မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင်အမျိုးသားတစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့အား ပစ္စတို ရှစ်လက်၊ ကျည်အိမ် ၁၆ ခု၊ လက်ပစ်ဗုံး တစ်လုံး၊ ကျည်မျိုးစုံ ၃၀၀ တို့နှင့်အတူ  ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင်အမျိုးသားတစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့အား ပစ္စတို ရှစ်လက်၊ ကျည်အိမ် ၁၆ ခု၊ လက်ပစ်ဗုံး တစ်လုံး၊ ကျည်မျိုးစုံ ၃၀၀ တို့နှင့်အတူ  ဖမ်းဆီးရမိ
Published 5 February 2024

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင်အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့အား ပစ္စတို ရှစ်လက်၊ ကျည်အိမ် ၁၆ ခု၊ လက်ပစ်ဗုံး တစ်လုံး၊ ကျည်မျိုးစုံ ၃၀၀ တို့နှင့်အတူ  ဖမ်းဆီးရမိခဲ့ကြောင်း နစက က သတင်း ထုတ်ပြန်သည်။

NUG လက်အောက်ခံ မန္တလေး PDF အဖွဲ့နှင့် No-More Dictatorship အဖွဲ့များသည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှတစ်ဆင့် လက်နက်/ခဲယမ်းများအား ကားဂီယာဘောက်အတွင်း ထည့်သွင်း၍ ခရီးသည်တင်ယာဉ်များဖြင့် မန္တလေးမြို့သို့ သယ်ဆောင်လျက်ရှိကြောင်း သတင်းပေးပို့ချက်အရ ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းတွင် အောင်မြေသာစံ မြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ၉၀ လမ်း၊ ၂၁ x ၂၂ လမ်းကြား၌ သီတာစိုး(ခ)မစိုး နှင့် တိုးညွန့်တို့အား ကားဂီယာဘောက်အဟောင်းအတွင်း သိုဝှက်သိမ်းဆည်းထားသည့် SIG SAUER ပစ္စတို ငါးလက်၊ ANSAR ပစ္စတို တစ်လက်၊ BLOW ပစ္စတို နှစ်လက်၊ ကျည်အိမ်မျိုးစုံ ၁၆ ခု၊ လက်ပစ်ဗုံးတစ်လုံး၊ ၉ မမကျည် ၁၀၀ တောင့်၊ ပွိုင့်-၃၈၀ ကျည် ၂၀၀ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက က ထုတ်ပြန်သည်။

ဖမ်းဆီးရမိထားသည့် သီတာစိုး(ခ)မစိုး၏ ထွက်ဆိုချက်အရ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက်(၇၀)၊ ၁၂(ဘီ)လမ်းနှင့် ၈၇ လမ်းထောင့်၌ ကေခိုင်(ခ)ကေကေအား ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဖြစ်စဉ်တွင် အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦးနှင့်အတူ ပစ္စတိုမျိုးစုံ ရှစ်လက်၊ ကျည်အိမ်မျိုးစုံ ၁၆ ခု၊ လက်ပစ်ဗုံး တစ်လုံး၊ ကျည်မျိုးစုံ ၃၀၀ တောင့်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပါရှိသည်။

ဖမ်းဆီးရမိထားသည့် သီတာစိုး(ခ)မစိုး၏ ထွက်ဆိုချက်အရ ၎င်းသည် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် NLD ပါတီဝင်တစ်ဦးဖြစ်ပြီး မန္တလေးမြို့အတွင်းဆန္ဒပြမှုများ၌ ဦးဆောင်ပါဝင်ခဲ့သူဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီတွင် လိုင်ဇာသို့သွားရောက်၍ KIA အဖွဲ့ထံ၌ သင်တန်း တစ်လ တက်ရောက်ခဲ့ကြောင်း၊ သင်တန်းတက်ရောက်စဉ် No-More Dictatorship-NMD အဖွဲ့မှ ဖမ်းဆီးရန်ကျန် မျိုးမင်းရန်နိုင်နှင့်ရင်းနှီးခဲ့ပြီး အဆိုပါအဖွဲ့ သို့ ဝင်ရောက်ခဲ့ကြောင်း၊ သင်တန်းဆင်းပြီးနောက် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်ရှိ နေအိမ်သို့ ပြန်လည်နေထိုင်ခဲ့ပြီး သူငယ်ချင်းဖြစ်သူ ကေခိုင်(ခ)ကေကေ၊ တိုးညွန့်တို့နှင့်အတူ NMD အဖွဲ့အတွက် ထောက်ပို့လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ကို ဖော်ထုတ်သိရှိရကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ပါရှိသည်။

ထို့အပြင် ဖမ်းဆီးရမိထားသူများ၏ ထွက်ဆိုချက်များအရ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့‌နေ ဖမ်းဆီးရန်ကျန် တရားခံတစ်ဦးမှ လက်နက်/ခဲယမ်းများအား ကားဂီယာဘောက်အဟောင်းများအတွင်း သိုဝှက်ထည့်သွင်း၍ ခရီးသည်တင်ယာဉ်များဖြင့် ပို့ဆောင်ပေးပြီး မန္တလေးသို့ရောက်ရှိစဉ် သီတာစိုး(ခ)မစိုး၊ ကေခိုင်(ခ)ကေကေနှင့် တိုးညွန့်တို့မှ ကားဂိတ်တွင် သွားရောက်ယူဆောင်ကာ စစ်ကိုင်းမြို့နယ်၊ ၁၄ မိုင် ကျေးရွာအနီး၌ NMD အဖွဲ့မှ ဖမ်းဆီးရန်ကျန် မျိုးမင်းရန်နိုင်ထံသို့ ပို့ဆောင်ပေးရကြောင်း၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီအထိ လက်နက်/ခဲယမ်းများအား လေးကြိမ်ပို့ဆောင်ပေးခဲ့သည်ကို ဖော်ထုတ်သိရှိရကြောင်းလည်း နစက က ထုတ်ပြန်ထားသည်။

 

Most Read

Most Recent