AFP,Reuters,Getty Images
Photo:CNN,AFP,Reuters,Getty Images
Published 26 May 2024

ဒိုဟာမြို့မှ ဒဗ္ဗလင်မြို့သို့ပျံသန်းသော ကာတာလေကြောင်းလိုင်းပိုင်လေယာဉ်သည် မေ ၂၆ ရက်တွင် လေထုမတည်ငြိမ်မှု ဖြစ်စဉ်နှင့်ကြုံတွေ့ခဲ့ရပြီးနောက် လူ ၁၂ ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။

ဒေသစံတော်ချိန် မွန်းလွဲတစ်နာရီမထိုးမီ ဒဗ္ဗလင်ကို ဆင်းသက်ခဲ့သော လေယာဉ်ကို လေဆိပ်ရဲတပ်ဖွဲ့၊ မီးသတ်ဌာန၊ ကယ်ဆယ်ရေးဌာနတို့အပါအဝင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက စောင့်ကြိုနေခဲ့သည်။

ယင်းမတော်ဆမှုဖြစ်စဉ်တွင် ခရီးသည် ခြောက်ဦးနှင့် လေယာဉ်အမှုထမ်းခြောက်ဦးတို့ ဒဏ်ရာရသွားခဲ့သည်ဟု ဒဗ္ဗလင်လေဆိပ်၏ ထုတ်ပြန်ချက်အရသိရသည်။ စိစစ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ၎င်းတို့ထဲက ရှစ်ဦးကို ဆေးရုံတင်လိုက်ရသည်ဟု ဆိုသည်။ ကာတာလေကြောင်းလိုင်း၏ ခရီးစဉ်အမှတ် QR 107 ကို ပျံသန်းသော လေယာဉ်သည် တူရကီကောင်းကင်ယံတွင် ပျံသန်းနေခိုက် လေထုမငြိမ်သက်မှုဖြစ်စဉ်ကို ကြုံတွေ့ရခြင်းဖြစ် သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခရီးသည်များနှင့် ဝန်ထမ်းများကို အကူအညီပေးနေသည်ဟု ဒဗ္ဗလင်လေဆိပ်က ထုတ်ပြန်ချက်တွင် ဖော်ပြ ထားပြီး လေဆိပ်လုပ်ငန်းများကို သက်ရောက်မှုမရှိဟု ဆိုသည်။ ယင်းလေယာဉ်၏ ဒိုယာသို့ အပြန်ခရီး စဉ်သည် အချိန်နောက်ကျမည်ဖြစ်သော်လည်း  ပျံသန်းမည်ဟု လေဆိပ်၏ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

CNN သို့ ပေးပို့သော ထုတ်ပြန်ချက်တွင် “လေယာဉ်ဟာ ဒဗ္ဗလင်မှာ ဘေးကင်းစွာ ဆင်းသက်ခဲ့ပါတယ်။ ဒါပေမဲ့ ခရီးသည်နဲ့ အမှုထမ်း အနည်းငယ်ဟာ ခရီးစဉ်အတွင်း အသေးအဖွဲ ဒဏ်ရာတွေရရှိခဲ့ပါတယ်။ အခု သူတို့ဟာ ဆေးကုသမှု ခံယူနေပါတယ်”ဟု ဖော်ပြထားသည်။

“အခုကိစ္စဟာ ဌာနတွင်းစုံစမ်းစစ်ဆေး နေတဲ့ကိစ္စဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ခရီးသည်တွေနဲ့ လေယာဉ် အမှုထမ်းတွေရဲ့ ဘေးကင်းရေးနဲ့ လုံခြုံရေးတို့ဟာ ကျွန်တော်တို့ရဲ့ ဦးစားပေးကိစ္စဖြစ်ပါတယ်” ဟု ထုတ်ပြန် ချက်တွင် ဆက်လက်ဖော်ပြထားသည်။

လန်ဒန်မှ စင်ကာပူသို့ပျံသန်းသော စင်ကာပူလေကြောင်းလိုင်း၏ လေယာဉ်သည်  မေ၂၁ ရက်တွင် မြန်မာ ကောင်းကင်ယံ၌  ပြင်းထန်သော လေထုမငြိမ်သက်မှုဖြစ်စဉ်နှင့် ကြုံတွေ့ခဲ့ရပြီးနောက် ရက်ပိုင်းအတွင်း ကာတာလေကြောင်းလိုင်း၏ လေယာဉ်သည် အလားတူဖြစ်စဉ်ကို ကြုံတွေ့ရခြင်းဖြစ်သည်။     

စင်ကာပူလေကြောင်းလိုင်း၏ လေယာဉ်သည် လျင်မြန်စွာဖြစ်ပေါ်သော မိုးကြိုးမုန်တိုင်းများကို ပက်ပင်းတိုးခဲ့ ခြင်း ဖြစ်ပုံရသည်ဟု CNN က ယခင်က သတင်းဖော်ပြခဲ့သည်။  ယင်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေသည်ဟု စင်ကာပူလေကြောင်းလိုင်းက ပြောကြားခဲ့သည်။ ကာတာလေကြောင်းလိုင်း၏ လေယာဉ်သည် မည်သည့် လေထုမငြိမ်သက်မှု ဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရသလဲဆိုသည်ကို မသိရသေးဟု ဆိုသည်။

Ref:CNN