လိဂ်ဖလားဗိုလ်လုပွဲတွင် လီဗာပူးလ်အားရှုံးနိမ့်ခဲ့သော်လည်း အသင်းပိုင်ရှင်များ၏ထောက်ခံမှုကို ရရှိထားဆဲဖြစ်ကြောင်း ချယ်လ်ဆီးနည်းပြ ပိုချက်တီနို ပြောကြား

လိဂ်ဖလားဗိုလ်လုပွဲတွင် လီဗာပူးလ်အားရှုံးနိမ့်ခဲ့သော်လည်း အသင်းပိုင်ရှင်များ၏ထောက်ခံမှုကို ရရှိထားဆဲဖြစ်ကြောင်း ချယ်လ်ဆီးနည်းပြ ပိုချက်တီနို ပြောကြား
Photo: Getty Images
Photo: Getty Images
Published 29 February 2024

ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက လိဂ်ဖလားဗိုလ်လုပွဲတွင် လီဗာပူးလ်အသင်းအား ရှုံးနိမ့်ခဲ့သော်လည်း အသင်းပိုင်ရှင်များ၏ထောက်ခံမှုကို အပြည့်အဝရရှိထားဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ဖေဖော်ဝါရီ (၂၅) ရက်က ဝင်ဘလေကွင်းတွင် လီဗာပူးလ်အသင်းနှင့်ကစားခဲ့သည့် လိဂ်ဖလားဗိုလ်လုပွဲတွင် ဂိုးသွင်းခွင့်အမြောက်အမြားကို ရရှိခဲ့သော်လည်း လွဲချော်ခဲ့ပြီး အချိန်ပို (၁၁၈) မိနစ်တွင် ဗန်ဒိုက်၏ တစ်လုံးတည်းသောဂိုးကို ခွင့်ပြုခဲ့ရကာ ရှုံးနိမ့်ခဲ့ရသည်။

ချယ်လ်ဆီးအသင်းသည် အဆိုပါပွဲစဉ်တွင် အဓိက ကစားသမားများ အများအပြား ဒဏ်ရာရရှိနေသဖြင့် လူငယ်ကစားသမားများကိုသာ ထည့်သွင်းကစားခဲ့ရသည့် လီဗာပူးလ်အသင်းအား ရှုံးနိမ့်ခဲ့သဖြင့် နည်းပြ ပိုချက်တီနို၏ အနာဂတ်မှာလည်း ပိုမိုလှုပ်ခတ်လာခဲ့သည်။

သို့သော် ပိုချက်တီနိုက မိမိအနေဖြင့် အသင်းပိုင်ရှင်များ၏ ထောက်ခံမှုကို အပြည့်အဝရရှိထားဆဲဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပိုချက်တီနိုက ''လိဂ်ဖလားဗိုလ်လုပွဲအပြီးမှာ အသင်းပိုင်ရှင်တွေက ကျွန်တော့်ကို ထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။ တော့ဒ်ဘိုလီကလည်း ကျွန်တော့်ကို အရမ်းကောင်းတဲ့ မက်ဆေ့ချ်တစ်စောင် ပို့ခဲ့ပါတယ်။ ဗိုလ်လုပွဲအပြီး ညမှာလည်း ကျွန်တော်ဟာ ဘီဒက်(ချယ်လ်ဆီးအသင်းပူးတွဲပိုင်ရှင်)နဲ့ တွေ့ဆုံခဲ့ပြီး စကားပြောခဲ့ကြပါတယ်။ ပွဲအပေါ် ကျွန်တော်တို့ရဲ့အမြင်တွေ၊ ကျွန်တော်တို့ လွဲချော်ခဲ့တဲ့အခွင့်အရေးတွေအကြောင်းကို ဆွေးနွေးခဲ့ကြတယ်''ဟု ပြောကြားခဲ့သည်။

ထို့ပြင် ပိုချက်တီနိုက အောင်မြင်မှုများ ပြန်လည်ရရှိရန်အတွက် စိတ်ရှည်ပေးကြရန်လည်း အသင်းပရိသတ်များကို တောင်းဆိုခဲ့သည်။

ပိုချက်တီနိုက ''ချယ်လ်ဆီးအသင်းက အမြဲအနိုင်ရနေကျအသင်းဖြစ်လို့ ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တာကို ကျွန်တော် စိတ်ပျက်ပါတယ်။ လီဗာပူးလ်အသင်းဟာ အခုလို အောင်မြင်မှုတွေရဖို့ အချိန်ယူခဲ့ရပါတယ်။ ကလော့ပ်ရဲ့ပထမဆုံး (၄) နှစ်မှာ လီဗာပူးလ်အသင်း ဘာဖလားမှ မရခဲ့ပါဘူူး။ အခု လီဗာပူးလ်အသင်းဟာ သူတို့နဲ့ ထိုက်တန်တာကို သူတို့ ရနေပါပြီ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent