ဂျပန်တောင်ပိုင်းသို့ အားကောင်းသော တိုင်ဖွန်းမုန်တိုင်း ရှန်ရှန် ဝင်ရောက်တိုက်ခတ်

ဂျပန်တောင်ပိုင်းသို့ အားကောင်းသော တိုင်ဖွန်းမုန်တိုင်း ရှန်ရှန် ဝင်ရောက်တိုက်ခတ်
သြဂုတ် ၂၉ ရက်က အိုအိတ စီရင်စုတွင် တိုင်ဖွန်းမုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်ခဲ့သည့်အတွက် သစ်ပင်ပြိုလဲနေပုံကို တွေ့ရစဉ်(Photo: AFP)
သြဂုတ် ၂၉ ရက်က အိုအိတ စီရင်စုတွင် တိုင်ဖွန်းမုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်ခဲ့သည့်အတွက် သစ်ပင်ပြိုလဲနေပုံကို တွေ့ရစဉ်(Photo: AFP)
Published 29 August 2024

သြဂုတ် ၂၉ ရက်က ဂျပန်နိုင်ငံ၏တောင်ပိုင်းဒေသ အနှံ့အပြားတွင် တိုင်ဖွန်းမုန်တိုင်း ရှန်ရှန် ဝင်ရောက်တိုက်ခတ်မှုကြောင့် ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သော ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားနိုင်ကြောင်း အာဏာပိုင်များက သတိပေးထားသည်။

အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် ဆယ်စုနှစ်များအတွင်း ဂျပန်နိုင်ငံသို့ ဝင်ရောက်ခဲ့သည့် အင်အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်းများထဲတွင် ပါဝင်သည်။ 

တိုင်ဖွန်းမုန်တိုင်း ရှန်ရှန်သည် သြဂုတ် ၂၉ ရက် အစောပိုင်းက ဂျပန်နိုင်ငံတောင်ပိုင်း ရှိ ကျူရှုကျွန်းမကြီးဆီသို့ အရှိန်ပြင်းပြင်း ဝင်ရောက်ခဲ့ကာ တစ်နာရီ လေပြင်းတိုက်ခတ်နှုန်းမှာ ၂၅၂ ကီလိုမီတာ (၁၅၇ မိုင်)အထိရှိ သည့်အတွက် ယခုနှစ်အတွင်း အင်အားအပြင်းဆုံးမုန်တိုင်း ဖြစ်လာခဲ့ပြီး ၁၉၆၀ ပြည့်နှစ် နောက်ပိုင်း အပြင်းထန်ဆုံး မြေပြိုမှုလည်း ဖြစ်ပွားခဲ့သည်။

မြေပြိုမှု ဖြစ်ပွားပြီးနောက် လေပြင်းတိုက်ခတ်မှုသည် တစ်နာရီလျှင် ၁၉၈ ကီလိုမီတာသို့ ကျဆင်းသွားခဲ့သည်။

သြဂုတ်  ၂၇ ရက် ညပိုင်းက အဆိုပါဒေသသို့ တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာစဉ်အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် မြေပြိုမှု ဖြစ်ပွားခဲ့သဖြင့် လူသုံးဦး သေဆုံးခဲ့သည်။

အာဏာပိုင်များက သိန်းနှင့်ချီသည့်ဒေသခံများကို ဘေးလွတ်ရာရွှေ့ပြောင်းကြရန် အကြံပြုထားပြီး အမြင့်ဆုံး သတိပေးချက်များ ထုတ်ပြန်ထားသည်။

ကမ်းရိုးတန်းဒေသ မြို့ဖြစ်သည့် မိယာဇာခိတွင် အဆောက်အအုံ ၂၀၀ နီးပါး ပျက်စီးခဲ့ကာ အပျက်အစီးများ ပြန့်ကျဲလျက်ရှိပြီး လေဆင်နှာမောင်းဒဏ်ကြောင့့်အပါအဝင် ဒဏ်ရာရသူ ၂၅ ဦး ရှိခဲ့ကြောင်း သိရသည်။

ကျူရှုဒေသ၌ လူ ၅၉ ဦး ဒဏ်ရာရခဲ့ပြီး ကာဂိုရှီးမား စီရင်စုအနီးတွင် အမျိုးသားတစ်ဦး ပျောက်ဆုံးလျက်ရှိသည်။

မိယာဇာခိမြို့တွင် နေထိုင်သော မိသားစုအတွက် စိုးရိမ်နေသည့် အသက် ၁၈ နှစ်အရွယ် အအိုအိ နိရှိမိုတိုက ဖုန်းဆက်၍ အခြေအနေအား မေးမြန်းခဲ့ရာ ၎င်းတို့၏နေအိမ်အကောင်းပကတိ ရှိနေသော်လည်း လေဆင် နှာမောင်းတိုက်ခတ်ခဲ့သည့်အတွက် နေရာအချို့တွင် ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း AFP သတင်းဌာနအား ပြောကြားခဲ့သည်။

ကျူရှုကျွန်း၏ လျှပ်စစ်ဓာတ်အားပေးဝေရေးကုမ္ပဏီ၏ အဆိုအရ ကျူရှုကျွန်းမကြီး၏ အခြားနေရာများတွင် အိမ်ခြေ ၂၃၅,၇၆၀ ဓာတ်အားပြတ်နေကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းသည် ဖြည်းညင်းစွာရွေ့လျားလျက်ရှိသည့်အတွက် အများအားဖြင့် မိုးပိုမိုရွာသွန်းနိုင်သည့် လက္ခဏာရှိကာ ဂျပန်နိုင်ငံ၏ ဟွန်ရှုကျွန်းမကြီးနှင့် အိုဆာကာ၊ နာဂိုယာ မြို့များသို့ ဖြည်းဖြည်းချင်း ဦး တည်ဖွယ်ရှိသော်လည်း လမ်းကြောင်းပြောင်းနိုင်ခြေရှိကြောင်း မိုးလေဝသဌာနက ခန့်မှန်း ထားသည်။

မိုးသည်းထန်ခြင်းကြောင့် သြဂုတ် ၃၀ ရက်၌ ဂျပန်နိုင်ငံ အနောက်ပိုင်းတွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ခြေလျင်လျင်မြန်မြန် မြင့်တက်လာနိုင်ကြောင်း ဂျပန်မိုးလေဝသဌာနက သတိပေးထားသည်။

ကာဂိုရှီးမား စီရင်စုတွင်လည်း မုန်တိုင်းထန်ခြင်း၊ လှိုင်းကြီးခြင်းနှင့် ဒီရေမြင့်တက်နိုင်ခြင်းတို့အတွက် ဂျပန်မိုးလေဝသဌာနက အထူးသတိပေးချက်များ ထုတ်ပြန်ထားသည်။

“ကာဂိုရှီးမား စီရင်စုမှာ မုန်တိုင်းထန်ခြင်း၊ လှိုင်းကြီးခြင်းနဲ့ ဒီရေတက်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ဂျပန်တောင်ပိုင်းက ကျူရှုကျွန်းရဲ့မြေနိမ့်ပိုင်းဒေသတွေမှာ မြေပြိုခြင်း၊ ရေကြီးခြင်းနဲ့ မြစ်ရေလျှံခြင်းတို့ ဖြစ်ပေါ်နိုင်တဲ့အတွက် အစွမ်းကုန်သတိရှိရှိနေကြဖို့ တိုက်တွန်းပါတယ်” ဟု ဂျပန်မိုးလေဝသဌာန(JMA)က ထုတ်ပြန်ခဲ့သည်။

ကျူရှုကျွန်း တောင်ပိုင်းတွင် ၄၈ နာရီအတွင်း မိုးရေချိန် ၁,၁၀၀ မီလီမီတာ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။     

Ref: AFP

Most Read

Most Recent