ပြင်ဦးလွင်ခရိုင်အတွင်း မြေယာများကိုလက်ဝါးကြီးအုပ် ရယူသိမ်းဆည်းကာ ဥပဒေနှင့်မညီညွတ်သော ဆောင်ရွက်မှုများအား အရေးယူပေးရန် မြေသိမ်းခံတောင်သူများနှင့် တရားစွဲဆိုခံတောင်သူများ စုပေါင်းသတင်းစာရှင်းလင်း

ပြင်ဦးလွင်ခရိုင်အတွင်း မြေယာများကိုလက်ဝါးကြီးအုပ် ရယူသိမ်းဆည်းကာ ဥပဒေနှင့်မညီညွတ်သော ဆောင်ရွက်မှုများအား အရေးယူပေးရန် မြေသိမ်းခံတောင်သူများနှင့် တရားစွဲဆိုခံတောင်သူများ စုပေါင်းသတင်းစာရှင်းလင်း
မြေသိမ်းခံတောင်သူများနှင့် တရားစွဲဆိုခံတောင်သူများ စုပေါင်းသတင်းစာရှင်းလင်းပွဲ မြင်ကွင်း
မြေသိမ်းခံတောင်သူများနှင့် တရားစွဲဆိုခံတောင်သူများ စုပေါင်းသတင်းစာရှင်းလင်းပွဲ မြင်ကွင်း
Published 22 January 2019
မင်းသန့်

ပြင်ဦးလွင်ခရိုင်အတွင်း မြေယာများကို လက်ဝါးကြီးအုပ် ရယူသိမ်းဆည်းကာ ဥပဒေနှင့် မညီညွတ်သော ဆောင်ရွက်မှုများကို တိကျစွာ အရေးယူဆောင်ရွက်ပေးရန် မြေသိမ်းခံတောင်သူများနှင့် တရားစွဲဆိုခံတောင်သူများ စုပေါင်းသတင်းစာရှင်းလင်းပွဲကို ပြင်ဦးလွင်မြို့နယ် နောင်လုံးကျေးရွာတွင် ဇန်နဝါရီ ၂၀ ရက်က ပြုလုပ်ခဲ့ပြီး သိမ်းဆည်းခံ လယ်ယာမြေများနှင့်ပတ်သက်၍ ဒေသခံတောင်သူများ နစ်နာဆုံးရှုံးမှု ထပ်မံမဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ပေးရန် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်ခရိုင်အတွင်းရှိ ထုံးဘိုကျေး ရွာ၊ နောင်လုံးကျေးရွာ၊ ဝက်ဝံကျေးရွာ၊ ပြင်စာကျေးရွာ၊ ညောင်နီကျေးရွာစသည့် ကျေးရွာပေါင်း ၁၅ ရွာခန့်မှ ဒေသခံတောင်သူများ စုပေါင်း၍ ယင်းသို့ သတင်းစာရှင်းလင်းပွဲကို မကွေးကျောင်းဆရာတော် ဦးပါမောက္ခ ဦးဆောင်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြေယာအရေး ဆောင်ရွက်နေသူများ၊ တရားရင်ဆိုင်နေရသည့် တောင်သူများက ၎င်းတို့၏ နစ်နာမှုများနှင့် မြေယာသိမ်းဆည်းခံရမှုများကို ပြန်လည်စိစစ်ရေး ဗဟိုကော်မတီမှ ပြင်ဆင်ချမှတ်သည့် မူဝါဒ  ၅၂  ချက်နှင့်အညီ သက်ဆိုင်ရာမှ ဖြေရှင်းပေးရန် တောင်းဆိုသည့် သဘောထားကြေညာချက် ခြောက်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြင်ဦးလွင်မြို့နယ်မှာ စီမံချက်အကြောင်းပြပြီး သိမ်းဆည်းပေမယ့် ဘာစီမံချက်မှ ခုချိန်ထိဖြစ်မလာ၊ တစ်ကြိမ်တစ်ခါမှ စိုက်ပျိုးလုပ်ကိုင်ခြင်းမပြုတဲ့ မြေယာတွေအများကြီးပါ။ အခု NLD အစိုးရ တက်လာတဲ့အခါ ပြောင်းလဲချိန်တန်ပြီဆိုပြီး ပြောတယ်။ တောင်သူတွေကတော့ ဘယ်လို ပြောင်းလဲလာသလဲ။ ထောင်ထဲသွားပြီး ပြောင်းလဲတာလားလို့ မေးချင်တယ်” ဟု ပြင်စာကျေးရွာမှ တောင်သူဦးသန်းထွန်းက ပြောကြားသည်။

“လယ်ပြန်စစ်အဖွဲ့တွေထဲမှာ တောင်သူကိုယ်စားလှယ်ဆိုပြီး ထည့်ထားတဲ့သူတွေက အစစ်အမှန်တောင်သူတွေ မဟုတ်ဘူး။ တချို့မြေတွေက မြေသိမ်းယာသိမ်းဥပဒေနဲ့ မညီညွတ်ပဲ သိမ်းထားတာ” ဟု မြေယာအရေး ဆောင်ရွက်နေသူ ကိုစိုင်းမင်းလတ်က ပြောကြားသည်။

“ရှင်းလင်းပွဲလုပ်တယ်ဆိုကတည်းက ရှုပ်နေလို့ရှင်းရတာ။ အခုမြေယာစိစစ်ရေးဌာနတွေ၊ သက်ဆိုင်ရာဌာနတွေက တောင်သူတွေ တိုင်ကြားရင် ဘာတစ်ခုမှ အရေးယူဆောင်ရွက်ပေးခြင်းမရှိဘဲ ခရိုနီတွေကခိုင်းရင် ချက်ချင်းဆင့်ခေါ် ဖမ်းဆီးတယ်။ တောင်သူတွေက လုပ်စားစရာမရှိတဲ့အခြေအနေမှာ တရားရုံးချိန်းတွေကို မရှိရှိတာ ပေါင်နှံရောင်းချပြီး ရင်ဆိုင်နေရတယ်။ ဒါကြောင့် တောင်သူတွေအပေါ် တရားစွဲဆိုခြင်း၊ ထောင်ချခြင်းတွေကို လုံးဝမပြုလုပ်ဖို့ မေတ္တာရပ်ခံတဲ့ သဘောထား ထုတ်ပြန်ချက်ကို ထည့်ထားတာ” ဟု နောင်းလုံးကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ဆိုသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ကော်ဖီစီမံကိန်း အကြောင်းပြကာ မြေဧကခြောက်ဧကခွဲ သိမ်းဆည်းခံခဲ့ရပြီး မိသားစုဝင်လေးဦးစလုံးအား သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ ၄၂ ဖြင့် တရားစွဲဆိုခံနေရသည့် နောင်လုံးကျေးရွာမှ ၇၂ နှစ်အရွယ်ရှိ ဒေါ်တင်မေက “အဘွားတို့ ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်လာတဲ့ မြေတွေကိုသိမ်းပြီး ကော်ဖီမြေလည်း မဖြစ်ဘူး။ သူတို့ လိမ်ပင်တွေညာပင်တွေ စိုက်သွားတာ။ အဲလိုလိမ်ပင်တွေညာပင်တွေစိုက်ပြီး အဘွားတို့က တရားစွဲခံရတယ်။ အကြမ်းဖက်မှုတွေခံရတယ်” ဟု ပြောကြားသည်။

“အဘွားဒေါ်တင်မေရဲ့ မြေယာကိစ္စနဲ့ ပတ်သက်ပြီး ပြင်ဦးလွင်တစ်နယ်လုံးဟာ မတရားဥပဒေမဲ့ သိမ်းဆည်းခံနေရတယ်။ အာဏာရှိတဲ့ပုဂ္ဂိုလ်တွေက အာဏာနဲ့ အနိုင်ကျင့်တယ်။ ငွေရှိတဲ့ပုဂ္ဂိုလ်တွေက ငွေနဲ့ဖိတယ်။ ။ ဒေါ်တင်မေမှာ ပိုင်ဆိုင်မှုအထောက်အထားတွေ၊ ပြေစာတွေ အပြည့်အဝရှိတယ်။ အမှန်တကယ်လည်း လုပ်ကိုင်နေတယ်။ ကော်ဖီစိုက်ပျိုးခြင်းလည်း မရှိဘူး။ အခုတရားစွဲဆိုတဲ့အခါမှာ မြေကွက်အမှတ် ဦးပိုင်အမှတ်မပါဘူး။ ဒီလိုမှန်ကန်ပြီး နစ်နာနေတဲ့ တောင်သူလယ်သမားတွေ အခုလို နစ်နာမှုမရှိရအောင် ဆရာတော့်အနေနဲ့အတတ်နိုင်ဆုံး နိုင်ငံတော်သမ္မတတို့ သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးသိရှိပြီး အမှန်တရား ပေါ်ပေါက်အောင် လာရောက်ကူညီရခြင်းဖြစ်တယ်” ဟု အဆိုပါသတင်းစာရှင်းလင်းပွဲသို့ ကြွရောက်ခဲ့သည့် မကွေးကျောင်းဆရာတော် ဦးပါမောက္ခက မိန့်ကြားခဲ့သည်။

“အခုချိန်ထိ လယ်ယာမြေပြဿနာတွေကို မဖြေရှင်းနိုင်တာက လယ်သမားတွေပါဝင်တဲ့ အဖွဲ့အစည်းတွေမဟုတ်တဲ့အတွက် ဖြေရှင်းဖို့ ခက်ခဲနေတယ်လို့မြင်တယ်။ အဓိက အစိုးရချမှတ်တဲ့ မူတွေက လွဲနေတယ်။ လယ်ယာမြေဥပဒေအတိုင်း ပေးထားတဲ့ အဖွဲ့အစည်းတွေက အာဏာပိုင်နဲ့ဆက်စပ်တဲ့ အဖွဲ့အစည်းတွေဖြစ်နေသမျှ ဖြေရှင်းလို့မရနိုင်ပါ ဘူး။ ဖြေရှင်းလိုတဲ့ နည်းလမ်းကတော့ လယ်သမားအမှုတွေဖြစ်ရင် လယ်သမားတရားရုံးတွေ သီးသန့်လုပ်ပေးလိုက်ရင် အဆင်ပြေနိုင်တယ်။ နောက်ပြီးတော့ လယ်ယာမြေမှုခင်းတွေနဲ့ ပတ်သက်ရင် အာဏာပိုင်နဲ့ မပတ်သက်တဲ့ အဖွဲ့အစည်းတွေဖြစ်ဖို့လိုပါတယ်။ လွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်မှသာလျှင် မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်မှာပါ” ဟု သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် ဒေါ်နော်အုံးလှက ပြောကြားသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲ၏ သဘောထားထုတ်ပြန်ချက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ လမ်းညွှန်ချက်များနှင့်အညီ နစ်နာဆုံးရှုံးနေရသော မူလလက်ငုတ် တောင်သူလယ်သမားများလက်ထဲသို့ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇) နှင့်တကွ အမြန်ဆုံး ပြန်လည်ပေးအပ်ရန်၊ လယ်ယာမြေသိမ်းဆည်းခံ တောင်သူများအပေါ် နစ်နာဆုံးရှုံးမှုများ ထပ်မံ မဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ပေးရန်နှင့် တောင်သူများအား တရားစွဲဆိုခြင်း၊ ထောင်ချခြင်းများမပြုလုပ်ရန် မေတ္တာရပ်ခံပေးရန်၊ ချမှတ်ထားသည့် စည်းကမ်းသတ်မှတ်ချက်များ မညီညွတ်သော ဆောင်ရွက်မှုများကို တိတိကျကျ အရေးယူဆောင် ရွက်ပေးရန်တို့ ပါဝင်ကြောင်းသိရသည်။

 

Most Read

Most Recent