အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် ဘော့ဆွာနာနိုင်ငံသား တီဘိုဂို ဗိုလ်စွဲပြီး ရေပန်းစားနေသူ နိုအာလိုင်းစ် COVID ရောဂါဖြစ်နေသောကြောင့် တတိယသာရရှိ

အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် ဘော့ဆွာနာနိုင်ငံသား တီဘိုဂို ဗိုလ်စွဲပြီး ရေပန်းစားနေသူ နိုအာလိုင်းစ် COVID ရောဂါဖြစ်နေသောကြောင့် တတိယသာရရှိ
Photo: AFP
Photo: AFP
Published 10 August 2024

 

ပါရီအိုလံပစ် အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် ဘော့ဆွာနာနိုင်ငံသား လက်ဆီလီတီဘိုဂို အနိုင်ရဗိုလ်စွဲပြီး ရေပန်းစားနေသူ အမေရိကန်နိုင်ငံသား နိုအာလိုင်းစ် မှာမူ COVID-19 ရောဂါဖြစ်ပွားနေသောကြောင့် တတိယသာရရှိခဲ့ကြောင်း သိရသည်။

မီတာ ၂၀၀ ပြိုင်ပွဲ ဗိုလ်လုပွဲ၏ တာအထွက်မှာပင် တီဘိုဂိုက အမြန်ဆုံးစတင်နိုင်ခဲ့သော်လည်း အမေရိကန်နိုင်ငံသား ကန်းနက်ဘက်နာရက်က ပြန်လည်ကျော်ဖြတ်၍ ဦးဆောင်နိုင်ခဲ့သည်။ လိုင်းစ်အနေဖြင့် ၎င်းတို့ကိုကျော် ဖြတ်၍ အနိုင်ရမည်ဟု မျှော်မှန်းထားသော်လည်း စတုတ္ထနေရာရောက်မသွားရန်ပင် ရုန်းကန်ခဲ့ရသည်။

ပြိုင်ပွဲအပြီးတွင် တီဘိုဂိုက ၁၉ ဒသမ ၄၆ စက္ကန့်ဖြင့် ပန်းဝင်ကာ ရွှေတံဆိပ်ဆွတ်ခူးရရှိပြီး ဘက်နာရက်က ၁၉ ဒသမ ၆၂ စက္ကန့် ဖြင့် ငွေတံဆိပ်၊ လိုင်းစ်က ၁၉ ဒသမ ၇၀ စက္ကန့်ဖြင့် ကြေးတံဆိပ်ရရှိခဲ့သည်။ အသက် ၂၁ နှစ်သာရှိသေးသူ တီဘိုဂိုအနေဖြင့် အိုလံပစ် မီတာ ၂၀၀ ပြိုင်ပွဲ၌ ရွှေတံဆိပ်ရရှိသည့် ပထမဆုံး အာဖရိကတာတိုအပြေးသမားဖြစ်လာသလို ဘော့ဆွာနာနိုင်ငံအတွက်လည်း ပထမဆုံး အိုလံပစ်ရွှေတံဆိပ်ဆု ရယူပေးနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထို့ပြင် ၎င်းပန်းဝင်ခဲ့သည့်စံချိန်မှာ အာဖရိကစံချိန်သစ် ဖြစ်ကြောင်း သိရသည်။

တီဘိုဂိုက အိုလံပစ်ရွှေတံဆိပ်ဆုကို ပြီးခဲ့သည့်မေလအတွင်း ကွယ်လွန်သွားသည့် ၎င်း၏မိခင်ဖြစ်သူ အဲလိဇဘက်ဆာတီဝါအတွက် ရည်ရွယ်ကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။ တီဘိုဂိုသည် မိခင်ဖြစ်သူ၏ မွေးနေ့ကို ဖိနပ်တွင် ရေးထိုးထားသလို ၎င်း၏ နာမည်ကိုလည်း လက်သည်းတွင် ရေးဆွဲထားကြောင်း သိရသည်။

"အမေက ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး လူတစ်ယောက်ဖြစ်နိုင်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ကိုယ့်ဘာသာ သံသယတွေအများကြီးရှိပေမဲ့ အမေကတော့ ကျွန်တော်ကို ယုံကြည်လို့ပါ" ဟု တီဘိုဂိုက ပြောကြားခဲ့သည်။

မီတာ ၁၀၀ ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိထားသည့် လိုင်းစ်မှာမူ ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲ မီတာ ၁၀၀ နှင့် ၂၀၀ ပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့သည့် ယူစိန်ဘော့နောက်ပိုင်း ယင်းကဲ့သို့ ပထမဆုံး စွမ်းဆောင်နိုင်သူ ဖြစ်လာနိုင်မည့် အခွင့်အရေး လက်လွှတ်ခဲ့ရပြီး COVID-19 ရောဂါတွေ့ရှိရသဖြင့် ပွဲအပြီးတွင် ဘီးတပ်ကုလားထိုင်ဖြင့် ထွက်သွားခဲ့ရသည်။

 

Most Read

Most Recent