ထန်းတပင်မြို့နယ် ကျွဲပွဲ-ဇရပ်ကြီး ကားလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား (မြို့ဆိုးတံတား) ဖောက်ခွဲဖျက်ဆီးခံရ

ထန်းတပင်မြို့နယ် ကျွဲပွဲ-ဇရပ်ကြီး ကားလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား (မြို့ဆိုးတံတား) ဖောက်ခွဲဖျက်ဆီးခံရ
Published 8 February 2024

ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ် ကျွဲပွဲ-ဇရပ်ကြီး ကားလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား(မြို့ဆိုးတံတား)ဖောက်ခွဲဖျက်ဆီးခံရကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့ရှိ နယ်မြေခံတပ်ရင်းအား ဖေဖော်ဝါရီ ၇ ရက်တွင် KNLA အဖွဲ့နှင့် PDF များက အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများ ရယူကာ ပြန်လည်တိုက်ထုတ်နိုင်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ဇရပ်ကြီးဒေသ ဖွံ့ဖြိုးရေးအတွက် အရေးပါသည့် ကျွဲပွဲ-ဇရပ်ကြီးသွား ကားလမ်းပေါ်ရှိ အများပြည်သူသွားလာ အသုံးပြုလျက်ရှိသော အရှည် ၁၂၀၀ ပေရှိ စစ်တောင်းမြစ်ကူးတံတား(မြို့ဆိုးတံတား)အား တပ်မတော် စစ်ကူစစ်ကြောင်းများ ဇရပ်ကြီးမြို့သို့ အချိန်မီ မရောက်ရှိစေရေးအတွက် KNLA အဖွဲ့နှင့် PDF များက တံတားလုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်ကာ ဖေဖော်ဝါရီ ၇ ရက် နံနက် ၄ နာရီခွဲတွင် မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် ဇရပ်ကြီးမြို့အတွင်းရှိ နယ်မြေခံတပ်ရင်းအား ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နစကမှ ထုတ်ပြန်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းတွင် ဇရပ်ကြီးမြို့ အရှေ့ဘက်အခြမ်း၌ ရှင်းလင်းမှုများဆောင်ရွက်ခဲ့ရာ ဇရပ်ကြီးမြို့အတွင်းနှင့် တပ်ရင်းဌာနချုပ်သို့ ဝင်ရောက် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲဖြစ်စဉ်များအတွင်း ကားလမ်းဘေးနေရာတစ်ခု၌ လမ်းဘေးထိုးကျ ပျက်စီးနေသည့် အလင်းစေတမန် ပရဟိတအသင်း လူနာသယ်ယာဉ် တစ်စီးအား တွေ့ရှိခဲ့ပြီး ယာဉ်အားရှင်းလင်းခဲ့ရာ ယာဉ်ပေါ်တွင် အလောင်းအချို့နှင့် အသင့်ထုပ်ပိုးထားသည့် လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်း အချို့တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

KNLA အဖွဲ့နှင့် PDF များအနေဖြင့် ပရဟိတလုပ်ငန်းခေါင်းစဉ် အကြောင်းပြ၍ လုပ်ငန်းများလုပ်ဆောင်ရန် လက်နက်၊ ခဲယမ်းများ သယ်ဆောင်ခြင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို သယ်ယူပို့ဆောင်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း ဖော်ထုတ်တွေ့ရှိရကြောင်းနှင့် ဇရပ်ကြီးမြို့အနောက်ဘက် ကျေးရွာများအတွင်း လုံခြုံရေးလုပ်ငန်းများ အသေးစိတ်ဆောင်ရွက်ခဲ့ရာ တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ဆုတ်ခွာထွက်ပြေးရာတွင် ကျန်ရှိခဲ့သည့် လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား ကားလမ်းဘေးအဆောက်အဦအတွင်း အလောင်းအချို့နှင့်အတူ ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

လက်နက်ကိုင်အဖွဲ့များအနေဖြင့် တပ်မတော်စစ်ကြောင်းများ၏ တိုက်ခိုက်မှု၊ လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူပေးမှုတို့ကြောင့် ဆုတ်ခွာထွက်ပြေးရာတွင် မြို့တွင်းရှိ ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို ဒေသခံပြည်သူအချို့က ပေးပို့လာကြောင်းလည်း နစကမှ ထုတ်ပြန်သည်။ KNLA အဖွဲ့နှင့် PDF များသည် တိုက်ခိုက်မှုများအတွင်း ပရဟိတလုပ်ငန်းများကို အကြောင်းပြ၍ လူနာတင်ယာဉ်များဖြင့် လူနှင့်လက်နက်/ခဲယမ်း သယ်ဆောင်ခြင်းများကို လုပ်ဆောင်နေကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဇရပ်ကြီးမြို့အတွင်း တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

 

 

Most Read

Most Recent