နယ်သတ်မျဉ်းတစ်လျှောက်တွင် စစ်ရေးလှုပ်ရှားမှုအားလုံးကို ပြန်လည်စတင်မည်ဟု တောင်ကိုရီးယား ပြောကြား

နယ်သတ်မျဉ်းတစ်လျှောက်တွင် စစ်ရေးလှုပ်ရှားမှုအားလုံးကို ပြန်လည်စတင်မည်ဟု တောင်ကိုရီးယား ပြောကြား
၂၀၂၀ ခုနှစ် ဇွန် ၁၇ ရက်က ကိုရီးယားနှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်အနီး၊ တောင်ကိုရီးယားကင်းစခန်းတစ်ခု၌ လုံခြုံရေးတာဝန်ယူနေသည့် တောင်ကိုရီးယားစစ်သားများကို တွေ့ရစဉ်(Photo: Reuters)
၂၀၂၀ ခုနှစ် ဇွန် ၁၇ ရက်က ကိုရီးယားနှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်အနီး၊ တောင်ကိုရီးယားကင်းစခန်းတစ်ခု၌ လုံခြုံရေးတာဝန်ယူနေသည့် တောင်ကိုရီးယားစစ်သားများကို တွေ့ရစဉ်(Photo: Reuters)
Published 4 June 2024

ကိုရီးယားနှစ်နိုင်ငံ စစ်ရေးသဘောတူညီချက်ကို ရပ်ဆိုင်းလိုက်ပြီးနောက် နှစ်နိုင်ငံ နယ်သတ်မျဉ်းတစ်လျှောက်တွင် စစ်ရေးလှုပ်ရှားမှုအားလုံးကို ပြန်လည်စတင်မည်ဟု တောင်ကိုရီးယားစစ်တပ်က ဇွန် ၄ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် မြောက်ကိုရီးယားက အမှိုက်များထည့်ထားသည့် မိုးပျံပူဖောင်းများအား တောင်ကိုရီးယားဘက်သို့ပစ်လွှတ်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် မြောက်ကိုရီးယားနှင့် စစ်ရေးသဘောတူညီ ချက်ကို အလုံးစုံရပ်ဆိုင်းကြောင်း တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုက ဇွန် ၄ ရက် အစောပိုင်းတွင် အတည်ပြုခဲ့သည်။

“တောင်ကိုရီးယားစစ်တပ်ဟာ မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကိုတုံ့ပြန်ပြီးလူထုရဲ့ဘေးကင်းလုံခြုံမှုနဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တဲ့ အစီအမံအားလုံးကို လုပ်ဆောင်သွားမယ်” ဟု တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက အရေးပေါ်အစည်းအဝေး၌ ပြောကြားခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနွေးထွေးလာသည့် ၂၀၁၈ ခုနှစ်က တင်းမာမှုများလျှော့ချရန် ကိုရီးယားနှစ်နိုင်ငံက ယင်းသဘောတူညီချက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ သို့သော် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် မြောက်ကိုရီးယား၏ စစ်ဘက်သုံးထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်မှုကိုတုံ့ ပြန်သည့်အနေဖြင့် တောင်ကိုရီးယားက ၎င်းသဘောတူညီချက်ကို တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းခဲ့သည့်အတွက် ယင်းသဘောတူညီချက်သည် ပျက်ပြယ်လုနီးနီးဖြစ်ခဲ့သည်။ မြောက်ကိုရီးယားကလည်းနယ်စပ်အနီးရှိ ကင်းစခန်းများတွင် တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ခဲ့သည်။

သို့သော် သဘောတူညီချက် တစ်စိတ်တစ်ပိုင်းကိုပင် လေးစားလိုက်နာခြင်းသည် မြောက်ကိုရီးယား၏ ရန်စမှုများကို ကာကွယ်နိုင်စွမ်းအား အဟန့်အတားဖြစ်စေမည်ဟု တောင်ကိုရီးယား၏လုံခြုံရေးဆိုင်ရာ တာဝန် ရှိသူများက ဆိုသည်။

ပြီးခဲ့သည့်သီတင်းပတ်က မြောက်ကိုရီးယားသည် စီးကရက်တိုများနှင့် မြေဆွေးများအပါအဝင် အမှိုက်များကို သယ်ဆောင်သွားသည့် အရေအတွက် တစ်ထောင်နီးပါးရှိသည့် မိုးပျံပူဖောင်းများကို တောင်ကိုရီးယားဘက်သို့ ပစ်လွှတ်ခဲ့သည်။

ယင်းသည် တောင်ကိုရီးယားရှိ တက်ကြွလှုပ်ရှားသူများ၏ အစီအစဉ်ဖြင့် မြောက်ကိုရီးယားအစိုးရဆန့်ကျင်ရေး ၀ါဒဖြန့်သည့် စာများကြဲချမှုကို လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောဆိုထားသည်။

၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၉ ရက် စစ်ရေးသဘောတူညီချက်ကို ရပ်ဆိုင်းမည့် အဆိုပြုချက်အား တောင်ကိုရီးယားသမ္မတယွန်းဆော့ယိုက အတည်ပြုလိုက်ပြီဟု သမ္မတရုံးက ဇွန် ၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယင်းအဆိုပြုချက်ကို တောင်ကိုရီးယားအစိုးရအဖွဲ့က အတည်ပြုထားပြီးဖြစ်သည်။

သမ္မတက အတည်ပြုလိုက်သည့်အတွက် ၎င်းသဘောတူညီချက်အား ရပ်ဆိုင်းမှုသည် ချက်ချင်းအသက်ဝင်လာခဲ့သည်။

ထို့အတွက်ကြောင့် တောင်ကိုရီးယားအနေဖြင့် မြောက်ကိုရီးယားနှင့် နယ်စပ်တစ်လျှောက်တွင် ကျည်အစစ်သုံးသည့် ပစ်ခတ်လေ့ကျင့်မှုများ ပြန်လည်စတင်ခြင်းနှင့် အသံချဲ့စက်ဖြင့် ၀ါဒဖြန့်ပြောဆိုခြင်းတို့ကို ပြန်လည်လုပ်ဆောင်နိုင်မည်ဖြစ်သည်။

၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲကာလကတည်းက မြောက်ကိုရီးယား၏ ဆိုးဆိုးရွားရွား ရန်စမှုဟုယူဆသော လုပ်ရပ်များကိုတန်ပြန်ရာတွင် စိတ်ဓာတ်စစ်ဆင်ရေး နည်းပရိယာယ်တစ်ခုအဖြစ် တောင်ကိုရီးယားက အ သံချဲ့စက်များ အသုံးပြု၍ ၀ါဒဖြန့်လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်။

တောင်ကိုရီးယား၏ အသံချဲ့စက်ဖြင့် စည်းရုံးလှုံ့ဆော်သည့် အစီအစဉ်တွင် ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသည့် နယ်စပ်စစ်မဲ့ဇုန်အနီး ဒေသများတွင် ကေပေါ့သီချင်းများဖွင့်ခြင်းမှသည် မြောက်ကိုရီးယားအစိုးရ ဆန့်ကျင်ရေးဝါဒဖြန့်မှုများအထိ အကြောင်းအရာအမျိုးမျိုး ပါဝင်သည်။

Ref: Reuters

Most Read

Most Recent