တိုက်ပွဲများကြောင့် လေယာဉ်ပြေးဆွဲမှုရပ်နားထားသည့် လားရှိုးလေဆိပ်တွင် လေကြောင်းခရီးစဉ်များ မတ် ၁၆ ရက်မှစ၍ ပြန်လည်ပြေးဆွဲခွင့်ပြုထား

တိုက်ပွဲများကြောင့် လေယာဉ်ပြေးဆွဲမှုရပ်နားထားသည့် လားရှိုးလေဆိပ်တွင် လေကြောင်းခရီးစဉ်များ မတ် ၁၆ ရက်မှစ၍ ပြန်လည်ပြေးဆွဲခွင့်ပြုထား
Published 15 March 2024

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ နောက်ဆုံးပတ်မှစတင်ကာ ရပ်နားခဲ့ရသည့် လေကြောင်းခရီးစဉ်များ မတ် ၁၆ ရက်မှစ၍ ပြန်လည်ပြေးဆွဲခွင့်ပြုထားကြောင်း သိရသည်။

“မတ် ၁၆ ရက်ကနေစတင်ပြီး လေကြောင်းခရီးစဉ်တွေ ပြန်လည်ပြေးဆွဲခွင့်ပြုထားပါပြီ။ ဘယ်လေကြောင်းလိုင်းတွေ စပြီးပြေးဆွဲမလဲဆိုတာကတော့ မနက်ဖြန်အစည်းအဝေးမှ သိပါမယ်။ လားရှိုးလေဆိပ်ကနေ လေကြောင်းခရီးစဉ်တွေ ပြန်လည်ပြေးဆွဲခွင့်ကိုတော့ ခွင့်ပြုချက်ရပါပြီ” ဟု လားရှိုးလေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လားရှိုးလေဆိပ်မှ ပြေးဆွဲသည့် လေကြောင်းခရီးစဉ်များအနေဖြင့် လားရှိုး - ရန်ကုန်၊ လားရှိုး-မန္တလေး၊ လားရှိုး-တာချီလိတ်၊ လားရှိုး- မြစ်ကြီးနား၊ လားရှိုး - ဟဲဟိုးလေကြောင်းခရီးစဉ်များ ပြေးဆွဲကြောင်း သိရသည်။

လားရှိုးမြို့သည် ယခင်က ကုန်သွယ်မှုလမ်းကြောင်းနှင့် ခရီးသွားလာမှုလမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းများ ကောင်းမွန်မှုရှိခဲ့သော်လည်း ယခုအခါ လားရှိုး - မန္တလေးပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သီပေါနှင့် ကျောက်မဲမြို့ကြားရှိ ကျင်သီတံတား၊ သီပေါနှင့် လားရှိုးမြို့ကြားရှိ စဥ့်အင်တံတားတို့ မိုင်းခွဲဖျက်ဆီးခံခဲ့ရခြင်းကြောင့် ဒေသခံများအနေဖြင့် ကုန်သွယ်မှုနှင့် ခရီးသွားလာမှုများ အခက်အခဲများစွာကြုံတွေ့လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ လားရှိုးကနေ မန္တလေးကိုသွားချင်တယ်ဆိုရင် အရင်က မော်တော်ကား ခြောက်နာရီလောက်စီးရင်ရောက်ပြီ။ အခုကလားရှိုးကနေ မိုင်းရယ်၊ နမ့်လန်၊ ကျောက်ဂူ၊ နောင်ချို၊ ပြင်ဦးလွင်၊ မန္တလေးလမ်းကြောင်းအတိုင်း တစ်ကွေ့တစ်ပတ်ကြီးသွားရတော့ ခရီးလမ်းလည်းရှည်တယ်။ လမ်းလည်းကြမ်းတယ်။ အချိန်လည်းကြာတယ်။ ကားခလည်း အရင်ကထက် ဈေးအဆမတန်မြင့်သွားတဲ့ဒဏ်ကို ခံကြရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ လားရှိုးမှ ရန်ကုန်၊ နေပြည်တော်မြို့များသို့ သွားရောက်လိုသူများအနေဖြင့်လည်း လားရှိုး- မိုင်းရယ်- ကျောက်ဂူ-အင်တော- ရပ်စောက်လမ်းမှတစ်ဆင့် ပတ်သွားရသဖြင့် ခရီးလမ်းရှည်ကြာပြီး ကုန်ကျစရိတ်ကြီးမြင့်မှုများ ကြုံတွေ့ကြရကြောင်း သိရသည်။

Most Read

Most Recent