ဟစ်ဇဘိုလာအဖွဲ့နှင့် လိပ်ခဲတည်းလည်း ဖြစ်ပေါ်နေမှုကို သံတမန်နည်းလမ်းအရဖြေရှင်းရန် အချိန်ကုန်ဆုံးသွားပြီဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး ပြောကြား

ဟစ်ဇဘိုလာအဖွဲ့နှင့် လိပ်ခဲတည်းလည်း ဖြစ်ပေါ်နေမှုကို သံတမန်နည်းလမ်းအရဖြေရှင်းရန် အချိန်ကုန်ဆုံးသွားပြီဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး ပြောကြား
အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်ဘနွန်နိုင်ငံရှိ ကျေးရွာတစ်ရွာမှ မီးခိုးလုံးများတက်လာပုံကို စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ်(Photo: AFP)
အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်ဘနွန်နိုင်ငံရှိ ကျေးရွာတစ်ရွာမှ မီးခိုးလုံးများတက်လာပုံကို စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ်(Photo: AFP)
Published 17 September 2024

လက်ဘနွန်တောင်ပိုင်းရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာအဖွဲ့နှင့် လိပ်ခဲတည်းလည်း အခြေအနေကို သံတမန်နည်းလမ်းအရ ဖြေရှင်းရန်အခွင့်အလမ်း မရှိတော့ကြောင်း စက်တင်ဘာ ၁၆ ရက်က အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နှင့် တွေ့ဆုံစဉ် အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂါးလန့်က ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်နှင့် ဟစ်ဇဘိုလာ လက်နက်ကိုင်တပ်ဖွဲ့အကြား ဒုံးကျည်များဖြင့် လအတန်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် မြောက်ပိုင်းနယ်စပ် အကျပ်အတည်းနှင့် စပ်လျဉ်း၍ ဆွေးနွေးရန် အိမ်ဖြူတော် အထူးသံတမန်အာမော့စ် ဟော့ချ်စတိန်း အစ္စရေးသို့ ရောက်ရှိနေချိန်တွင် အစ္စရေးကာကွယ်ရေးဝန်ကြီး၏ မှတ်ချက်စကား ပေါ်ထွက်လာခြင်းဖြစ်သည်။

“မြောက်ပိုင်းနယ်စပ်မှာ သဘောတူညီချက်မူဘောင်တစ်ခုရနိုင်မယ့် အလားအလာက ပျောက်ကွယ်သွားပါပြီ” ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး အော်စတင်နှင့် တယ်လီဖုန်းပြောကြားစဉ် ဂါးလန့်က ပြောကြားခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“ဟစ်ဇဘိုလာအဖွဲ့က ဂါဇာဒေသရှိဟားမာ့စ် လက်နက်ကိုင်အဖွဲ့နဲ့ ဆက်လက်ပူးပေါင်းနေသရွေ့ အဲဒီအလားအလာအတိုင်း ရှင်းရှင်းလင်းလင်းရှိနေဦးမှာဖြစ်တယ်”ဟုလည်း ယိုအက်ဗ်က ဆိုသည်။ ဂါဇာဒေသ၌ အစ္စရေးစစ်တပ်က စစ်ဆင်ရေးလုပ်ဆောင်နေသည်မှာ တစ်နှစ်နီးပါးကြာမြင့်နေပြီဖြစ်သည်။

ထိုအကျပ်အတည်းမှ ရုန်းထွက်နိုင်မည့်သံတမန်ရေး လမ်းကြောင်းတစ်ခုအားရှာဖွေရန် ကြိုးပမ်းနေခိုက် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုနှင့် တွေ့ဆုံမည့် အမေရိကန် အထူးသံတမန်၏ ခရီးစဉ်ပေါ်ပေါက် လာခြင်းဖြစ်သည်။  အဆိုပါအကျပ်အတည်းကြောင့် နယ်စပ်တစ်ဖက်တစ်ချက်ရှိ ဒေသခံသောင်းနှင့်ချီ အိုးအိမ်စွန့်ခွာခဲ့ရသည်။

အစ္စရေးစစ်တပ်၏ မြောက်ပိုင်းစစ်ဌာနချုပ် အကြီးအကဲက လက်ဘနွန်တောင်ပိုင်း၌ ကြားခံနယ်မြေတစ်ခု ဖန်တီးမည့် အစီအစဉ်အား လျင်လျင်မြန်မြန် ဖော်ဆောင်ရန်အကြံပြုထားကြောင်း အစ္စရေးမီဒီယာက စက်တင် ဘာ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။

ဟားမာ့စ်လက်နက်ကိုင်အဖွဲ့၏ ယမန်နှစ်အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအပြီးတွင် အစ္စရေးက ဂါဇာဒေသ၌ စစ်ပွဲဆင်နွှဲခြင်းကို အဓိကအာရုံစိုက် လုပ်ဆောင်လျက်ရှိစဉ် အစ္စရေးမြောက်ပိုင်း၌ မရေရာသော အခြေ အနေများက အမေရိကန်နှင့် အီရန်တို့ပါ ပါဝင်လာနိုင်သည့် ဒေသတွင်းစစ်ပွဲအသွင် ရောက်ရှိလာမည့်အပေါ် စိုးရိမ်မှုများကို ပိုမိုမြင့်တက်စေခဲ့သည်။

အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအပြီး နောက်တစ်နေ့တွင် ဟစ်ဇဘိုလာအဖွဲ့က အစ္စရေးအား ဒုံးကျည်များဖြင့် တရစပ်ပစ်ခတ်ကာ ယင်းပဋိပက္ခ၏ အဆင့်သစ်ကိုဖွင့်လှစ်ခဲ့ပြီးနောက် ဒုံးကျည်များ၊ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုများ နေ့စဉ်ဖြစ်ပွားခဲ့ကာ အစ္စရေးတိုက်လေယာဉ်များက လက်ဘနွန်နယ်နိမိတ်ထဲအထိ နက်နက်ရှိုင်းရှိုင်းဝင်ရောက်ကာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ဟစ်ဇဘိုလာအဖွဲ့က လတ်တလောတွင် စစ်ဘောင်ပိုမိုကျယ်ပြန့်လာအောင် လုပ်ဆောင်မည်မဟုတ်ဟု ပြောဆိုထားသော်လည်း အစ္စရေးဘက်က တိုက်ခိုက်လာလျှင် လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဟုပြောဆို ထားသည်။                                    

Ref: AFP

Most Read

Most Recent