ပြည်သူ့ကြွေးမြီ၊ ဖိအားများနှင့် အနာဂတ်အလားအလာ   

ပြည်သူ့ကြွေးမြီ၊ ဖိအားများနှင့် အနာဂတ်အလားအလာ   
Published 24 March 2024

အမေရိကန်အစိုးရ၏ ပြည်သူ့ကြွေးမြီ (public debt) သည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးမှုထက် ပို၍လျင်မြန်စွာကြီးထွားနေသည်။ လွန်ခဲ့သောနှစ်များစွာအတွင်း  အမေရိကန်အစိုးရသည် အသုံးစရိတ်များလုံလောက်မှုရှိစေရန် ငွေကြေးချေးယူမှုများ လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ယခုလည်း ဆက်လက်ချေးငှားယူနေရဆဲဖြစ်၏။

အစိုးရ၏ တစ်နေ့ချေးယူငွေသည် ယေဘုယျအားဖြင့် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံရှိလျှင် ထိုချေးယူငွေပမာဏကို  ၁၀ ဒေါ်လာတန် ငွေစက္ကူများဖြင့် စုပုံထားကြည့်ပါက ကမ္ဘာမြေမျက်နှာပြင်အထက် ၆၇ ဒသမ ၉ မိုင်အထက်အမြင့်အထိရှိနေလိမ့်မည်ဟု ဆိုသည်။ အမေရိကန်ဆီးနိတ်လွှတ်တော်အမတ်ဟောင်း အဲဗားရက် ဒါ့ခ်ဆန် (Everett Dirksen) တစ်ချိန်တစ်ခါက ပြောခဲ့ဖူးသည့် “A billion here, a billon there, and pretty soon you’re talking real money”စကားကဲ့သို့ပင် အစိုးရ၏ကြွေးမြီပမာဏသည် တဖြည်းဖြည်း ပမာဏနည်းနည်းဖြင့်တိုးလာခဲ့သော်လည်း ယခုအချိန်တွင် သိသိသာသာ အလွန်အမင်းကြီးမားသောပမာဏအဆင့်သို့ရောက်လာနေပြီဖြစ်သည်။    

အလွန်အကျွံ အသုံးပြုနေသည့် အစိုးရအသုံးစရိတ်ကို ပံ့ပိုးပေးနိုင်ရန်အတွက် အစိုးရသည် နေ့စဉ်နေ့တိုင်း အမေရိကန်ဒေါ်လာ ၁၀ ဘီလျံချေးယူနေသည်။ ထိုအခြေအနေသည် ရက် ၁၀၀ ပြည့်တိုင်း ယခင်ရှိပြီးသား ပြည်သူ့ကြွေးမြီပမာဏထဲသို့ နောက်ထပ်ကြွေးမြီ အမေရိကန်ဒေါ်လာ တစ်ထရီလီယံထပ်ပေါင်းထည့်သကဲ့သို့ အဓိပ္ပါယ်ရသည်။ တကယ့်လက်တွေ့အခြေအနေ၌လည်း အမေရိကန်နိုင်ငံ၏ ကြွေးမြီဝန်ထုပ်သည် ပိုမိုလျင်မြန်စွာကြီးထွားလာနေသည်။ ၂၀၂၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က အမေရိကန်ဒေါ်လာ ၃၂ ထရီလီယံရှိနေရာမှ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဒေါ်လာ ၃၃ ထရီလီယံဖြစ်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ ၃၄ ထရီလီယံပမာဏကို ကျော်လွှားရောက်ရှိသွားခဲ့ပြီဖြစ်သည်။  

အမေရိကန်နိုင်ငံ ပြည်သူ့ကြွေးမြီသည်ယခင်က လျင်လျင်မြန်မြန်ကြီးထွားမှုမရှိ။ အမေရိကန်ဒေါ်လာ ၃၁ ထရီလီယံမှနေ၍ နောက်ထပ်တစ်ထရီလီယံတိုးမြင့် လာရန်မှာ ရှစ်လခန့်ပင် အချိန်ကြာမြင့်ခဲ့ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနမှ ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။ ယခုသည် ယခင်အခြေအနေမျိုးမဟုတ်တော့။ မြန်မြန်ဆန်ဆန်ပင် ကြီးထွားလာနေသည်။ အမေရိကန်စီးပွားရေး သတင်းအစီအစဉ် စီအမ်ဘီစီ (CNBC) မှ မစ်ရှယ်ဖောက်ဇ် (Michelle Fox) က သမ္မတ ဂျိူးဘိုင်ဒင်၏ အုပ်ချုပ်မှုအောက်တွင် လွန်ခဲ့သည့် ကိုးလတာအတွင်း၌ နိုင်ငံ၏ပြည်သူ့ကြွေးမြီ ကြီးထွားလာသည်ကို  သရုပ်ဖော်နိုင်ရန်အတွက် အဆိုပါအခြေအနေမှတ်တမ်းများကို အသုံးပြုခဲ့သည်ဟုဆိုသည်။

အမေရိကန်ရှိ အကြီးဆုံး ပုဂ္ဂလိကဘဏ် Bank of America ၏ ရင်းနှီးမြုပ်နှံမှုသုတေသီ၊ မဟာဗျူဟာပညာရှင် မိုက်ကယ်ဟာ့တ်နက် (Michael Hartnett) ကလည်း  ရက် ၁၀၀ ပုံစံအခြေအနေသည်   အမေရိကန်ဒေါ်လာ  ၃၄ ထရီလီယံမှ ၃၅ ထရီလီယံသို့ ရွေ့လျားလာမှုနှင့်အတူ ဆက်လက်တည်ရှိနေမည်ဟု ယုံကြည်နေသည်။ ၎င်း၏ ကြိုတင်ခန့်မှန်းချက်မှန်ကန်ခဲ့ပါလျှင်အမေရိကန်အစိုးရ၏ စုစုပေါင်းပြည်သူ့ကြွေးမြီသည် ၂၀၂၄ ခုနှစ် ဧပြီလ ၁၃ရက်နေ့ဝန်းကျင်၌ အမေရိကန် ဒေါ်လာ ၃၅  ထရီလီယံအထိ ရောက်ရှိလာလိမ့်မည်မှာ သေချာ၏။ အမေရိကန်စီးပွားရေးသည် ကြွေးမြီဝန်ထုပ်ဝန်ပိုးဒဏ် ပိလျက်နေခဲ့ပြီလော။       

 ၂၀၂၃ ခုနှစ် နိုဝင်ဘာလကလည်း  အမေရိကန်အစိုးရ၏ ကြွေးမြီစီမံခန့်ခွဲမှုစွမ်းရည်အပေါ် အဆင့်လျှော့ချထားသည့် ရှုမြင်ချက်များနှင့်အတူ ဘဏ္ဍာရေးဝန်ဆောင်မှု အေဂျင်စီ Moody's Investors Service က  သုံးသပ်ခဲ့ပြီးဖြစ်သည်။ အစိုးရအသုံးစရိတ်လျှော့ချနိုင်ရေးအတွက်လည်းကောင်း သို့မဟုတ် အစိုးရ၏ ရငွေတိုးမြှင့်နိုင်ရေးအတွက်လည်းကောင်း ထိရောက်သည့် ဘဏ္ဍာရေးမူဝါဒနည်းလမ်းများမရှိဘဲ အတိုးနှုန်းမြင့်တင်နေသည့်အခြေအနေ၌ အစိုးရ၏ ကြွေးမြီပေးဆပ်နိုင်မှုမှာသိသိသာသာ အားနည်းနေမည်ဖြစ်ပြီး ဘဏ္ဍာရေးလိုငွေပြမှုသည်ကြီးထွားနေမြဲကြီးထွားနေလိမ့်မည်ဟု Moody က ကောက်ချက်ချထားသည်။ 

Moody ၏ အနုတ်လက္ခဏာဆန်သော အကဲဖြတ်သုံးသတ်ချက်အပေါ် အမေရိကန်အစိုးရသည် တုပ်တုပ်မျှမလှုပ်။ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အဓိပ္ပ္ပာယ်ရှိသော မည်သည့်ပြုပြင်ပြောင်းလဲမှုမှ ပြုလုပ်ခဲ့သည်ကို မတွေ့ရပေ။  

သမိုင်းကြောင်းကို ပြန်ကြည့်သောအခါ ပြည်သူ့ကြွေးမြီသည် စစ်ပွဲများမရှိသည့်အခြေအနေ၊ စီးပွားရေးတိုးချဲ့လုပ်ဆောင်မှုများ အားကောင်းနေသည့် အချိန်မျိုးတွင် ကျဆင်းလျက်ရှိနေတတ်သည်။ သို့သော် ပြီးခဲ့သည့်ဆယ်စုနှစ်ကာလများအတွင်း၌ ထိုအခြေအနေမျိုးမဟုတ်တော့။ အစိုးရ၏ အသုံးစရိတ်နှင့် ဝင်ငွေရရှိမှု အကြား ကွာဟချက်ကြီးမားလာကာ ပြည်သူ့ကြွေးမြီပမာဏသည် တဖြည်းဖြည်းကြီးထွားလျက်ရှိနေသည်။ အကြောင်းရင်းဇာစ်မြစ်များတွင် အသက်အရွယ်ကြီး   သူများအတွက် မြင့်တက်လာသော ကျန်းမာရေးစောင့်ရှောက်မှုစရိတ်များ၊ Medicare အစီအစဉ်အပါအဝင် လူမှုဖူလုံရေးအသုံးစရိတ်များနှင့်လည်းသက်ဆိုင်သည်။    မြင့်မားသောအတိုးနှုန်းနှင့်  မြင့်တက်လာသော ကြွေးမြီပမာဏကြောင့်လည်း ဖြစ်နိုင်သည်။ အစိုးရ၏ ရင်းနှီးမြှုပ်နှံသူများထံ ပေးရသည့်အတိုးငွေများလည်း ပါဝင်သည်။ အခြားသော အကြောင်းကိစ္စများရှိနေသည်။  

အစိုးရ၏ ၂၀၂၃ ဘဏ္ဍာနှစ်တွင် အတိုးငွေကြေးနှင့်ပတ်သက်၍ အသားတင်အသုံးစရိတ်သည် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၃၉ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၄၇၅  ဘီလျံမှ ၆၅၉   ဘီလျံအထိ) တိုးမြင့်လာခဲ့သည်။ ပြဿနာသည် ဆယ်စုနှစ်နှစ်ခုကျော်ခဲ့ပြီ။ ၂၀၀၂ ခုနှစ်ကတည်းက အမေရိကန်အစိုးရသည် 

လိုငွေပြ ဘတ်ဂျက်ဖြင့် ဖြတ်သန်းခဲ့ရသည်။ ကြွေးမြီသစ်များကိုလည်း နှစ်စဉ်မပြတ် ထပ်ပေါင်းထည့်နေရသည်။ 

တိုးပွားလာသော ကြွေးမြီများသည် အမေရိကန်အစိုးရအတွက် နောက်ထပ်ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြစ်လာနိုင်သည်။ စီးပွားရေးတိုးတက်မှုနှင့် ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြုပ်နှံမှုတို့အတွက် ကြီးမားသောအန္တရာယ်ဖြစ်လာနိုင်သည်။ နိုင်ငံသားတစ်ဦးချင်းအပေါ်တွင်လည်း ဖိအားများဖြစ်လာနိုင်သည်။ ကုန်ထုတ်စွမ်းအား ဆုံးရှုံးမှုများနှင့်အတူ လုပ်ခလစာများလျော့ကျသွားနိုင်သည်။ လူတစ်ဦးချင်းစီပေါ်တွင် အတိုးနှုန်းဝန်ထုပ်ကြီးမားလာနိုင်သည်။  

ရငွေ၊ အသုံးစရိတ်မူဝါဒများ ပြောင်းလဲနိုင်စွမ်းမရှိပါက လာမည့် ၂၀၂၈ ခုနှစ်တွင် အစိုးရ၏ ပြည်သူ့ကြွေး မြီသည် ဂျီဒီပီ (GDP) ၏ ၁၀၆ ဆအထိဖြစ်လာနိုင်ဖွယ်ရှိသည်။ အမေရိကန်ကွန်ဂရက်လွှတ်တော်အနေဖြင့် အစိုးရ၏ ဘဏ္ဍာရေးနှစ်ရည်မှန်းချက်များနှင့်သင့်လျော်မည့် လမ်းပြမြေပုံတစ်ခုကို ပေါင်းစပ်ပုံဖော်ပေးရန်အတွက် ရေရှည်ဘဏ္ဍာရေးစီမံချက်တစ်ခု ရေးဆွဲပေးသင့်သည်။ မြန်မြန်ဆန်ဆန် ဖြေရှင်းဆောင်ရွက်ရန်လိုသည်။ လုပ်ဆောင်နိုင်စွမ်းမရှိခဲ့ပါက ပြည်သူ့ကြွေးမြီပမာဏသည် နိုင်ငံ၏စီးပွားရေးတိုးတက်မှုထက် နှစ်ဆပိုမိုကြီးထွားလာနိုင်ပြီး ၂၀၅၀ ပြည့်နှစ်တွင် ဂျီဒီပီ၏ ၂၀၀ ရာခိုင်နှုန်းအထိသို့ပင် ရောက်ရှိသွားနိုင်သည်။   အမေရိကန်စီးပွားရေးအနာဂတ်အတွက် ကြီးမားသောဘေးအန္တရာယ်ပင်။   

Ref: www.eurasiareview.com 

ရွှေသင် (MPP)



 

 

  

Most Read

Most Recent