အပူရှိန်ပြင်းထန်မှုကြောင့် မော်လမြိုင်မြို့ မုပွန်ရပ်ကွက်တွင် သက်လတ်ပိုင်းအမျိုးသားတစ်ဦး သတိလစ် လဲကျသေဆုံး

အပူရှိန်ပြင်းထန်မှုကြောင့် မော်လမြိုင်မြို့ မုပွန်ရပ်ကွက်တွင် သက်လတ်ပိုင်းအမျိုးသားတစ်ဦး သတိလစ် လဲကျသေဆုံး
Published 10 May 2024

အပူရှိန်ပြင်းထန်မှုကြောင့် မော်လမြိုင်မြို့ မုပွန်ရပ်ကွက်တွင် သက်လတ်ပိုင်းအမျိုးသားတစ်ဦး သတိလစ်လဲကျကာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

မေ ၇ ရက် ညနေ ၄ နာရီခွဲအချိန်ခန့်က မော်လမြိုင်မြို့ မုပွန်ရပ်ကွက် အိုးရုံလမ်းရှိ နေအိမ်ရှေ့တွင် အမျိုးသားတစ်ဦး သတိလစ်လဲကျနေသည့်အတွက် အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ထံ အကြောင်းကြားပေးခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “သတိလစ်လဲကျနေတဲ့ အမျိုးသားကို ဆရာဝန်နဲ့ စစ်ဆေးကြည့်တော့ အသက်သေဆုံးနေပြီးဖြစ်တာကို သိရတယ်” ဟု ပြောကြားသည်။

သေဆုံးသွားသူ၏ ရုပ်အလောင်းအား အေးမြကြည်လင်လူမှုကူညီကယ်ဆယ်ရေးအသင်းက မော်လမြိုင် ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် မေ ၄ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်ကလည်း သထုံမြို့ မြသပိတ်တောင်တက်လမ်းတွင် အသက် ၁၉ နှစ်အရွယ်လူငယ်တစ်ဦးမှာလည်း အပူရှိန်မြင့်မားသည့်အတွက်ကြောင့် ရေငတ်ကာ သတိလစ်မေ့မျောသွားရာမှ အသက်သေဆုံးသည်အထိဖြစ်ပွားခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

Most Read

Most Recent