ပွဲချိန်အတွင်း ပယ်နယ်တီလွဲချော်မှုအတွက် ပရိသတ်များကို ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒို ပြန်လည်တောင်းပန်

ပွဲချိန်အတွင်း ပယ်နယ်တီလွဲချော်မှုအတွက် ပရိသတ်များကို ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒို ပြန်လည်တောင်းပန်
Photo: AFP
Photo: AFP
Published 3 July 2024

 

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုက ဆလိုဗေးနီးယားအသင်းနှင့် ကစားခဲ့သည့် ယူရို-၂၀၂၄ ပြိုင်ပွဲ ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ် သာမန်ပွဲချိန်အတွင်း ပယ်နယ်တီလွဲချော်မှုအတွက် ပြန်လည်တောင်းပန်ခဲ့သည်။ 

ပေါ်တူဂီနှင့် ဆလိုဗေးနီးယားအသင်းသည် ပုံမှန်ပွဲကစားချိန် မိနစ် ၉၀ အတွင်း ဂိုးမရှိသရေကျနေသဖြင့် အချိန်ပိုဆက်ကစားရာတွင်  ပေါ်တူဂီအသင်း ပယ်နယ်တီရသော်လည်း ၁၀၅ မိနစ်၌ စီရော်နယ်လ်ဒို ၏ကန်သွင်းမှုကို ဆလိုဗေးနီးယားဂိုးသမား အိုဘလက်ခ်က ကာကွယ်ခဲ့ခြင်းဖြစ်သည်။ 

"ဒီယူရိုပြိုင်ပွဲက ကျွန်တော့်ရဲ့နောက်ဆုံးယှဉ်ပြိုင်မှု ဖြစ်ပါလိမ့်မယ်။ ဒါက သေချာပါတယ်။ ဒါပေမဲ့ ကျွန်တော် ဒီလိုပုံစံမျိုးနဲ့ မသွားချင်ဘူး။ စိတ်အားထက်သန်မှုနဲ့ပဲ သွားချင်ပါတယ်။ ပရိသတ်တွေကို ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် ပယ်နယ်တီ ဂိုးဝင်၊ မဝင် ဒီအသင်းဂျာစီအတွက် အကောင်းဆုံးတွေပဲ ထာဝရ ပေးဆပ်သွားမှာပါ။ ကျွန်တော့်ကစားသမားဘဝတစ်ခုလုံးလည်း ဒီလိုပုံစံပဲ လုပ်ခဲ့ပါတယ်။ တာဝန်ယူမှုတော့ ရှိရပါမယ်"ဟု စီရော်နယ်လ်ဒိုက ပြောကြားခဲ့သည်။ 

စီရော်နယ်လ်ဒိုသည် ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းမှုတွင် ပထမဆုံးပယ်နယ်တီကို ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့သည်။ ၎င်းအနေဖြင့် မေဂျာပြိုင်ပွဲတိုင်းတွင် ဂိုးသွင်းယူထားပြီး ယခုအခါ ကစားသမားသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် သွင်းဂိုးမဲ့ မေဂျာပြိုင်ပွဲအဖြစ် မှတ်တမ်းဆိုးကို ပိုင်ဆိုင်ရရန် နီးစပ်လျက်ရှိသည်။

စီရော်နယ်လ်ဒို၏ ယူရိုမှတ်တမ်းဆိုးများတွင် ယူရို-၁၉၈၀ ပြိုင်ပွဲကတည်းက ပြိုင်ဘက်ကစားသမားထက် Direct Free Kick ကန်သွင်းခွင့် နှစ်ဆကျော်ရရှိသော်လည်း ဂိုးမဝင်မှု၊ ယခုယူရိုပြိုင်ပွဲတွင် ဂိုးကန်သွင်းခွင့် အများဆုံးဖြင့် ဂိုးရရှိသေးမှု၊ မေဂျာပြိုင်ပွဲများတွင် အကြာဆုံးသွင်းဂိုးပျောက်ဆုံးနေမှု၊ ယူရို သို့မဟုတ် ကမ္ဘာ့ဖလားပွဲစဉ် နောက်ဆုံး ရှစ်ပွဲတွင် ဂိုးပေါက်ပျောက်ဆုံးမှု၊ ပြိုင်ပွဲစုံ နောက်ဆုံး ပယ်နယ်တီ ၂၄ ကြိမ်တွင် ဂိုးသွင်းထားသော်လည်း ယူရိုပြိုင်ပွဲတွင် ပယ်နယ်တီအဆုံး အဖြတ်အပါအဝင် ပယ်နယ်တီ ခုနစ်ကြိမ်တွင် ငါးကြိမ်သာ ဂိုးဝင်ပြီး နှစ်ကြိမ် လွဲချော်မှု၊ မေဂျာပြိုင်ပွဲများတွင် ကစားသမားသက်တမ်းတစ်လျှောက် အုပ်စုအဆင့်၌ ပထမဆုံးအကြိမ် ဂိုးပျောက်ဆုံးခဲ့မှုများ ပါဝင်လျက်ရှိသည်။

Most Read

Most Recent