အပိုထောက်ပံ့ငွေ ကျပ် ၁၀၀၀ က အလုပ်သမားတွေရဲ့ စားဝတ်နေရေးကို ဖြေရှင်းပေးနိုင်ပါ့မလား

အပိုထောက်ပံ့ငွေ ကျပ် ၁၀၀၀ က အလုပ်သမားတွေရဲ့ စားဝတ်နေရေးကို ဖြေရှင်းပေးနိုင်ပါ့မလား
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုမှ အလုပ်သမားများကို တွေ့ရစဉ်
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုမှ အလုပ်သမားများကို တွေ့ရစဉ်
Published 15 October 2023

နစကအနေဖြင့် အစိုးရဝန်ထမ်းများကို အောက်တိုဘာလမှစ၍ အပိုထောက်ပံ့ကြေးခေါင်းစဉ်ဖြင့် ကျပ်သုံးသောင်းတိုးပေးမည် ဖြစ်ကြောင်းနှင့် အစိုးရဌာနဆိုင်ရာ တွင် အလုပ်လုပ်ကိုင်နေသည့် နေ့ စားဝန်ထမ်းများကိုလည်း တစ်နေ့ အလုပ်ချိန် ရှစ်နာရီအတွက် အပို ထောက်ပံ့ကြေး ကျပ်တစ်ထောင် တိုးပေးမည်ဖြစ်ကြောင်း စက်တင်ဘာ ၃၀ ရက်က ကြေညာခဲ့သည်။

ထိုသို့ နစက ထုတ်ပြန်သည့်အပေါ် ပြည်တွင်း၌ မဖြစ်မနေပြောင်းလဲရန် လိုအပ်နေသည့် အနည်းဆုံး အခကြေးငွေ နှုန်းထားကို ပြင်ဆင်ရန် ခြေလှမ်းပြင်ခြင်းလားဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများက စောင့်ကြည့်ခဲ့ကြသည်။

၂၀၁၃ ခုနှစ် မတ်လတွင် အနည်းဆုံးအခကြေးငွေဥပဒေနှင့် အနည်းဆုံးအခကြေးငွေနည်းဥပဒေများကို အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ပြဋ္ဌာန်းခဲ့သည်။

ထို့နောက် အနည်းဆုံးအခကြေးငွေဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံတော်သမ္မတက အနည်းဆုံးအခကြေးငွေသတ်မှတ်ရေး အမျိုးသားကော်မတီကို သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အလုပ်သမားအဖွဲ့အစည်း (သို့မဟုတ်) အလုပ်သမားများ၏ ကိုယ်စားလှယ်များ၊ အလုပ်ရှင်အဖွဲ့အစည်း (သို့မဟုတ်) အလုပ်ရှင်များ၏ ကိုယ်စားလှယ်များအပြင် အခြားသောပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းပေးခဲ့သည်။

ထိုကော်မတီက ၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်းချက်များနှင့် အညီ လုပ်ငန်းစဉ်များကို အဆင့်လိုက်လုပ်ဆောင်၍ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြသဘောတူညီ ချက်အရ ပထမအကြိမ်အဖြစ် ၂၀၁၅ ခုနှစ် ဇွန် ၂၉ ရက်တွင် အလုပ်သမားများအတွက် မဖြစ်မနေ အနည်းဆုံးပေးရမည့် လုပ်ခလစာ နှုန်းထားတစ်ခုကို သတ်မှတ်ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင်ရှိသည့် အ လုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ကျပ် ၄၅၀ နှုန်းနှင့် အလုပ်ချိန် ရှစ်နာရီအတွက် တစ်ရက် လုပ်ခ ကျပ် ၃၆၀၀ ပေးရမည်ဖြစ်ကြောင်း သတ်မှတ်ပေးခဲ့ခြင်းလည်း ဖြစ်သည်။ ထိုသို့ သတ်မှတ်ရာတွင် အလုပ်သမား ၁၅ ဦးထက်နည်းသည့် လုပ်ငန်းငယ်များ၊ မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းများနှင့် သက်ဆိုင်မှု မရှိစေရဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အနည်းဆုံးအခကြေးငွေ ဥပဒေ ပုဒ်မ ၅ (ဇ) တွင် သတ်မှတ်ထားသော အနည်းဆုံးအခကြေး ငွေနှုန်းထားကို ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့်ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း အမျိုးအစား အလိုက်သော်လည်းကောင်း၊ ဒေသအလိုက်သော်လည်းကောင်း၊ အလုပ်ကျွမ်းကျင်မှုနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ရှိနိုင်မှုတို့ကို ခွဲခြား၍ ပြောင်းလဲလာသော အခြေအနေ အရပ်ရပ်တို့နှင့်အညီ စိစစ်ပြီး နှစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ပြင်ဆင်သတ်မှတ်သည့် အမိန့်ကြော်ငြာစာကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ကြေညာခြင်းဆိုပြီး ပြဋ္ဌာန်းထားသည်။

ထိုဥပဒေပါ ပြဋ္ဌာန်းချက်ကြောင့် သတ်မှတ်ထားသည့် အနည်းဆုံးအခကြေးငွေနှုန်းထားကို ၂၀၁၈ ခုနှစ် မေ ၁၄ ရက်တွင် အနည်းဆုံးအခ ကြေးငွေဆိုင်ရာ အမျိုးသားကော် မတီက ဒုတိယအကြိမ် ပြန်လည်ပြင်ဆင်သတ်မှတ်ခဲ့သည်။

မြန်မာနိုင်ငံတွင်ရှိသည့် အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ကျပ် ၆၀၀ နှုန်းဖြင့် အလုပ်ချိန် ရှစ်နာရီအတွက် တစ်ရက်လုပ်ခ ကျပ် ၄၈၀၀ အဖြစ် ပြင်ဆင်သတ်မှတ်ခဲ့သည်။

လက်ရှိအချိန်တွင် အနည်းဆုံးအခကြေးငွေကို တတိယအကြိမ် ပြန်လည်ပြင်ဆင်သတ်မှတ်ရန် အချိန်ကာလအားဖြင့် ကျော်လွန်နေပြီ ဖြစ်သော်လည်း ယင်းလုပ်ငန်းစဉ်ကို စတင်နိုင်ခြင်း မရှိသေးပေ။

ထိုအချိန်တွင် နစကအနေဖြင့် နိုင်ငံ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ ကျပ်သုံးသောင်း တိုးမြှင့်ပေး လိုက်သည်ဆိုသော ထုတ်ပြန်ချက်သည် အနည်းဆုံးအခကြေးငွေ ပြန်လည်ပြင်ဆင်သတ်မှတ်ခြင်းအပေါ် ကန့်သတ်ချက်တစ်ခုဖြစ်လာနိုင်ကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများက သုံးသပ်ကြသည်။

ထိုသို့ ထောက်ပံ့ငွေပေးမည် ဆိုပါက လက်ရှိ မြင့်တက်နေသော ကုန်စျေးနှုန်းနှင့် ဝန်ထမ်းလစာ လောက်ငှမှု ရှိ မရှိကို ထည့်သွင်းစဉ်း စားသင့်ကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများက ထောက်ပြသည်။

ကိုဗစ်နှင့် နိုင်ငံရေးအပြောင်း အလဲ မဖြစ်မီအချိန်က အလုပ်သမားတစ်ဦး၏ ဝင်ငွေနှင့်ထွက်ငွေသည် မျှတမှုရှိခဲ့ပြီး လက်ရှိအချိန်တွင်မူ စားဝတ်နေရေး ကုန်ကျစရိတ် များက ပိုမိုမြင့်တက်လာသည့်အတွက် အလုပ်သမားတစ်ဦး၏ ဝင်ငွေနှင့် ထွက်ငွေမှာ လောက်ငှမှု မရှိကြောင်း အလုပ်သမားများက ဆိုသည်။

ကိုဗစ်နှင့် နိုင်ငံရေးအပြောင်း အလဲ မဖြစ်မီအချိန်က ဆန်ကြမ်း တစ်ပြည်လျှင် ကျပ် ၁၀၀၀ နှင့် ၁၅၀၀ ကြားသာ ရှိသော်လည်း လက်ရှိတွင် ဆန်ကြမ်းတစ်ပြည် ကျပ် ၃၅၀၀ နှင့် ၄၀၀၀ ကြားတွင် ရှိနေသည်။ ထို့ အတူ ကိုဗစ်နှင့် နိုင်ငံရေးအပြောင်း အလဲ မဖြစ်ခင်အချိန်က ဆန်ချော တစ်ပြည်လျှင် ကျပ် ၂၀၀၀ နှင့် ၂၅၀၀ ဝန်းကျင်သာရှိသော်လည်း လက်ရှိတွင် ဆန်ချောတစ် ပြည် လျှင် ကျပ် ၆၀၀၀ နှင့် ၇၀၀၀ ကြားတွင် ရှိနေသည်။

၂၀၁၈ ခုနှစ်ကတည်းက ဒုတိ ယအကြိမ် ပြင်ဆင်သတ်မှတ်ခဲ့သည့် အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ သည် လက်ရှိအချိန်တွင် ဆန်ချောတစ်ပြည် ဝယ်နိုင်လောက်သည့် အခြေအနေမရှိသည့်အတွက် အလုပ်သမားများက အနည်းဆုံး အခကြေးငွေကို တတိယအကြိမ် ပြင်ဆင်သတ်မှတ်ပေးရန် ဆန္ဒရှိနေကြသည်။

စားသုံးဆီဘက်ကို ကြည့်မည် ဆိုလျှင်လည်း ကိုဗစ်နှင့် နိုင်ငံရေးအ ပြောင်းအလဲ မဖြစ်မီအချိန်က စားသုံးဆီ တစ်ပိဿာလျှင် ကျပ် ၁၈၀၀ နှင့် ၂၀၀၀ ကြားဝန်းကျင်သာ ရှိသော်လည်း လက်ရှိတွင် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စားသုံးဆီတစ်ပိဿာလျှင် ကျပ် ၄၃၀၀ နှင့် ၄၄၀၀ ကြား သတ်မှတ်၍ ရောင်းချနေသည်။ သို့သော် လိုချင်သလောက် ဝယ်ယူခွင့် မရှိဘဲ တစ်ဦးလျှင် ၅၀ ကျပ်သားသာ တန်းစီ၍ ဝယ်ယူနေရသည်။

ထို့ပြင် အခြားသော စားသုံးကုန်ပစ္စည်းများနှင့် လူသုံးကုန် ပစ္စည်းများမှာလည်း သုံးဆခန့် စျေး နှုန်းမြင့်တက်နေသည့်အတွက် အလုပ်သမားများအနေဖြင့် အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ ဖြင့် ဆက်လက်ရှင်သန်ရပ်တည်နိုင်ရန် မလွယ်ကူသည့် အခြေအနေမျိုးဖြစ် နေသည်။

လက်ရှိမြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံအချို့၌ အလုပ်သမားများအနေဖြင့် တစ်ရက်လျှင် ၁၅ နာရီကျော် လုပ်ကိုင်နေရသည်ကို သိရှိရကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

တစ်ရက် (ရှစ်နာရီစာ) သတ်မှတ်ထားသော မလောက်ငသည့် အနည်းဆုံးအခကြေးငွေနှုန်းထားကြောင့် အလုပ်သမားများအနေဖြင့် မဖြစ်မနေ အချိန်ပိုများကို ဆင်းနေရခြင်းလည်း ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ဆိုသည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရာတွင် အခြေခံရမည့် အချက်များထဲ၌ စားဝတ်နေရေး ကုန်ကျစရိတ်နှင့် ယင်းကုန်ကျစရိတ်တို့၏ ပြောင်းလဲချက်များကို အခြေခံရ မည်ဆိုသည့်အချက် ပါရှိသောကြောင့် ခေတ်ကာလ ကုန်ကျစရိတ်နှင့် ညီမျှသည့် အနည်းဆုံးအခကြေးငွေကို သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပြန်လည်သတ်မှတ်ပေးရန် အလုပ်သမားများက အလိုရှိနေကြသည်။

အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၁၀၀၀ ကျော် တန်ဖိုးရှိစဉ်က သတ်မှတ်ထားသည့် အနည်းဆုံး အခကြေးငွေ ကျပ် ၄၈၀၀ မှာ တစ်ဒေါ်လာလျှင် ကျပ် ၃၀၀၀ ကျော် မြင့်တက် လာသော်လည်း အနည်းဆုံး အခကြေးငွေကို ပြန်လည်ပြင်ဆင် သတ်မှတ်ပေးနိုင်ခြင်း မရှိသေးပေ။

သို့သော် အနည်းဆုံးအခကြေးငွေကို တစ်နိုင်ငံလုံးရှိ နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ ကျပ် ၄၈၀၀ အပြင် အပိုထောက်ပံ့ကြေး ကျပ် ၁၀၀၀ ဖြင့် ကျပ် ၅၈၀၀ သတ်မှတ်လိုက်ကြောင်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက အောက်တို ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အနည်းဆုံးအခကြေးငွေနှုန်းထားများကို ၂၀၁၃ ခုနှစ် အနည်းဆုံး အခကြေးငွေ ဥပဒေပုဒ်မ ၁၀၊ ပုဒ် မခွဲ (ဃ)နှင့်အညီ “မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ကျပ် ၆၀၀ နှုန်းဖြင့် အလုပ်လုပ်ချိန် ရှစ်နာရီအတွက် တစ်နေ့လုပ်ခ ကျပ် ၄၈၀၀ သတ်မှတ်ခဲ့ခြင်းအပေါ် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ အပိုထောက်ပံ့ကြေး ကျပ် ၁၀၀၀ ထပ်မံခံစားခွင့်ပြုရန်ဖြစ်သဖြင့် ကျပ် ၅၈၀၀ ဖြစ်ကြောင်း သတ်မှတ်ပေးလိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသတ်မှတ်ချက်သည် အလုပ်သမား ၁၀ ဦးအောက်ရှိ လုပ်ငန်းငယ်များ၊ မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းများနှင့် သက်ဆိုင်ခြင်းမရှိစေရဟုလည်း ဖော်ပြထားသည်။

ခေတ်ကာလနှင့်ညီသည့် လုပ်ခလစာဖြစ်ရန်နှင့် မြင့်တက်လာမည့် ကုန်စျေးနှုန်းနှင့် ကိုက်ညီစေရန်အတွက် အနည်းဆုံးအခကြေးငွေနှုန်းထားကို နှစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် ပြင်ဆင်သတ်မှတ်ပေးရမည်ဟု ဥပဒေက ပြဋ္ဌာန်းထားသော်လည်း ငါးနှစ်ကျော်ကြာမှ ထောက်ပံ့ကြေး ကျပ် ၁၀၀၀ တိုးပေးမှုအပေါ် အလုပ်သမားများ၏ ဝေဖန်မှုက မြင့်တက်ခဲ့သည်။

လက်ရှိတွင် မြင့်တက်လျက်ရှိသည့် စားဝတ်နေရေး စရိတ်များကြောင့်လည်း အလုပ်သမားတစ်ဦး၏ တစ်နေ့ ရှစ်နာရီ အလုပ်ချိန်အတွက် အနည်းဆုံး အခကြေးငွေနှုန်းထားကို ကျပ် ၇၀၀၀ နှင့် ၁၀၀၀၀ ကြား တိုးမြှင့်သတ်မှတ်ပေးရန် အလုပ်သမားများက မျှော်လင့်ခဲ့ကြသော်လည်း အပိုထောက်ပံ့ကြေးအဖြစ် ကျပ် ၁၀၀၀ ကိုသာ တိုးပေးခဲ့သည်။

လက်ဖက်ရည်တစ်ခွက်သည်ပင်လျှင် ကျပ် ၁၀၀၀ (သို့မဟုတ်) ၁၂၀၀ ဖြစ်နေသည့်အတွက် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက အပိုထောက်ပံ့ငွေအဖြစ် ကျပ် ၁၀၀၀ သာ တိုးမြှင့်သတ်မှတ်ပေးခြင်းသည် လက်ဖက်ရည်တစ်ခွက်ဖိုးသာရှိသည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများက နှိုင်းယှဉ်ထောက်ပြကြသည်။

ထိုသို့ အပိုထောက်ပံ့ကြေး ကျပ် ၁၀၀၀ တိုးပေးလိုက်သည့်အတွက် ကုန်စျေးနှုန်း ထပ်မံမြင့်တက်လာမည်ကိုလည်း အလုပ်သမားများက စိုးရိမ်နေကြသည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက အပိုထောက်ပံ့ငွေအဖြစ် ကျပ် ၁၀၀၀ သာ တိုးမြှင့်သတ်မှတ်ပေးခြင်းသည် လက်ရှိတွင် စားဝတ်နေရေးအတွက် ကုန်ကျစရိတ်များ အဆမတန် မြင့်တက်နေမှုအပေါ် မည်သို့မျှ အထောက်အပံ့မဖြစ်နိုင်ကြောင်း အလုပ်သမားများက ရှုမြင်လျက်ရှိသည်။

ထို့ကြောင့် ခေတ်ကာလနှင့် လျော်ညီသည့် အနည်းဆုံးအခကြေး ငွေနှုန်းထားကို တတိယအကြိမ် ပြန် လည်ပြင်ဆင်သတ်မှတ်ပေးရန် အလုပ်သမားများက တောင်းဆိုနေကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အလုပ်သမားများ၏ တောင်းဆိုမှုများအပေါ် မည်မျှအထိ လုပ်ဆောင်ပေးမည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။