တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ရန် မိုး/ဇလ ထုတ်ပြန်

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ရန် မိုး/ဇလ ထုတ်ပြန်
Published 17 September 2024

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့်မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ရန် မိုး/ဇလမှ ယနေ့ (စက်တင်ဘာ ၁၇ ရက်)တွင် ထုတ်ပြန်သည်။

ယနေ့ (စက်တင်ဘာ ၁၇ ရက်) မြန်မာစံတော်ချိန် ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာနိုင်ကာ စက်တင်ဘာ ၂၀ ရက်တွင် ဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းဒေသများသို့ ဖြတ်ကျော်ပြီး စက်တင်ဘာ ၂၁ ရက်တွင် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများသို့ စတင်ဖြတ်ကျော် ရောက်ရှိလာနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။

အဆိုပါ အပူပိုင်းမုန်တိုင်းငယ်၏ အကြွင်းအကျန် တိမ်တိုက်များနှင့် လေပွေလှိုင်းသည် မြန်မာနိုင်ငံသို့ ဖြတ်ကျော်ပြီးနောက် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ်သို့ ပြန်လည်အစပျိုးအားကောင်းလာနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။

အဆိုပါ ဖြတ်ကျော်လာနိုင်သည့် လေပွေလှိုင်း၏အရှိန်ကြောင့် စက်တင်ဘာ ၂၁ ရက်မှ ၂၅ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်းများ၊ နေရာကွက်၍ မိုးကြီးခြင်းများ၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း နှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့်  ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်း ပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုး/ဇလမှ သတိပေးနှိုးဆော်ထားသည်။

 

Most Read

Most Recent