လိုတိုရှင်းစီးပွားရေးသုတ (၄၁ - ၄၅)

လိုတိုရှင်းစီးပွားရေးသုတ (၄၁ - ၄၅)
Published 17 March 2024



■ လိုတိုရှင်း စီးပွားရေးသုတ (၄၁)

အင်စတီကျူရှင်နယ်လစ်ဇင် (Institutionalism )  


အင်စတီကျုရှင်နယ်လစ်ဇင်သည် institutionalism ဝေါဟာရ၏ အသံထွက်ဖြစ်ပြီး အဖွဲ့အစည်းဆိုင်ရာ၊ အလေ့အကျင့်များ၊ လုပ်ထုံးလုပ်နည်းများနှင့်သက်ဆိုင်မှုရှိသည့်အယူအဆဖြစ်သည်။ အဖွဲ့အစည်းဆိုင်ရာဝါဒဟုဆိုရမည်။ ထိုဝေါဟာရနှင့်ပတ်သက်၍ ပထမဦးစွာ အင်စတီကျူးရှင်း (Institution) စကားလုံးကို လေ့လာသင့်သည်။ အင်စတီကျူးရှင်းဆိုသည်မှာ အဖွဲ့အစည်း၊ သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေများ၊ အလေ့အကျင့်များ၊ လုပ်ထုံးလုပ်နည်းများ၊ အလေ့အထများဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။ ဘာသာရေး၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်းများ သို့မဟုတ်လူမှုရေး ရည်ရွယ်ချက်အတွက်ထူထောင်ဖွဲ့စည်းထားသော အဖွဲ့အစည်းများအားလုံးသည် အင်စတီကျူးရှင်းများဖြစ်သည်။

အင်စတီကျူရှင်နယ်လစ်ဇင်သည် အဓိကအားဖြင့် စီးပွားရေးလုပ်ဆောင်မှုများ ဖြစ်ပေါ်စေသော စည်းမျဉ်းစည်းကမ်းမူဘောင်များ၊ အဖွဲ့အစည်းဆိုင်ရာများနှင့် သက်ဆိုင်သည်။ ပထမဦးစွာ ပေါ်ပေါက်ခဲ့သော အင်စတီးကျူးရှင်းဆိုင်ရာ ဘောဂဗေဒပညာရှင်များသည် ကျမ်းရိုးသစ်ဘောဂဗေဒအယူအဆများဖြစ်သည့် စျေးကွက်/စီးပွားရေးဆိုင်ရာ အပြုအမူများနှင့်ပတ်သက်သည့် ယေဘုယျစည်းမျဉ်းများ ပတ်သက်သည့်လက်မခံဘဲကို ပယ်ချခဲ့သည်။ စီးပွားရေးဆိုင်ရာအဖွဲ့ အစည်းများသည် စီးပွားရေးအဆောက်အအုံတစ်ခုကို သမိုင်းဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ ထူးခြားမှုကိုထောက်ကူပေးနိုင်ရန် တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်ထွန်းလာသည်ဟု ၎င်းတို့ကဆိုသည်။ ဥပမာအားဖြင့် နိုင်ငံ့စီးပွားရေးအခြေအနေပြောင်းလဲဖြစ်ပေါ်နေစဉ်မှာပင် အမေရိကန်နိုင်ငံ၏သမိုင်းကြောင်းသည် အမေရိကန် 

ဗဟိုဘဏ်စနစ်ကို ဖန်တီးပုံဖော်ခဲ့ခြင်းဖြစ်သည်ဟု ရှုမြင်ကြသည်။ 

တွေးခေါ်ယူဆမှုများအသစ်များဖြင့် ဖြစ်ပေါ်လာသော အင်စတီကျူရှင်းဆိုင်ရာ ဘောဂဗေဒသစ် (New Institutional Economics-NIE ) သည် ကွဲပြားခြားနားသော စူးစိုက်လေ့လာချဉ်းကပ်မှုများရှိသော်လည်း အင်စတီကျူးရှင်းများနှင့်သာ သက်ဆိုင်သည်ကိုတွေ့ရှိရသည်။ ထိုပညာရှင်များကမူ ကျမ်းရိုးသစ်ဘောဂဗေဒဆိုင်ရာမူဘောင်များကို လက်ခံသည်။ အင်စတီကျူးရှင်းများသည် စျေးကွက်၏ သဘာဝကျကျ လည်ပတ်လုပ်ဆောင်မှုများကို အထောက်အကူဖြစ်စေသည်ဟု လည်း ထောက်ခံပြောဆိုခဲ့သည်။

ဝေါဟာရများ

အဖွဲ့အစည်းဆိုင်ရာဝါဒ/အင်စတီကျူရှယ်နယ်လစ်ဇင်=institutionalism

စီးပွားရေးဆိုင်ရာ အပြုအမူများ=economic behaviour  

ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အဖွဲ့အစည်းများ စသည်ဖြင့်=institutions     

ကျမ်းရိုးသစ်ဘောဂဗေဒ =neoclassical econimics surplus/ shortage 

အမေရိကန်ဗဟိုဘဏ်စနစ်=Federal Reserve System   

■ လိုတိုရှင်း စီးပွားရေးသုတ (၄၂)

ဆိုရှယ်လစ်ဇင်  (Socialism)

ဆိုရှယ်လစ်ဇင်ဆိုသည်မှာ အရင်းရှင်စနစ်အစား အခြားစနစ်တစ်ခု ရွေးချယ်ရန်လိုအပ်သည့်အခါ အများဆုံးစဉ်းစားကြသည့်စနစ်သို့မဟုတ်ဝါဒတစ်ခုဖြစ်သည်။ စီးပွားရေးအဖွဲ့အစည်းများနှင့်လည်းကောင်း၊ ထုတ်လုပ်မှုနှင့်လည်းကောင်း သက်ဆိုင်သည့်  သီအိုရီတစ်ခုဟုလည်းဆိုနိုင်သည်။ ဆိုရှယ်လစ်ဝါဒီများက စီးပွားရေးအဆောက်အအုံတစ်ခုအတွင်း ပုဂ္ဂလိက ဥစ္စာဓနများနှင့် ခေါင်းပုံဖြတ်ခြင်းကို ဖယ်ရှားလိုက်နိုင်ပါက အလုပ်အကိုင်နှင့် ဥစ္စာဓနကို မျှတစွာခွဲဝေဖြန့်ဖြူးနိုင်သည့် အခြေအနေတစ်ရပ်ဆီသို့ ဦးတည်သွားနိုင်လိမ့်မည်ဟု ဆိုခဲ့ကြသည်။

       “လူတစ်ယောက်သည် ၎င်း၏စွမ်းဆောင်ရည်အရ ၎င်း၏လိုအပ်ချက်ကို ရရှိစေမည်” ဟူသောအချက်သည် ကားလ်မာ့က်စ်၏ လူသိများ ထင်ရှားခဲ့သည့် ကြွေး ကြော်သံဖြစ်ခဲ့သည်ဟု ဆိုရှယ်လစ်ဝါဒတွင်တွေ့ရှိရသည်။ လွန်ခဲ့သော ၂၀ ရာစုတစ်လျှောက်လုံး၌ ဆိုဗီယက်ယူနီယံနှင့် အခြားသောကွန်မြူနစ်နိုင်ငံများသည် ၎င်းတို့၏ စီးပွားရေးအဆောက်အအုံအသီးသီးတွင်ဆိုရှယ်လစ်စနစ်ကို အကောင်အထည်ဖော်နိုင်ရေး အားထုတ်ခဲ့ကြသည်။ မာ့က် (စ်) ၏ သီအိုရီအဆိုအတိုင်း ထိုနိုင်ငံများ ရှိအစိုးရများသည် အရင်းရှင်စနစ်ကြောင့်ဖြစ်ပေါ်လာသော စီးပွားရေးအဆောက်အအုံအတွင်းရှိ မညီမျှမှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဗဟိုမှ စီစဉ်ဆောင်ရွက်သော စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ နိုင်ငံပိုင်၊ အစိုးရပိုင်ဆိုင်မှုစနစ်တို့ကို သီအိုရီ၏အဓိကလက်နက်ကိရိယာအဖြစ် အသုံးပြုခဲ့ကြသည်။

သို့သော် ဗဟိုမှချုပ်ကိုင်ခြင်း အကျိုးရလဒ်များကြောင့် အချို့သော စီးပွားရေးအဆောက်အအုံများတွင် ဆိုရှယ်လစ်ဝါဒ၏ အခြေခံစည်းမျဉ်းများကို ပင် တိုက်စား ဖျက်ဆီးခြင်းများရှိခဲ့သည်။  ဆိုရှယ်လစ်ဝါဒ သီအိုရီများ၏ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေခဲ့သည်။   

ဝေါဟာရများ

ဆိုရှယ်လစ်ဇင်/ဆိုရှယ်လစ်ဝါဒ=socialism  

 ဆိုရှယ်လစ်ဝါဒီများ=socialists

ခေါင်းပုံဖြတ်ခြင်း=exploitation 

ကားလ်မာ့က်စ်=Karl Max  

မညီမျှမှု=inequality 

ဗဟို စီမံကိန်းရေးဆွဲခြင်း=central planning  

ဗဟိုမှ ချုပ်ကိုင်လုပ်ဆောင်ခြင်း=centralization 

 

■ လိုတိုရှင်း စီးပွားရေးသုတ (၄၃)

နယ်ချဲ့ဝါဒ (imperialism ) 

    နယ်ချဲ့ဝါဒဟုဆိုလိုက်သည်နှင့် စိတ်ထဲတွင်ဖြစ်ပေါ်လာသည်မှာ စစ်အင်အားဖြင့် သိမ်းယူထားသော ကျယ်ပြန့်သည့် အင်ပါယာပိုင်နက်နယ်မြေများ အကြောင်းဖြစ်သည်။ အစိုးရတစ်ရပ်က အင်အားသုံးလျက်အခြားအစိုးရတစ်ရပ် (သို့မဟုတ်) နိုင်ငံတစ်ခု၊ နယ်မြေတစ်ခုကို သိမ်းယူခြင်း၊ အခြားနိုင်ငံတစ်နိုင်ငံ၊ နယ်မြေတစ်ခု၏ စီးပွားရေး၊ ယဉ်ကျေးမှုအင်အားပေါ်တွင်အနိုင်ရရှိခြင်းလည်းဖြစ်သည်။ ကိုလိုနီဝါဒသည် နယ်ချဲ့ဝါဒပုံစံတစ်မျိုးဖြစ်သည်။ ယခုအချိန်တွင် ရောမအင်ပါယာ၊ အော်တိုမန် အင်ပါယာ၊ ဗြိတိသျှ အင်ပါယာများဟူ၍ အမှန်တကယ် မရှိတော့သော်လည်း နယ်ချဲ့ဝါဒဆိုသည်မှာမူ အရေးပါသော အိုင်ဒီယာတစ်ခုအဖြစ်ကျန်ရှိနေဆဲဖြစ်သည်။ 

    ယခင်ကဖန်တီးဖြစ်ပေါ်ခဲ့သော ပုံစံတကျ အင်ပါယာများထက် ယနေ့ကာလတွင် နိုင်ငံတကာအရင်းရှင်ဝါဒသည်ပုံစံတကျမဟုတ်သော အင်ပါယာများကို ဖန်တီးနေကြသည်ဟု ဆိုကြသည်။ နိုင်ငံစုံကော်ပိုရေးရှင်းများနှင့် ကမ္ဘာ့အနှံ့ဖြန့်ကြက်ထားသော ဘဏ္ဍာရေးအခြေအနေများသည် စစ်ပွဲဖန်တီးစရာမလိုဘဲ နိုင်ငံရပ်ခြား အက်ဆက်များကို ထိန်းချုပ်ထားနိုင်ခြင်းဖြင့် အင်ပါယာ ဖန်တီးနိုင်သည့် အခြေအနေသစ်ကို အင်အားထောက်ပံ့ပေးနေသကဲ့သို့ရှိသည်။

    ယခင်ကာလများက အရေးပါခဲ့သည့်စစ်ရေးအင်အားနေရာတွင် စျေးကွက်အင်အားက ပို၍နေရာရလာခဲ့ပြီး ခေတ်သစ်နယ်ချဲ့ဝါဒပုံစံမျိုးတွင် ဈေးကွက်သည် အဓိကလက်နက်ကိရိယာဖြစ်လာသည်။ သို့သော် စစ်ရေးအင်အားကို လုံးဝအသုံးမပြုနိုင်ဟုလည်း ပြောနိုင်မည်မဟုတ်ပေ။ နယ်ချဲ့ဝါဒနှင့် ပတ်သက်၍  ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ်က နယ်ချဲ့ဝါဒအားနည်းလာပြီဟု ထင်ရလျှင် ကြမ်းကြမ်းတမ်းတမ်း အင်အားသုံးဆောင်ရွက်ရန် လိုသည်ဟုပြောဖူးသည်။

ဝေါဟာရများ

နယ်ချဲ့ဝါဒ=imperialism  

စစ်အင်အား=military force    

နိုင်တကာအရင်းရှင်ဝါဒ =international capitalism           

နိုင်ငံစုံကော်ပိုရေးရှင်းများ =multinational corporations   

နိုင်ငံခြားအက်ဆက်များ=foreign assets 

 

■ လိုတိုရှင်း စီးပွားရေးသုတ (၄၄)

တေလာရစ်ဇင်  (Taylorism )

    တေလာရစ်ဇင်ဆိုသည်မှာ သိပ္ပံနည်းကျ စီမံခန့်ခွဲမှု/သီအိုရီကိုဆိုလိုခြင်း ဖြစ်သည်။ ကနဦးတီထွင်ခဲ့သည့် ဖရက်ဒရစ်တေလာ (Fredrick Taylor) ၏ အမည်ကိုအသုံးပြု ခေါ်ဝေါ်ထားခြင်းဖြစ်သည်။ အလုပ်အင်အားစုများ၏ ထုတ်လုပ်မှုစွမ်းအားကို အမြင့်မားဆုံးရရှိစေရန်ဖွဲ့စည်း၊ စီမံဆောင်ရွက်ရသောနည်းလမ်းဖြစ် သည်။ ၎င်းသီအိုရီက တိကျသော စီမံခန့်ခွဲလုပ်ကိုင်မှုများသည် ကုန်ထုတ်လုပ်မှုတိုးတက်ခြင်းကို ဖြစ်ပေါ်စေသည်ဟုဆိုသည်။ 

    ဖရက်ဒရစ်တေလာသည် ၁၉၁၁ ခုနှစ်တွင် သိပ္ပံနည်းကျ စီမံခန့်ခွဲမှုဆိုင်ရာမူများ (the Principles of Scientific Management) ဟူသောစာအုပ်တစ်အုပ် ရေးသားပြုစုခဲ့သည်။ ထိုစာအုပ်ထဲတွင် လုပ်သားရွေးချယ်ခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့သည် သိပ္ပံနည်းကျ စီမံခန့်ခွဲမှု၏ အရေးကြီးဆုံး နယ်ပယ်သုံးရပ်ဖြစ်သည်ဟု ဖော်ပြထားသည်။ လုပ်ငန်းတစ်ခုအတွက် သင့်လျော်မှန်ကန်သော လုပ်သား (လူ) ရွေးချယ်ခြင်းသည် အရေးကြီးသည်။ လုပ်ငန်းနှင့်မသက်ဆိုင်သော၊ ကျွမ်းကျင်မှုကွဲလွဲသောသူကို ရွေးချယ်ခန့်အပ်ခဲ့ပါက လုပ်ငန်းအောင်မြင်မှုရရှိနိုင်မည်မဟုတ်ပေ။

    ထို့ပြင် အလုပ်ခွင်ရှိ အလုပ်သမားများ လုပ်ငန်းတာဝန်များ စွမ်းဆောင်ရည် ပြည့်ပြည့်ဝဝလုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် အထိရောက်ဆုံးသောနည်းလမ်းများဖြင့် လေ့ကျင့်ပေးရမည်။ စီမံခန့်ခွဲမှုနည်းလမ်းများဖြင့်လည်း စစ်ဆေးရမည်ဖြစ်သည်။ ကြီးကြပ်ကွပ်ကဲခြင်းသည်လည်း လုပ်ငန်းဖြစ်စဉ်တစ်ခုအတွက် သော့ ချက်ကျသော လုပ်ဆောင်ချက်ဖြစ်သည်။ လုပ်ငန်းဆောင်ရွက်မှုများသေချာမှုရှိစေရေး ထိန်းကျောင်းဆောင်ရွက်နိုင်ခြင်းဖြင့်လည်း အလုပ်ချိန်ဖြုန်းတီးခြင်းမျိုးလည်း ရှိနိုင်တော့မည်မဟုတ်ပေ။

ဝေါဟာရများ

တေလာရစ်ဇင်=Taylorism 

သိပ္ပံနည်းကျ စီမံခန့်ခွဲမှု=scientific management 

ကြီးကြပ်ခြင်း=supervision  

လေ့ကျင့်ပေးခြင်း=training

အလုပ်သမားများ=employees

 

 

■ လိုတိုရှင်း စီးပွားရေးသုတ (၄၅)

ဖို့ (ဒ်) ဒစ်ဇင် (Fordism)

ဖို့ (ဒ်) ဒစ်ဇင်ဆိုသည်မှာ ယနေ့လူအများသိရှိနေသည့် ကုန်ပစ္စည်းအမြောက်အမြားထုတ်လုပ်မှုကို စတင်ချဉ်းကပ်ခဲ့သည့် ကနဦးကုန်ထုပ်လုပ်မှုနည်းလမ်းတစ်ရပ်ဟုဆိုရမည်။ ဖို့ဒ်ဝါဒဟုလည်း ခေါ်သည်။ နောက်ပိုင်းကာလမျာတွင် ကမ္ဘာပေါ်တွင် ထိုနည်းစနစ်ဖြင့် ထုတ်လုပ်ခဲ့သော ထုတ်ကုန်အမျိုးအစားများစွာပေါ်ထွက်ခဲ့သည်။ မော်ဒယ် တီဖို့ (ဒ်) ကား အမျိုးအစားသည် အဆိုပါနည်းကို အသုံးပြု၍ထုတ်လုပ်ခဲ့သော ပထမဆုံးထုတ်ကုန်ဖြစ်သည်။ ထုတ်ကုန်များဖြင့်လည်းကောင်း၊ ထုတ်လုပ်သည့် နည်းလမ်းအားဖြင့်လည်းကောင်း စံချိန်စံညွှန်း သတ်မှတ်၍ ထုတ်လုပ်ခြင်းသည် ဖို့ (ဒ်) ဝါဒ၏ အဓိက အိုင်ဒီယာကျောရိုးပင်ဖြစ်သည်။ ဖို့ (ဒ်) ဝါဒကို တီထွင်ခဲ့သည့် ဟင်နရီဖို့ (ဒ်) ၏ ထင်ရှားသောစကားတစ်ခွန်းရှိသည်။ ၎င်းမှာ “ကားတွေအနက်ရောင်သာရှိနေတဲ့ ကာလတစ်လျှောက် ဝယ်ယူသုံးစွဲသူ ဖောက်သည်တွေမှာ သူတို့လိုချင်တဲ့ တခြားအရောင်တစ်မျိုးမျိုးသုတ်ထားတဲ့ ကားတစ်စီးလို ချင်လာတာမျိုးရှိနိုင်တယ်” ဟူ၍ဖြစ်လေသည်။ 

စံချိန်သတ်မှတ်ချက်ဖြင့်ထုတ်လုပ်ခြင်းသည် ထုတ်လုပ်မှုစရိတ်ကို လျော့ကျစေပြီး ထုတ်လုပ်မှုစံချိန်စံညွှန်းကိုလည်းပြည့်မီစေသည်ဟုဆိုသည်။  အမေရိကန်နိုင်ငံ ချီကာဂိုမြို့ရှိ  အသားထုပ်ပိုး အလုပ်ရုံတွင် တပ်ဆင်ထားသော ကိရိယာများကို တွေ့မြင်ခဲ့ပြီးနောက် ဟင်နရီဖို့ (ဒ်) သည် ထုတ်ကုန်များကို ထုတ်လုပ်မှုပတ်လမ်းအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ထုတ်လုပ်သောစနစ်ကို စတင်အသုံးပြုကာ ထိုစနစ်ကို မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။ ထိုစနစ်တွင် ထုတ်လုပ်မှုစက်ကိရိယာများ တပ်ဆင်ထားသော ပတ်လမ်းတစ်လျှောက်ရှိ အလုပ်သမားတစ်ယောက်အနေဖြင့် ၎င်းကို တာဝန်ပေးထားသောထုတ်လုပ်ရေး၊ တပ်ဆင်ရေး အလုပ်တာဝန် တစ်မျိုးတည်းကိုသာ ထပ်ခါတလဲလဲ ဆောင်ရွက်ရန်သာရှိသည်။ 

အဆိုပါထုတ်လုပ်နည်းစနစ်ကြောင့် အလုပ်သမားသည် ၎င်းတာဝန်ယူရသည့်  လုပ်ငန်းတွင်ကျွမ်းကျင်မှုပိုမိုရရှိလာပြီး လုပ်ငန်းရှင်အတွက်လည်း စရိတ်စက ပိုမိုကျဆင်းသက်သာလာစေကာ ထုတ်လုပ်နိုင်စွမ်းကို မြင့်မားလာစေသည်ဟုဆိုသည်။ သို့သော် အလုပ်သမားသည် အလုပ်တာဝန်တစ်မျိုးတည်းကိုသာ အမြဲတစေ လုပ်ကိုင်နေရသဖြင့် လုပ်ငန်းစွမ်းရည်မြင့်မားမှုမရရှိနိုင်သော အခြေအနေ ဖြစ်လာနိုင်သည်။ အားနည်းလာနိုင်သည့်  အလုပ်သမားများ၏ အခြေအနေကို ဖြည့်ဆည်းထောက်ပံ့သည့်အနေဖြင့်  ဟင်နရီဖို့ (ဒ်) သည်  ၎င်းတို့၏အလုပ်သမားများကိုမြင့်မားသောလုပ်ခ၊ လစာများပေးခဲ့သည်။ ၎င်းထုတ်လုပ်ထားသောစျေးသက်သာသည့်ကားများအတွက် စျေးကွက်တစ်ခုကိုလည်း ဖန်တီးပေးခဲ့သည်။ 

 ဝေါဟာရများ

ဖို့ (ဒ်) ဒစ်ဇင်=Fordism    

ကုန်ပစ္စည်း အမြောက်အမြားထုတ်လုပ်မှု =mass production          

မော်ဒယ်တီဖို့ (ဒ်) ကား=Model T-Ford car 

ဟင်နရီဖို့ (ဒ်)=Henry Ford

 စံချိန်သတ်မှတ်ချက်ဖြင့်ထုတ်လုပ်ခြင်း =standardization