၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံသူ ၈ ဒသမ ၁ သန်းကျော် ရှိခဲ့ပြီး လက်ရှိတွင် ကျောင်းတက်ရောက်သူ ၆ ဒသမ ၇ သန်းကျော်သာရှိ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံသူ ၈ ဒသမ ၁ သန်းကျော် ရှိခဲ့ပြီး လက်ရှိတွင် ကျောင်းတက်ရောက်သူ ၆ ဒသမ ၇ သန်းကျော်သာရှိ
Published 2 February 2024

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံသူ ၈ ဒသမ ၁ သန်းကျော်ရှိခဲ့ပြီး လက်ရှိတွင် ကျောင်းတက်ရောက်သူ ၆ ဒသမ ၇ သန်းကျော်သာရှိကြောင်း သိရသည်။

ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တင်ပြချက်များ၌ အထက်ပါအချက်များ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပညာရေးကဏ္ဍနှင့်ပတ်သက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံကျောင်းများအနေဖြင့် ကျောင်း အပ်နှံသူ ၈၁၀၈၂၂၇ ဦး (၈ ဒသမ ၁ သန်းကျော်)ရှိခဲ့ပြီး ယနေ့အချိန်တွင် ၆၇၆၇၇၆၃ ဦး (၆ ဒသမ ၇ သန်းကျော်)သာ ကျောင်းတက်ရောက်လျက်ရှိသောကြောင့် အကြောင်းအမျိုးမျိုးဖြင့် ကျောင်းတက်ရန်ပျက်ကွက်သူ ၁၃၄၀၄၆၄ ဦး (၁ ဒသမ ၃ သန်းကျော်)ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၁၆ ဒသမ ၅၃ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ 

ကျောင်းတက်ရောက်မှုပျက်ကွက်သည့် ဒေသများကို ပြန်ကြည့်ပါက ကရင်ပြည်နယ်ဒေသအချို့၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသတို့တွင် ဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ တိုက်ပွဲများဖြစ်ပွားပြီး တည်ငြိမ်အေးချမ်းမှုမရှိခြင်း၏ ရလဒ်များဖြစ်သည်ကို ထင်ရှားစွာသိနိုင်ကြောင်း၊ တက္ကသိုလ်များအနေဖြင့်လည်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ကျောင်းဖွင့်ချိန်တွင် စတင်တက်ရောက်သူ ၁၁၂၉၆၈ ဦးရှိခဲ့ပြီး ယနေ့အချိန်တွင် အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသူ ၈၆၆၈၇ ဦးရှိသောကြောင့် ပျက်ကွက်သူ ၂၆၂၈၁ ဦး ရာခိုင်နှုန်းအားဖြင့် ၂၃ ဒသမ ၃ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ လွိုင်ကော်တက္ကသိုလ်အနေဖြင့် ၁၀၀ ရာခိုင်နှုန်းတက်ရောက်နိုင်ခြင်းမရှိဘဲ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင်ရှိသည့် တက္ကသိုလ်များတွင်လည်း ကျောင်းတက်ရန် ပျက်ကွက်မှုရာခိုင်နှုန်း အများဆုံးဖြစ်သည်ကိုတွေ့ရကြောင်း၊ အချို့ကျောင်းသား၊ ကျောင်းသူများသည် အခြားပြည်နယ်၊ တိုင်းဒေသကြီးရှိ တက္ကသိုလ်များသို့ ပြောင်းရွေ့ကျောင်းတက်နေခြင်းများလည်းရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ထို့ပြင် သောင်းကျန်းသူများ၏ လုပ်ရပ်သည် နိုင်ငံတော်၏ အနာဂတ်လူသား အရင်းအမြစ်များဖြစ်သည့် လူငယ်များ ပညာသင်ကြားရေးကို တိုက်ရိုက်ထိခိုက်စေကြောင်း၊ ယင်းလုပ်ရပ်သည် နိုင်ငံတော်၏ အနာဂတ် အတွက် စိုးရိမ်ဖွယ်ရာဖြစ်သောကြောင့် ပြည်သူလူထုတစ်ရပ်လုံး၊ နိုင်ငံတကာအဖွဲ့အစည်း အားလုံးက ၀ိုင်းဝန်းဆန့်ကျင်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။

Most Read

Most Recent