တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း သွေးကွဲအောင် သပ်လျှိုသွေးခွဲနေခြင်းကို သွေးစည်းညီညွတ်မှုနှင့် တုန့်ပြန်ပြသရန်လိုကြောင်း နစက ဥက္ကဋ္ဌက နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် ပြောကြား

တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း သွေးကွဲအောင် သပ်လျှိုသွေးခွဲနေခြင်းကို သွေးစည်းညီညွတ်မှုနှင့် တုန့်ပြန်ပြသရန်လိုကြောင်း နစက ဥက္ကဋ္ဌက နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် ပြောကြား
Published 17 April 2024

အနာဂတ် မျိုးဆက်များအထိ တည်တံ့နေသည့် ထာဝရငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းဆောင်ရွက်နေပြီး တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း သွေးကွဲအောင် သပ်လျှိုသွေးခွဲနေခြင်းကို သွေးစည်းညီညွတ်မှုနှင့် တုန့်ပြန် ပြသရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့(ဧပြီ ၁၇ ရက်)တွင် ကျရောက်သော မြန်မာနှစ်သစ်ကူး အခါသမတွင် ပြောကြားသည့် မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက် မင်္ဂလာစကားတွင် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားထားသည်။

" တည်ငြိမ်အေးချမ်းမှသာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံရဲ့ငြိမ်းချမ်းရေးကို ရေတိုကာလအတွက်မဟုတ်ဘဲ အနာဂတ် မျိုးဆက်များအထိ တည်တံ့နေတဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့နှစ်ဟောင်းကာလအတွင်းမှာ အရှည်မမျှော်တွေးတဲ့ လိုအင်ဆန္ဒတွေ၊ ဘေးပယောဂတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် အချို့သော ကိုယ်ကျိုးအတ္တလွန်ကဲတဲ့ သူတွေဟာ ဒေသမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်ခဲ့ကြပါ တယ်။ ကိုယ့်ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်းကို ဒုက္ခတွင်း ထဲရောက်အောင်တွန်းပို့ခဲ့တာကို တွေ့ကြုံခဲ့ရပြီး ဖြစ်တာကြောင့် အရှည်ကိုမျှော်တွေးပြီး ဆောင်ရွက်ကြဖို့ တိုက်တွန်း လိုပါတယ်။ တိုင်းရင်းသားညီအစ်ကိုအချင်းချင်း သွေးကွဲအောင် သပ်လျှိုသွေးခွဲနေတာကို ကျွန်တော်တို့အားလုံးရဲ့ သွေးစည်းညီညွတ်မှုနဲ့ တုန့်ပြန်ပြသဖို့ လိုပါတယ်"ဟု နစက ဥက္ကဋ္ဌက ပြောကြားသည်။

မိမိတို့ မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် နှစ်ဟောင်းကာလ အတွင်း၌ ကြုံတွေ့ခဲ့ရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင် ကျော်လွှားနိုင်ခဲ့ကြပြီးဖြစ်ကြောင်း၊ ယခုနှစ်သစ်တွင်လည်း အစိုးရအနေနှင့် ပြည်သူအားလုံး၏ ဇွဲ၊ သတ္တိ၊ ခိုင်မာသည့် ယုံကြည်ချက်တို့နှင့်အတူ မည်သို့သောစိန်ခေါ်မှုမျိုးကိုမဆို အောင်မြင်အောင် ဆက်လက် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

နစက ဥက္ကဋ္ဌက " ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ ပြည်သူအားလုံးလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မယိမ်းယိုင်စေဖို့ ဥပဒေနှင့်အညီ ထိန်းသိမ်းတည့်မတ်ပေးနေသလို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့အတွက်လည်း ခိုင်မာတဲ့ ရည်မှန်းချက်ထား ကြိုးပမ်း ဆောင်ရွက်နေပါတယ်" ဟု ပြောကြားသည်။

အစိုးရအနေနှင့် နိုင်ငံသားအားလုံး၏ လူမှုစီးပွား ဘဝတိုးတက် ကောင်းမွန်စေရန်အတွက် လိုအပ်သည့် အရင်းအမြစ်များ၊ စီမံခန့်ခွဲမှုများ၊ နည်းလမ်းများကို အသုံးပြုပြီး ဆောင်ရွက်သွားမည် ဖြစ်သလို နိုင်ငံတော်၏ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ တိုးတက်လာစေရန်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

" အထူးသဖြင့် ပညာရေးကဏ္ဍမြှင့်တင်ရေးဟာ နိုင်ငံအတွက် အရေးကြီးပါတယ်။ ကျွန်တော့်အနေနဲ့ အထူးမေတ္တာရပ်ခံလိုတာ ကတော့ လာမယ့်ပညာသင်နှစ်မှာ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ရေး နိုင်ငံသူနိုင်ငံသားများအားလုံး ပူးပေါင်း ဆောင်ရွက်ပေးစေလိုပါတယ်" ဟု နစက ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံ့စီးပွားရေးမြှင့်တင်နိုင်ရန်အတွက်လည်း ကုန်ထုတ်လုပ်မှု နယ်ပယ်အားလုံးက ကြိုးစားဆောင်ရွက်ကြစေလိုကြောင်းနှင့် အခက်အခဲအကြပ်အတည်းမျိုးစုံကြားက နိုင်ငံ့စီးပွား အတိုင်းအတာတစ်ခုအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ပိတ်ဆို့တားဆီးမှုအပါအဝင် အခက်အခဲအချို့သာမရှိခဲ့လျှင် နိုင်ငံ့ စီးပွားသည် ယခုထက်မက များစွာတိုးတက်နေမည်ဟု ယုံကြည်ပါကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် မိမိတို့အားလုံး နှစ်ဟောင်းက တွေ့ကြုံခဲ့ရသည့်ဖြစ်ရပ်များကို သုံးသပ်ပြီး လာမည့်နှစ် သစ်မှာ နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းပြီး နိုင်ငံတော်က ဆက်လက်လျှောက်လှမ်းမယ့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းတွင် တိုင်းရင်းသားအားလုံးက ဝိုင်းဝန်းပူးပေါင်းကြိုးစားဆောင်ရွက်ပေးကြရန် နစက ဥက္ကဋ္ဌက နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားထားသည်။

Most Read

Most Recent