မွန်ဂိုလီးယားနိုင်ငံမှ မန်ယူအသင်းပရိသတ် (၁၁)လကြာ စက်ဘီးဖြင့် ခရီးနှင်၍ မန်ယူအသင်း၏ FA ဖလားဆီမီးဖိုင်နယ်ပွဲကို လာရောက်ကြည့်ရှုခဲ့

မွန်ဂိုလီးယားနိုင်ငံမှ မန်ယူအသင်းပရိသတ် (၁၁)လကြာ စက်ဘီးဖြင့် ခရီးနှင်၍ မန်ယူအသင်း၏ FA ဖလားဆီမီးဖိုင်နယ်ပွဲကို လာရောက်ကြည့်ရှုခဲ့
Photo: Tribuna
Photo: Tribuna
Published 22 April 2024

မွန်ဂိုလီးယားနိုင်ငံမှ မန်ယူအသင်း၏ အမာခံပရိသတ်တစ်ဦးဖြစ်သူ အော့ချီယာဗန်နီဘတ်ဘိုးသည် (၁၁) လကြာ စက်ဘီးဖြင့် ခရီးနှင်၍ မန်ယူအသင်း၏ FA ဖလားဆီမီးဖိုင်နယ်ပွဲကို လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဘတ်ဘိုးသည် (၁၀)နှစ်သားအရွယ်ကတည်းက မန်ယူအသင်းကို အားပေးခဲ့သူဖြစ်ပြီး ၎င်းအနေဖြင့် မွန်ဂိုလီးယားမှ အင်္ဂလန်သို့ စက်ဘီးဖြင့် လာရောက်ကာ မန်ယူအသင်း၏ ပွဲစဉ်ကို အားပေးကြည့်ရှုရန်မှာ အိပ်မက်တစ်ခုဖြစ်ကြောင်း သိရသည်။

၎င်းသည် မူလက မန်ယူအသင်း၏ယှဉ်ပြိုင်မှုကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်တွင် ကြည့်ရှုခွင့်ရရှိရန် မျှော်မှန်းထားခဲ့ခြင်းဖြစ်သော်လည်း အခြေအနေအရ ဝင်ဘလေကွင်းမှ FA ဖလား ဆီမီးဖိုင်နယ်ပွဲကိုသာ ကြည့်ရှုခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဘတ်ဘိုးသည် ယခုခရီးစဉ်ကို ၂၀၂၃ ခုနှစ် မေလတွင် အစပြုခဲ့ပြီး မန်ယူအသင်း၏ ဝက်ဘ်ဆိုက်တွင် ၎င်း၏အကြောင်းကို ဇွန်လအတွင်း ဖော်ပြခဲ့သည်။

ဘတ်ဘိုးသည် ၂၀၂၃ ဒီဇင်ဘာလအတွင်းတွင် အင်္ဂလန်နိုင်ငံသို့ ရောက်ရှိရန် မျှော်မှန်းထားခဲ့သော်လည်း လမ်းခရီးအတွင်း ဗီဇာအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည့်အတွက် မျှော်လင့်ထားသည်ထက် အချိန်ကာလ ပိုမိုကြာမြင့်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မွန်ဂိုလီးယားနိုင်ငံနှင့် အင်္ဂလန်နိုင်ငံမှာ မိုင်ပေါင်း(၄၄၀၀)ကျော်ကွာဝေးပြီး ဘတ်ဘိုးသည် ဗြိတိန်မှ မွန်ဂိုလီးယားသံရုံး၏ ကူညီပေးမှုကြောင့် (၁၁)လအကြာ၌ ၎င်း၏ခရီးစဉ်ကို အဆုံးသတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ၎င်းပထမဆုံးကြည့်ရှုခွင့်ရရှိခဲ့သည့် မန်ယူအသင်း၏ FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပယ်နယ်တီအဆုံးအဖြတ်ခံယူရသည့်အခြေအနေအထိ ရောက်ရှိခဲ့သည်။

မန်ယူအသင်းသည် ကိုဗင်ထရီအသင်းကို (၃) ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပြီးမှ ချေပဂိုးများ ပြန်ပေးခဲ့ရသည့်အတွက် ဘတ်ဘိုးအနေဖြင့် အချိန်ပို၊ ပယ်နယ်တီအထိ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ခဲ့ရကြောင်းလည်း သိရသည်။

Most Read

Most Recent