လူရှိုင်း (မီဇိုး) တိုင်းရင်းသားတို့၏ ကြပ်ကြာရ်ကုသ်ပွဲတော်ကို ကလေးမြို့တွင် ကျင်းပ

လူရှိုင်း (မီဇိုး) တိုင်းရင်းသားတို့၏ ကြပ်ကြာရ်ကုသ်ပွဲတော်ကို ကလေးမြို့တွင် ကျင်းပ
ကြပ်ကြာရ်ကုသ်ပွဲတော် ကလေးမြို့တွင် ကျင်းပနေစဉ် (ဓာတ်ပုံ-အောင်သူထွန်း)
ကြပ်ကြာရ်ကုသ်ပွဲတော် ကလေးမြို့တွင် ကျင်းပနေစဉ် (ဓာတ်ပုံ-အောင်သူထွန်း)
Published 10 April 2019
အောင်သူထွန်း

လူရှိုင်း (မီဇိုး) တိုင်းရင်းသားတို့၏ ကြပ်ကြာရ်ကုသ်ပွဲတော် ကလေးမြို့ တာဟန်းရပ်ကွက်တွင် ဧပြီ ၁၀ ရက် မနက် ၉ နာရီတွင် ကျင်းပခဲ့သည်ဟု သိရှိရသည်။

“ဒီနှစ်ကျင်းပပုံက အရင်က တစ်ကြိမ်လုပ်ဖူးတယ်။ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ပွဲအနေနဲ့ပေါ့။ အခုဟာ ဒုတိယအကြိမ်ပါ။ တစ်နိုင်ငံလုံးဆိုတဲ့နေရာမှာ မြန်မာနိုင်ငံထဲမှာနေထိုင်တဲ့ မီဇိုးအနွယ်တွေ ရောက်နေတဲ့ဒေသက လူတွေကို ဖိတ်ကြားပြီးလုပ်ကြတယ်။ ကလေးမြို့ တာဟန်းတစ်ခုတည်း မဟုတ်ဘူးပေါ့။ တမူးတို့၊ တခြားနိုင်ငံရောက်နေတဲ့ မီဇိုးတွေကိုလည်း ဖိတ်တယ်၊ ဥပမာ မီဇိုးရမ်တို့၊ မဏိပူရ် ပြည်နယ် (အိန္ဒိယနိုင်ငံ) ဘက်တွေကပါ ဖိတ်ကြားခဲ့ပါတယ်။

အခုဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ဒီပွဲရည်ရွယ်ချက်က လူငယ်ကဏ္ဍကို မြှင့်တင်တယ်။ အဓိက တစ်ဦးနဲ့တစ်ဦး ချစ်ကြည်ရင်းနှီးလာအောင် ပိုပြီးတိုးပွားလာအောင်ပေါ့။ အရင်ကလည်း တစ်ဦးနဲ့တစ်ဦး ချစ်ကြည်ရင်းနှီးမှု အခြေခံပြီးလုပ်ခဲ့တဲ့အတွက် အခုလည်း ဒီအတိုင်း ဆက်လက်အကောင်အထည် ဖော်ပါတယ်။ အခုဟာက နိုင်ငံကလည်း တိုးတက်နေပြီ လူငယ်ကဏ္ဍတော့ အရေးကြီးတဲ့ကဏ္ဍမှာ ရောက်နေပြီ။ လူငယ်တွေမှာလည်း မျိုးနွယ်တူ၊ မျိုးနွယ်ကွဲတွေကလည်း အများကြီးပဲ။ တစ်ဦးနဲ့တစ်ဦးက မသိကြဘူး။ ဒီလိုပွဲလေးတွေလုပ်တော့ လူငယ်အချင်းချင်း ရင်းနှီးမှု ပိုများလာပြီး ရှေ့ဆက်ရတာ ပိုကောင်းလာမယ်။ လူငယ်ကဏ္ဍကို ပိုပြီးမီးမောင်းထိုးပြတဲ့ သဘောပါပဲ” ဟု ပွဲကျင်းပရေးကော်မတီဝင် ဦးနီးလျံဆန်းက ပြောကြားသည်။

ကြပ်ကြာရ်ကုသ်ပွဲတော်သို့ စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလားထောင်ထန်း၊ ကလေးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး၊ ကလေးခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအတွင်း နေထိုင်သော လူရှိုင်းတိုင်းရင်းသားများ တက်ရောက်ခဲ့သည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ၀ါးညှပ်အက အဖွဲ့ ၁၄ ဖွဲ့ တို့က ကပြဖျော်ဖြေခဲ့ကြပြီး လူရှိုင်းလူမျိုးတို့၏ ရိုးရာအကများ၊ တေးသီချင်းများ၊ မော်ဒယ်ရှိုးများ၊ ရိုးရာနဘမ်းပွဲများ ထည့်သွင်းကျင်းပခဲ့သည်ဟု သိရသည်။

ကျွန်မတို့ ရိုးရာဓလေ့ အစဉ်အလာမပျက် လူငယ်ပိုင်းတွေက ဆက်လက်သယ်ဆောင်ပြီးတော့မှ တစ်နိုင်ငံလုံးလွှမ်းခြုံတဲ့ ပွဲပေါ့။ ရိုးရာဓလေ့တွေလည်း ပေါ်လွင်အောင် ချင်းတိုင်းရင်းသားတွေ စုစည်းညီညာဖို့အတွက် ဒီလိုပွဲမျိုး ဖန်တီးဖြစ်မြောက်အောင် ဆောင်ရွက်ပေးတာ ဝမ်းမြောက်ပါတယ်။ အစိုးရသစ်လက်ထက်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ကျွန်မတို့တစ်မျိုးသားနဲ့တစ်မျိုးသား လူမျိုးနွယ်စုတွေ အားလုံး ချစ်ချစ်ခင်ခင်နေသွားမှ နိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးမှာ ပိုပြီးမှ ရည်မှန်းချက်ပန်းတိုင် ပိုရောက်နိုင်မယ်။ ဒီပွဲမှာ လာကြတဲ့သူတွေဆိုရင် လူငယ်အမျိုးသမီး၊ အမျိုးသားတွေ အများကြီးပါတယ်။ နိုင်ငံရဲ့ အနာဂတ်မှာ လူငယ်လူရွယ်တွေ လမ်းမှားမရောက်ဖို့ နိုင်ငံတော်အစိုးရသွားနေတဲ့ ငြိမ်းချမ်းရေးကိုလည်း တစ်တတ်တစ်အား ပါဝင်ကြဖို့လည်း အရေးကြီးပါတယ်။ မျိုးနွယ်စုအလိုက် စုစုစည်းစည်းညီညွတ်တဲ့ အားနဲ့ နိုင်ငံရဲ့အရွေ့ကို ဝိုင်းပြီးတွန်းကြရမှာ ဖြစ်ပါတယ်” ဟု ကလေးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီးက ပြောကြားသည်။

အဆိုပါ ကြပ်ကြာရ်ကုသ်ပွဲတော်သည် လူရှိုင်းတိုင်းရင်းသားများ၏ ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး နှစ်စဉ်ကျင်းပလေ့ရှိသည်ဟု သိရသည်။

“ကျွန်တော်တို့ ချင်းတိုင်းရင်းသားများ အနေနဲ့ ရိုးရာပွဲတွေက မျိုးနွယ်စုလိုက် မျိုးနွယ်စုအလိုက် ရှိကြပါတယ်။ မျိုးနွယ်စုအလိုက်ဆိုတော့ လူရှိုင်းကလည်း ချင်းမျိုးနွယ်စုထဲမှာပါတဲ့အတွက် ချင်းမျိုးနွယ်စုထဲကပွဲပေါ့။ မြန်မာလိုတော့ ကောက်သစ်စားပွဲလို့လည်း ပြောလို့ရပါတယ်။ မျိုးနွယ်စုတွေ စည်းစည်းလုံးလုံးနေကြဖို့ ပြောချင်ပါတယ်။ အခုပွဲကလည်း လူရှိုင်းမျိုးနွယ်စုတွေရဲ့ စည်းလုံးမှုကို ဖော်ထုတ်တာပါပဲ”ဟု စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလားထောင်ထန်းက ဆိုသည်။   

Most Read

Most Recent