အသက် ၅၈ နှစ်ပြည့်တော့မည့် ဟဲဗီးဝိတ်တန်းချန်ပီယံဟောင်း မိုက်တိုင်ဆန်နှင့် ၂၇ နှစ်သာရှိသေးသူ YouTuber ဂျိတ်ပေါလ် ဇူလိုင်တွင် ထိုးသတ်မည်

အသက် ၅၈ နှစ်ပြည့်တော့မည့် ဟဲဗီးဝိတ်တန်းချန်ပီယံဟောင်း မိုက်တိုင်ဆန်နှင့် ၂၇ နှစ်သာရှိသေးသူ YouTuber ဂျိတ်ပေါလ် ဇူလိုင်တွင် ထိုးသတ်မည်
Photo: SPORTbible
Photo: SPORTbible
Published 10 March 2024

 

အသက် ၅၈ နှစ်ပြည့်တော့မည့် ဟဲဗီးဝိတ်တန်းချန်ပီယံဟောင်း မိုက်တိုင်ဆန်နှင့် အသက် ၂၇ နှစ်သာရှိသေးသူ YouTuber ဂျိတ်ပေါလ်တို့ ဇူလိုင် ၂၀ ရက်တွင် လက်ဝှေ့ ပွဲ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

အသက်အရွယ်နှင့် သမ္ဘာအရ ကွာခြားလွန်းသည့် ၎င်းတို့နှစ်ဦး ယှဉ်ပြိုင်ထိုးသတ်မည့်ပွဲစဉ်မှာ သရုပ်ပြပွဲ သို့မဟုတ် ပရော်ဖက်ရှင်နယ်ပွဲ မည်သည့်ပုံစံဖြင့် ကျင်းပမည်ကို အတိအကျမသိရသေးဘဲ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ အာလင်တန်မြို့ရှိ AT & T Stadium ၌ ကျင်းပ၍ Netflix မှ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း ကြေညာထားသည်။

ယင်းပွဲစဉ်နှင့်ပတ်သက်၍ ဂျိတ်ပေါလ် က "ကမ္ဘာ့ချန်ပီယံတစ်ယောက်ဖြစ်လာဖို့က ကျွန်တော့်ရည်မှန်းချက်ပါ။ အခုအချိန်မှာ ကမ္ဘာ့အကြီးကျယ်ဆုံး ဟဲဗီးဝိတ်တန်းချန်ပီယံ၊ ကမ္ဘာပေါ်မှာ အကြမ်းဆုံးလူသား၊ သမိုင်းတစ်လျှောက် အန္တရာယ်အရှိဆုံး လက်ဝှေ့ သမားနဲ့ ရင်ဆိုင်ပြီး သက်သေပြဖို့ ကျွန်တော့်မှာ အခွင့်အရေးရှိနေပါပြီ။ သံမဏိမိုက်ကို အိပ်စက်ခိုင်းဖို့ အချိန်တန်ပါပြီ" ဟု လူမှုမီဒီယာ X မှတစ်ဆင့် ပြောကြားခဲ့သည်။

ဂျိတ်ပေါလ်သည် YouTube တွင် Subscribers သန်း ၂၀ ကျော်ရှိသည့် ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်ပြီး အပျော်တမ်း လက်ဝှေ့ပွဲစဉ်တစ်ပွဲနှင့် ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲစဉ် ၁၀ ပွဲ ထိုးသတ်ထားသည်။ ၎င်းသည် ၂၀၂၀ မှ ၂၀၂၄ ခုနှစ်အတွင်း ထိုး သတ်ထားသည့် ၁၀ ပွဲတွင် ကိုးပွဲနိုင်၊ တစ်ပွဲ သာ ရှုံးနိမ့်ကာ ၎င်းအနိုင်ရထားသည့် ကစားသမားများအနက် UFC ဝယ်လ်တာဝိတ်တန်း ချန်ပီယံဟောင်း တိုင်ရွန်ဝုဒ်လေ၊ မစ်ဒယ်ဝိတ် တန်းချန်ပီယံဟောင်း အန်ဒါဆန်ဆေးလ်ဗား နှင့် နာမည်ကြီး MMA ကစားသမား နိတ်ဒီယက်ဇ်တို့ ပါဝင်နေသည်။

ဂျိတ်ပေါလ်နှင့်မထိုးသတ်မီ သုံးပတ် အလိုတွင် အသက် ၅၈ နှစ်ပြည့်မြောက်မည့် မိုက်တိုင်ဆန်မှာမူ ဟဲဗီးဝိတ်တန်းလက်ဝှေ့ သမားများအနက် ထာဝရအကောင်းဆုံး စာရင်းဝင်ဖြစ်ပြီး WBA ၊ WBC ၊ IBF စသည့် အငြင်းပွားဖွယ်မရှိ ချန်ပီယံခါးပတ်သုံးခုစလုံး ရယူနိုင်ခဲ့သူဖြစ်သည်။ 

သံမဏိမိုက်ဟု ထင်ရှားသူ မိုက်တိုင်ဆန်သည် ၁၉၈၅ မှ ၂၀၀၅ ခုနှစ်အထိ ပရော်ဖက်ရှင်နယ်လက်ဝှေ့ပွဲ ၅၈ ပွဲထိုးသတ်ရာတွင် ပွဲ ၅၀ အနိုင်ရကာ ခြောက် ပွဲသာ ရှုံးနိမ့်ပြီး နှစ်ပွဲမှာမူ ရလဒ်ပယ်ဖျက်ခံခဲ့ရသည်။ ၎င်းသည် ၂၀၂၀ ဇူလိုင်တွင် ရွိုင်းဂျုံးစ် နှင့် သရုပ်ပြပွဲထိုးသတ်ရာ သရေကျခဲ့သည်။