ယခုနှစ်အတွင်း စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့သို့ တိုင်ကြားသည့် အမှုပေါင်း ၄၅ မှုရှိ

ယခုနှစ်အတွင်း စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့သို့ တိုင်ကြားသည့် အမှုပေါင်း ၄၅ မှုရှိ
Published 30 October 2017

ယခုနှစ်အတွင်း စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့သို့ တိုင်ကြားလာသည့် အမှုပေါင်း ၄၅ မှု ရှိ ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူး၏ ပြောကြားချက်အရ သိရသည်။

စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေး အဖွဲ့သို့ တိုင်ကြားမှုအခြေအနေအရ ၂၀၁၇ ခုနှစ်အတွင်း လက်ရှိအထိ တိုင်ကြားမှု စုစုပေါင်း ၄၅ မှုရှိ ပြီ ဖြစ်ကြောင်းနှင့် ၂၀၁၆ ခုနှစ် တစ်နှစ်တာအတွင်း တိုင်ကြားမှုပေါင်း ၄၆ မှုရှိခဲ့ကြောင်း၊ ယခင်ကတိုင်ကြားလာသည့် အမှုများအနက် အများစုမှာ စားသောက်ကုန်များ၏ အရည်အသွေးနှင့် ပတ်သက်သော တိုင်ကြားမှုများဖြစ်ကြောင်း သိရသည်။

“တိုင်ကြားစာတွေအရ အရင်ကတော့ အစားအသောက်တွေပဲများတယ်။ ဘာလို့လဲဆိုတော့ စားသုံးသူ ကာကွယ်ရေးဆိုတော့လည်း အစားအသောက်ကိုပဲ ပြေးမြင်ကြလို့ပါ။ တကယ်က ကုန်စည်တွေရော၊ ဝန်ဆောင်မှုတွေရော ပါပါတယ်။ အဓိကက မြန်မာနိုင်ငံမှာ ဝန်ဆောင်မှုကဏ္ဍမှာ လစ်ဟာနေတဲ့အတွက် စားသုံးသူရေးရာဌာနက ဝန်ဆောင်မှုနဲ့ ပတ်သက်လို့ စားသုံးသူတွေစိတ်ကျေနပ်မှု မဖြစ်ရင်၊ နစ်နာတယ်ထင်ရင် တိုင်ကြားတာတွေ ဖြေရှင်းပေးတယ်။ ဥပမာ ပစ္စည်းတစ်ခုကို အာမခံပေးတာမျိုးပေါ့။ ရောင်းတုန်းကတော့ ဘယ်လို ဆောင်ရွက်ပေးမယ်။ ဘာညာပြောပြီး တကယ်လက်တွေ့မှာ မဟုတ်ဘူးဆိုရင် ကျွန်တော်တို့ဆီမှာ တိုင်ကြားလို့ရတယ်။ ဥပဒေအရ အရေးယူလို့ရပါတယ်။ အခု နောက်ပိုင်းမှာ ဝန်ဆောင်မှုအပိုင်းတွေကို မကျေနပ်လို့ တိုင်တာတွေများလာတယ်။ ဥပမာ ခရီးသွားတယ်။ မူလ သူ့မှာပါတဲ့ ကြေညာထားတဲ့ ဝန်ဆောင်မှုက တစ်မျိုး၊ လက်တွေ့ ကိုယ်သွားတဲ့အခါမှာ ဝန်ဆောင်မှုက ပြောင်းသွားတာမျိုးတွေပေါ့။ ကားအသစ်ဆိုပြီးပြောတယ် ပို့တော့ အဟောင်းနဲ့ ပို့တာမျိုးတွေပေါ့။ ကျွန်တော်တို့ဌာနကို တိုင်ကြားလာလို့ရှိရင် ဖြေရှင်းပေးတာကျတော့ ၂၀၁၄ ခုနှစ် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေအရဖြေရှင်းပေးပါတယ်။ တိုင်ကြားမှု ခိုင်လုံတယ်ဆိုရင် သတိပေးတာ၊ ပြင်းထန်စွာ သတိပေးတာ၊ ပြန်လည်ပေးလျော်ခိုင်းတာ၊ လုပ်ငန်းကိုခေတ္တရပ်ဆိုင်းတာ၊ နောက်တစ်ခု အမြဲတမ်းရပ်ဆိုင်းဖို့လိုတယ်။ ဆိုရင် သက်ဆိုင်ရာဌာနနဲ့ ညှိနှိုင်း လုပ်ဆောင်တာမျိုးတွေလည်း ရှိပါတယ်” ဟု ဦးဆွေတင့်ကြူးက ပြောကြားသည်။

၂၀၁၆ ခုနှစ်အတွင်း တိုင်ကြားခဲ့သည့် အမှုများအနက် အရေးယူ ဆောင်ရွက်မှုအနေဖြင့် အရေးယူ ဆောင်ရွက်မှုပေါင်း ၂၃ မှုနှင့် စေ့စပ်ညှိနှိုင်းမှု ၁၄ မှု စုစုပေါင်း ၃၇ ခုကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent