ညောင်ရွှေနယ်မှ သမိုင်းဝင် ရှေးဟောင်းစေတီတော်များ

ညောင်ရွှေနယ်မှ သမိုင်းဝင် ရှေးဟောင်းစေတီတော်များ
​​​​​​​ညောင်ရွှေနယ်မှ ရွှေအင်းတိန် ရှေးဟောင်းစေတီတော်များကို ဖူးတွေ့ရစဉ်
​​​​​​​ညောင်ရွှေနယ်မှ ရွှေအင်းတိန် ရှေးဟောင်းစေတီတော်များကို ဖူးတွေ့ရစဉ်
Published 7 April 2024

ကျွန်တော်အိမ်မှာ နေရတာ ပျင်းလာတာ နှင့် အိမ်ပြင်ထွက်ရင်း ရောက်ရာပေါက်ရာ ခရီးထွက်နေမိသည်။ ရွှေညောင်ကို ရောက် တော့ မုန့်စားချင်လာတာနှင့် အင်းလေးကန် အနောက်ဘက်ခြမ်းမှာလုပ်သည့် အင်းလေး မုန့်များကို သွားစားဖို့ ချဉ်ခြင်းတပ်မိတော့ သည်။ ကိုယ်ကလည်း စိတ်မြန်လက်မြန်သ မားမို့ ချက်ချင်း ကောက်ကာငင်ကာ ညောင် ရွှေမြို့နယ်ကို မထင်မှတ်ဘဲ လည်ပတ်မိတော့ သည်။ ညောင်ရွှေသည် တကယ့်ကို လည်စရာ ပတ်စရာ ပေါများလွန်းသဖြင့် ရှမ်းတောင်ပိုင်း တွင် ကမ္ဘာကျော် ခရီးသွားမြို့တော်ဖြစ်နေ သည်ဟု ကျွန်ုပ်ဆိုလျှင် မှားအံ့မထင်။

နွေရာသီ အိုက်စပ်ပူလောင်သောနေ့ တွင် ကျွန်တော်သည် ညောင်ရွှေနယ် နေရာ အနှံ့ လည်ပတ်နေခြင်းလည်းဖြစ်သည်။ ခရီး ထွက်နေရလျှင် ခန္ဓာကိုယ်ကျန်းမာပြီး ပိုမို စိတ်ပျော်ရွှင်သည်ဟု ကျွန်ုပ်ခံစားမိသည်။

ရှေးဟောင်းမြို့တော် (သို့မဟုတ်) သုခမြို့တော်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင် တွင် တည်ရှိသော ညောင်ရွှေမြို့နယ်သည် ရှေးဟောင်းမြို့တော်လေးတစ်မြို့ဟုပင် စာ ရေးသူ က တင်စားခေါ်ဝေါ်လိုက်ချင်ပါသည်။ ညောင်ရွှေနယ်သည် ပုဂံခေတ်ထက် မြို့တည် နှစ်စောကြောင်း မှတ်တမ်းများအရ သိရသည်။

ညောင်ရွှေနယ် တွင် ပုဂံခေတ်လက်ရာ အတိုင်း တည်ထားကိုးကွယ်သော သမိုင်းဝင် ရွှေအင်းတိန်စေတီတော်များ တည်ရှိပါသည်။ ရွှေအင်းတိန်ဘုရားများ သွားရောက်လည်ပတ် လေ့လာကြည့်ရာ ပုဂံရောက်သွားသည့် ခံစား ချက်အတိုင်း အငွေ့အသက်မျိုးကို ခံစားမိပါ သည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရွှေအင်း တိန်စေတီတော်များသည် အရန်စေတီပေါင်း တစ်ထောင်ကျော်ရှိသဖြင့် မွေတော် ကက္ကူဘု ရားပြီးလျှင် ဒုတိယမြောက် စေတီတော်အများ ဆုံးတည်ထားခြင်းဖြစ်သည်။

အင်းလေးကန်တွင် ထင်ရှားသော ဘုရား များမှာ (၁) အင်းလေးဖောင်တော်ဦးဘုရား၊ (သာလေးကျေးရွာအုပ်စု)၊ (၂) အလိုတော် ပေါက်ဘုရား (နန်းပန်ကျေးရွာအုပ်စု)၊ (၃) အင်းတိန်ဘုရား (ကျေးပေါခုံကျေးရွာအုပ်စု) နှင့် (၄) ငါးဖယ်ချောင်းကျောင်း (ကြောင်ခုန် ကျောင်း) စသည်တို့ဖြစ်ကြသည်။

ထို့ပြင် အင်းလေးကန် အနောက်ဘက် ခြမ်းတွင် ရွှေဟင်္သာကျတောင်တိုမွေတော် ဘုရားနှင့် စံကား-တာခေါင်မွေတော်ဘုရား များ စသည်တို့လည်း တည်ရှိကြသည်။ အဆို ပါ ထင်ရှားပြီး တန်ခိုးကြီးဘုရားတည်ရှိရာ နေရာများကို အဓိကထားပြီး လိုက်ပို့ရကြောင်း စက်လှေဆရာတစ်ဦးက ဆိုသည်။

အင်းလေးကန် ဖောင်တော်ဦးဘုရားများ ဒေသစာရီ <ကချီအပူဇော်ခံရာ လမ်းတစ် လျှောက်ရှိ ကျေးရွာများတွင် ဘုရားကျိန်း အပူ ဇော်ခံသော ကျောင်းတော်ပေါင်း ၂၁ ကျောင်း ထက်မနည်း ရှိကြပါသည်။ ထိုဘုရားကျိန်း ကျောင်းများမှာ (၁) အင်းလေးဖောင်တော်ဦး ကျောင်းတော်၊ (၂) အင်းတိန်ကြေးပေါခုံ ကျောင်း၊ (၃) ဟဲယာရွာမကျောင်း၊ (၄) ငါး ဖယ်ချောင်းကျောင်း၊ (၅) ကြေးစားကျောင်း၊ (၆) ပွဲစားကုန်းကျောင်း၊ (၇) လင်းကင်းကျောင်း၊ (၈) ညောင်ရွှေမြို့ ဘုရားကျိန်းကျောင်း၊ (၉) နမ့်သဲကျောင်း၊ (၁၀) မိုင်းသောက်ကျောင်း၊ (၁၁) သလဲဦးကျောင်း၊ (၁၂) ကေလာကျောင်း၊ (၁၃) ဇရပ်ကြီးကျောင်း၊ (၁၄) ဘုရားပေါက် ကျောင်း၊ (၁၅) နမ့်ပန်ကျောင်း၊ (၁၆) မန်ကျည်း ဆိပ်ကျောင်း၊ (၁၇) ကျိုင်းခမ်းကျောင်း၊ (၁၈)မိုင်းပျိုးကျောင်း၊ (၁၉) နောင်တောကျောင်း၊ (၂၀) အင်းပေါခုံကျောင်း၊ (၂၁) ရေသာ ကျောင်းတို့ ဖြစ်ကြသည်။

ညောင်ရွှေမြို့ (မြို့ပေါ်) တွင် ထင်ရှား သောဘုရားစေတီများမှာ (၁) ရတနာမာရ် အောင်ဘုရား၊ (၂) ဆုတောင်းပြည့်စေတီတော် ကြီး၊ (၃) ရွှေဇာလီဘုရားနိတြောဓာရုံဘုရား၊ (၄) တိန့်နန်းဘုရား၊ (၅) မြစေတီဘုရား၊ (၆)ရွှေချမ်းသာဘုရား၊ (၇) ဖောင်တော်ဆိပ်ဘုရား၊ (၈) နှစ်ကျိပ်ရှစ်ဆူဘုရား၊ (၉) ဗောဓိသတ် ဘုရားတို့ဖြစ်ကြသည်။

ညောင်ရွှေမြို့နယ်သည် လည်ပတ်စရာ ပေါများ၍ ကျေးရွာအများအပြား တည်ရှိကာ ရာသီပေါ်သီးနှံများ ၊ ရိုးရာစားစရာများ ရောင်း ချသောစျေးများလည်းရှိသည်။

ညောင်ရွှေမြို့နယ် စည်ပင်သာယာရေး လုပ်ငန်းများမှာ စည်ပင်သာယာစျေး ၁၁ စျေး ရှိကာ (၁) မြို့မစျေး၊ (၂) နန်းပန်စျေး၊ (၃) မိုင်းသောက်စျေး၊ (၄) ခေါင်တိုင်စျေး၊ (၅) သန်းတောင်စျေး၊ (၆) အင်းတိန်စျေး၊ (၇) ကျောက်တိုင်စျေး၊ (၈) တောင်တိုစျေး၊ (၉) မှော်ဘီစျေး၊ (၁၀) စံကားစျေး၊ (၁၁) လုံကန် စျေးတို့ ဖြစ်ကြသည်။

အင်းလေး ဖောင်တော်ဦးဘုရား

ညောင်ရွှေမြို့ပေါ် လည်ပတ်ပြီးနောက် အင်းလေးကန်တွင်းရှိ အင်းလေးဖောင်တော် ဦးဘုရားနှင့် အလိုတော်ပေါက်ဘုရားကို သွား ရောက် လည်ပတ်ခဲ့သည်။ နန်းပန်လှေဆိပ်မှ သွားခြင်းကြောင့် အလိုတော်ပေါက်ဘုရား ဦးဆုံးဝင်ရောက်ဖူးမြော်ခဲ့သည်။

အင်းလေး အလိုတော်ပေါက်ဘုရားသည် ဆုတောင်းပြည့်သည်ဟု နာမည်ကြီးကာ ရှေး ဟောင်းသမိုင်းဝင် စေတီတော်တစ်ဆူဖြစ် သည်။ နန်းပန်အလိုတော်ပေါက်ဘုရားကို နန်း ပန်ဘုရားပေါက် ဟုလည်း ခေါ်ဆိုကြသည်။ အလိုတော်ပေါက်ဘုရား၏ တောင်ဘက်မုခ် တွင် မူလတည်ထားသောစေတီကို ဖူးတွေ့နိုင် သည်။ အလိုတော်ပေါက်ဘုရား ဂူအတွင်း ရှေးဟောင်းလက်ရာ ဆင်းတုတော်လေးဆူ ကို ဖူးမြော်နိုင်ပါသည်။

အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရား သည် အင်းလေးကန်၏ နှလုံးသည်းပွတ်ဖြစ် သလို မြန်မာနိုင်ငံ၏ အမွေအနှစ်ဟုလည်း ဆိုနိုင်ပါသည်။ အင်းလေးဖောင်တော်ဦး ရုပ် ရှင်တော်မြတ်များကို အင်းသူအင်းသားများ နှင့် ရှမ်းပြည်သူရှမ်းပြည်သားများက အလေး ထားကိုးကွယ်ကြသည်။

သမိုင်းဝင် ရွှေအင်းတိန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ နယ်၊ ကျေးပေါခုံကျေးရွာအုပ်စုရှိ ရှေးဟောင်း သမိုင်းဝင် ရွှေအင်းတိန်ဘုရားကို သာသနာ တော်နှစ် ၂၀၀ ခုနှစ်ကျော်ခန့်တွင် ပါဋလိပုတ် ပြည်ရှင် သီရိဓမ္မာသောကမင်းကြီး တည်ထား ကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး အနော်ရထာမင်းမှ ရှေးဦးစွာ ပြုပြင်ထပ်ဆင့်တည်ထား၍ ထပ်မံ ပြုပြင်ခဲ့သောမင်းများမှာ နရပတိစည်သူမင်း၊ မိုးညှင်းမင်းတရားကြီး၊ မင်းရဲကျော်စွာ၊ မင်း ခေါင်၊ ဆင်ဖြူရှင်မင်းတို့ဖြစ်ကြောင်း သိရ သည်။

ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတိန် မြတ်စွာဘုရားကြီး၌ အရန်စေတီတော် အဆူ ပေါင်း ၁၀၅၄ ဆူရှိ၏။

ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတိန် မြတ်စွာဘုရားကြီးသည် ညောင်ရွှေမြို့၊ အင်း လေးဒေသ အနောက်ဘက် အင်းပတ်လမ်း အတိုင်းသွားရပြီး တောင်လေးလုံးလမ်းဆုံမှ ရွှေအင်းတိန်ဘုရားကြီးသို့ ၂၂ မိုင် ကတ္တရာလမ်း ဖြင့်လည်းကောင်း၊ အောင်ပန်းမြို့မှ ရွှေအင်း တိန်မြတ်စွာဘုရားကြီးသို့ ၂၄ မိုင်၊ ကတ္တရာ လမ်း၊ ကျောက်ချောလမ်းဖြင့်လည်းကောင်း၊ ညောင်ရွှေမြို့မှ ရွှေအင်းတိန်မြတ်စွာဘုရား ကြီးသို့ ၁၆ မိုင်၊ ရေလမ်းခရီး စက်လှေဖြင့် လည်းကောင်း ဖူးမြော်နိုင်ကြောင်း သိရသည်။

အင်းလေးကန်၊ ဖောင်တော်ဦးမြတ်စွာ ဘုရား ဒေသစာရီ <ကချီလှည့်လည်အပူဇော်ခံပွဲ ပထမနေ့တွင် ညောင်ရွှေ မူလစံကျောင်းတော် မှ ရွှေအင်းတိန်ဘုရားကျိန်းကျောင်းတွင် တစ် ညတာ ကျိန်းစက်အပူဇော်ခံထားရှိခြင်းဖြစ်ပြီး ရေလမ်းခရီးကျဉ်းသဖြင့် ကရဝိက်ဖောင်တော် အငယ်ဖြင့်သာ ကြွ ချီခြင်းဖြစ်ကာ ရေလမ်း ကျယ်သော ကျေးရွာအရောက်တွင်မှ ဖောင် တော်အကြီးဖြင့် ပြောင်းလဲပင့်ဆောင်တော်မူ ခြင်းဖြစ်ကြောင်း သိရသည်။

ရှေးဟောင်းသမိုင်းဝင် ရွှေအင်းတိန် မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်နှင့် ကဆုန် လတို့တွင် နှစ်စဉ် ဗုဒ္ဓပူဇနိယဆွမ်းကြီးလောင်း လှူပွဲတော် နှစ်ပွဲကျင်းပလေ့ရှိပြီး သီတင်း ကျွတ် လပြည့်ကျော် ၇ ရက်တွင် ဆွမ်းဆန်စိမ်း လောင်းလှူခြင်း၊ ၈ ရက်နေ့ တွင် ဆွမ်း၊ ဟင်း လျာတို့ဖြင့် နှစ်စဉ်နှစ်တိုင်းအစဉ်အလာမပျက် လောင်းလှူပူဇော် ကျင်းပလျက်ရှိကြောင်း သိရသည်။

တာခေါင်မွေတော်ဘုရား

စံကား ရှေးဟောင်းသမိုင်းဝင်ဘုရား၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း၊ စကားမြို့နှင့် စကားငါးရက်စျေးနှင့် သာခေါင်စေတီစုများ၊ သာယာကုန်းရွာ အရက်ဖိုတို့ကို လည်ပတ်နိုင် သည်။ စံကားရွာမှာ ရှေးဟောင်းသမိုင်းဝင် ဘုရားပေါင်း ၁၂၀ ဆူရှိပြီး သာခေါင်ရွာ ရှေး ဟောင်းသမိုင်းဝင်ဘုရားပေါင်း ၂၃၆ ဆူရှိကာ သာခေါင်ဆွမ်းလောင်းပွဲကို နတ်တော်လပြည့် နေ့တွင် နှစ်စဉ်ကျင်းပလေ့ ရှိမြဲ ဖြစ်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး ခရိုင်၊ ညောင်ရွှေမြို့နယ်ရှိ ရှမ်း၊ အင်း၊ ပအိုဝ်း တိုင်းရင်းသားများနေထိုင်ရာ စံကားရွာသည် တိမ်မြှုပ်နေသော ရှေးဟောင်းမြို့ဟောင်း ကျေးရွာတစ်ရွာအဖြစ်ထင်ရှားပြီး ရှေးဟောင်း ယဉ်ကျေးမှု ဘုရားစေတီများစွာ ရှိပါသည်။ စံကားတွင် တာခေါင်မွေတော် စေတီစု တည်ရှိပြီး၊ ကက္ကူမွေတော် ဘုရားကဲ့သို့ပင် ယွန်းရှမ်းများ၏ လက်ရာ ရှေးဟောင်းဗိသုကာ အမွေအနှစ် များကို လေ့လာနိုင်ပေသည်။ စံကားမြို့သည် အေဒီ ၁၄၇၉ ခုနှစ် တွင် ထိုင်း နိုင်ငံ ချင်းဟိုင်းကို အုပ်စိုးသော စော်ဘွား ညီ တော် ဗရားလိုင်း၊ နောက်ပါများက အခြေချခဲ့ ကြောင်း မှတ်တမ်းအရ သိရသည်။ ခရစ်သက္က ရာဇ် ၁၇၉၀ ခုနှစ်တွင် အိမ်ခြေ ၁၉၆၀ နီးပါး ရှိသော စံကားမြို့သည်  စည်ပင်တိုးတက်ခဲ့ သည်။ ၁၉၇၀ ခုနှစ်ခန့်မှာ မိုးဗြဲရေလှောင်တမံ တည်ဆောက်ခြင်းကြောင့် စံကားမြို့တော် တစ်ဝက်ကျော် ရေဖုံးလွှမ်းခဲ့ပြီး ကျေးရွာပေါင်း များစွာ ပြောင်းရွှေ့ခဲ့ရကာ စံကားအင်းနှင့် ဖယ်ခုံအင်း ဖြစ်လာသည်။

ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်မှ ပျူခေတ်အထိ ညောင်ရွှေ

ရွာငံမြို့နယ် (ပြဒါးလင်းဂူ) နှင့် ညောင် ရွှေမြို့နယ်တို့သည် ကျောက်ခေတ်လူသား များ နေထိုင်ကြသော မှတ်တမ်းများရှိကြ သည်။

အင်းလေးကန်၏ သက်တမ်းမှာလည်း နှစ်ပေါင်းသန်း ၂၀ ကြာပြီဟု စာပေမှတ်တမ်း များက ဆိုကြသည်။ အင်းလေးကန်၌ ကျောက် ခေတ်လူသားများ နေထိုင်ကြသော အထောက် အထားမှတ်တမ်းများ တွေ့ရှိဖူးကြောင်း စာပေ မှတ်တမ်းများအရ သိရသည်။ ထို့ပြင် ကြေး လက်နက်သုံးစွဲသော ကြေးခေတ်တွင်လည်း အင်းလေးကန်တွင် ကြေးခေတ်လူသားများ နေထိုင်သွားသော အထောက်အထားများ ရှိသည်ဟု ဆိုသည်။ ပျူယဉ်ကျေးမှုထွန်းကား သော အချိန်ကာလတွင် ပျူလူမျိုးတို့သုံးစွဲ သော ပစ္စည်းများကို အင်းလေးကန် အနောက် ဘက်ကမ်း ခေါင်တိုင်ရွာနှင့် အရှေ့ဘက်ကမ်း အင်ကြင်းကုန်းရွာတို့တွင် တွေ့ခဲ့ရကြောင်း သိရသည်။ (အင်းလေးကန်နှင့် အင်းသားလူ မျိုးတို့၏ ဘဝအထွေထွေ စာအုပ်ဖော်ပြချက်)        အဆိုပါ အချက်အလက်များကို ကြည့် ခြင်းအားဖြင့် အင်းလေးကန်သည် နှစ်ပေါင်း များစွာကပင် လူသားတို့နေထိုင်ခဲ့ကြပြီဟု ဆိုနိုင်သည်။

ပုဂံခေတ်မတိုင်မီကပင် ညောင်ရွှေ တည်ရှိ

ရှေးအခါက မြို့၏အရှေ့ဘက် ဣဿယ ကုန်းတော်ပေါ်၌ ရွှေအဆင်းရှိသော ဗောဓိ ညောင်ပင် ပေါက်လျက်ရှိသည်။ မြို့တည် သောအခါ ညောင်ရွှေဟု ခေါ်တွင်ခဲ့သည်။

ညောင်ရွှေမြို့သည် မူလတည်ထောင်ချိန် တွင် ရှမ်းအမျိုးသားများသာ နေထိုင်ခဲ့ကြ သည်။ ညောင်ရွှေမြို့သည် ပုဂံထက် မြို့တည် နှစ်စောသည်ကို တွေ့ရကြောင်း ကမ္ဘာ့စွယ်စုံ ကျမ်းတွင် မှတ်တမ်းတင်ထားသည်။

ရှမ်းပြည်နယ် တောင်ပိုင်းရှိ ညောင်ရွှေမြို့ သည် ]]ရှမ်းပြည်အစ မိုင်းမောက}} ဟူသော စကားအရ ပုဂံခေတ်မှ ပထမအင်းဝခေတ် အထိ မိုင်းမောဒေသမှအစပြု၍ တဖြည်းဖြည်း ထွန်းကားတိုးတက်လာခဲ့သော (၁) မိုးကောင်း၊ (၂) မိုးညှင်း၊ (၃) မိုးမိတ်၊ (၄) ကလေး (ရာဇ ဂြိုဟ်)၊ (၅) သိန္နီ၊ (၆) အုန်းပေါင်သီပေါ၊ (၇) မိုးနဲ၊  (၈) မိုးဗြဲ၊  (၉) ညောင်ရွှေပြည်ကြီးဟူသော မောကိုးပြည်ထောင်စုတွင်ပါဝင်၍ အရန်မြို့ ပေါင်း ၃၉ မြို့ (သို့မဟုတ်) ၃၉ တိုက်နယ်တို့ဖြင့် ဖွဲ့စည်းထားသည်။ ၃၉ လုံးမိုင်း ကမ္ဘောဇရဋ္ဌ အရ ညောင်ရွှေပြည်ကြီးဟု ခေါ်ဝေါ်သမုတ် ခံခဲ့ရသည့် ဗဟိုမြို့ကြီးတစ်မြို့လည်း ဖြစ်ခဲ့ သည်။

အထက်ပါ မောကိုးပြည်ထောင်တို့၌ ]]ရှမ်းမင်းအစ ဘိန္နက }} ဟူသော စကားအတိုင်း ဘိန္နကရာဇာမင်းမြတ်မှအစပြု၍ အစဉ်မပြတ် စိုးစံခဲ့ကြသော မဟာနွယ်သနင်း မောမင်းအ ပေါင်းတို့သည် ထီးဖြူရာဇပလင် ဥကင်ဖွင့်လှစ် ပဒေသရာဇ်မင်းအဖြစ်ဖြင့် စိုးစံအုပ်ချုပ်ခဲ့ကြ လေသည်။

ဤသည်မှာ ကမ္ဘာ့စွယ်စုံကျမ်းတွင် ဖော်ပြထားခြင်း ဖြစ်သည်။

ညောင်ရွှေမြို့နယ် ဒေသဆိုင်ရာ အချက်အလက်များ

ညောင်ရွှေမြို့နယ်၏ ဧရိယာအကျယ် အဝန်းမှာ ၅၆၁ ဒသမ ၄၂ စတုရန်းမိုင်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၂၉၅၀ ပေတွင် တည်ရှိသည်။

သာကီဝင်မင်းမျိုး ဘိရာဇာ၏ အနွယ်ဖြစ် သော စော်ဘွားကြီးသည် ယခုလက်ရှိမြို့တည် ရာအရပ်၏ မြောက်ဘက် ဗောရိဿဘုရား အနီးတွင် ကောသမ္ဘီမြို့အမည်ဖြင့် မြို့တည် ထောင် အုပ်ချုပ်နေစဉ် ပုဂံအလောင်းစည်သူ မင်းကြီးလက်ထက် ကောဇာသက္ကရာဇ် ၄၇၅ ခုနှစ်တွင် တရုတ်တို့ ဝင်ရောက်ဖျက်ဆီးခြင်း ကြောင့် ကောသမ္ဘီမြို့၏ တောင်ဘက်သို့ ရွှေ့ ပြောင်းပြီး ယခုမိုင်းသောက်အင်းရွာနှင့် သလဲ ဦးအင်း ရွာတို့အကြား ပေပင်အင်းရွာ၏ အ နောက်ဘက် အင်းရေ ပြင် ရမ္မာဝတီအမည်ဖြင့် တည်ထောင်ခဲ့သည်။ ၎င်းင်းရမ္မာဝတီမြို့ကြီး သည်လည်း အနောက်ဘက်ဒေသရှိ ဟဲဟိုး သီခေါင်နယ်ဘက်မှ တောင်ပြိုခြင်းကြောင့် ယခုပုန်းအင်းရွာဟုခေါ်သော ဟဲဟိုးချိုင့်ဝှမ်း ဒေသရှိ အင်းရေများ ညောင်ရွှေအင်းသို့ စီးဝင် ခဲ့သဖြင့် ရမ္မာဝတီမြို့ကြီးသည် ရေဘေးကြောင့် ပျက်စီးခဲ့ရသည်။ ထို့ကြောင့် အရှေ့မြောက်ဒေ သရှိ မန်ကျီးစင် ပန်းဖယ်အရပ်သို့ ပြောင်းရွှေ့ ၍ မြို့ပြတည် ထောင်ကာ စိုးစံခဲ့သည်။

ယင်းမြို့စော်ဘွားမင်း အဆက်ဆက် စိုးစံခဲ့ရာ ဆီဆိုင်ဘွားအမည်ရှိသော စော်ဘွား သည် ရွှေညောင်ပင်ပေါက်ရာအရပ်တွင် မြို့ တည်ထောင်၍ စိုးစံလျှင် မြို့သက်ရှည်ကာ သာသနာထွန်းတောက်လိမ့်မည်ဟု အိပ်မက် အရ မြို့သစ်တည်ထောင်ရန် ဆန္ဒပြင်းပြခဲ့သ ဖြင့် ပညာရှိမှူးမတ်များကို မြို့နေရာရှာဖွေရန် စေလွှတ်ခဲ့ရာ မန်ကျီးစင် ပန်းဖယ်မြို့မှ ပြောင်း ရွှေ့ခဲ့ပြီး ဣဿရိယကုန်းမြေ၏ အနောက် ဘက် (ယခု ဟော်ဟောင်းကွင်းဟု ခေါ်ဆို သော လွတ်လပ်ရေးကျောက်တိုင် စိုက်ထူထား ရာ) အရပ်၌ ကောဇာသက္ကရာဇ် ၇၂၁ ခုနှစ် တွင် အရှေ့သို့လားသော် တောင်တန်းကြီးအ ထိ၊ မြောက်သို့လားသော် တာယောလမ်း (စခန်းကြီး) အထိ မြို့တွင်းနယ်မြေအဖြစ် သတ် မှတ်ပြီး မြို့သစ်တည်ထောင်ကာ အုပ်ချုပ်ခဲ့ လေသည်။ မြို့တော်သစ်၏ မင်္ဂလာရှိသော အရှေ့အရပ်တွင် ဣဿရိယကုန်းပေါ်၌ ရွှေ အဆင်းရှိသော ဗောဓိညောင်ပင် ပေါက်ရောက် သည်ကို အစွဲပြု၍ ညောင်ရွှေမြို့ဟု သမုတ်ခဲ့ ရာ ယနေ့တိုင် ခေါ်ဝေါ်လျက်ရှိသည်။

(စာရေးဆရာ၊ သမိုင်းသုတေသီ ဆရာ ဦးသိန်း သန်းထွန်း ပြုစုပေးသော စိတ်ဝင်စားဖွယ် ညောင်ရွှေသမိုင်း)

ညောင်ရွှေမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ မဟာ ရန်အောင်စေတီကြီးနှင့် ညောင်ရွှေမြို့၏သမိုင်းထူးများစာအုပ်သည် ညောင်ရွှေမြို့၊ ရွှေဂူစာသင်တိုက်ပဓာန နာယက ရွှေဂူဆရာ တော်ဘုရားကြီး၏ သြဝါဒကိုခံယူလျက် ရှေး နှစ်ပေါင်း ၆၄၁ ခုနှစ် သက်တမ်းရှိ မဟာရန် အောင်စေတီတော်ကြီးကို အသစ်တစ်ဖန်ပြန် လည် တည်ထားပူဇော်သော ဘုရားဒါယကာ ဦးဘုန်း<ကယ်+ ဘုရားဒါယိကာမ ဒေါ်ခင်စိန် တို့အတွက် သမိုင်းသုတေသီ ဦးသိန်းသန်းထွန်း နှင့်ဇနီး စာပေဗိမာန်ဆုရ ဒေါ်ခင်ညွန့်တို့က ရွှေထီးတော်တင် ဓမ္မဒါနစာစောင်အဖြစ် ပြုစုပေးခဲ့သောစာအုပ်ဖြစ်သည်။ ထိုစာစောင် (စာအုပ်) မှ စာမျက်နှာ ၉ မှ စာမျက်နှာ ၁၃ အထိ ရေးသားထားသော စိတ်ဝင်စားဖွယ် ညောင်ရွှေသမိုင်းရာဇဝင်ကို  တင်ပြအပ်ပါ သည်။

စော်ဘွား၊ ညောင်ရွှေသမိုင်း၏ အလွန်ထူးခြားသောမှတ်ဖွယ်များ . . .

(၁) သက်တမ်း ၁၁၇၆ နှစ်မက ကြာပြီဖြစ်သော ညောင်ရွှေမြို့

ရှေးဟောင်းသမိုင်းရာဇဝင်၌ ရှမ်းသမ္မတ မင်းဘွဲ့ခံကာ စတင်စိုးစံသော စော်ဘွားသား အဖနှစ်ဦးရှိ၏။ ဖခင်ဖြစ်သော စော်ဘွားခွန်လူ သည် သက္ကရာဇ် ၁၉၇ ခုနှစ်မှ ၂၇၇ အထိ                (ခရစ်နှစ် ၈၃၅-၉၁၅) စိုးစံ၏။ သား ခွန်လဲ သည် သက္ကရာဇ် ၂၇၇ မှ ၃၁၃ အထိ (ခရစ်နှစ် ၉၁၅-၉၅၁) စိုးစံ၏။ ခွန်လဲကွယ်လွန်ပြီး နောက် ဆက်ခံမည့်စော်ဘွားမရှိဘဲ ခြောက် နှစ်ကြာခဲ့၏။ ထိုကာလတွင် နယ်မြို့အကြီးအ ကဲ လေးဦးက ရှမ်းနယ်ပေါင်း ၃၅ နယ်တို့ကို အုပ်ချုပ်ရန် တာဝန်ယူကြရ၏။ ထိုရှမ်းနယ် ပေါင်း ၃၅ နယ်တွင် ညောင်ရွှေလည်းပါဝင်၏။ ခရစ်နှစ် ၈၃၅ ကပင် ညောင်ရွှေ ရှိနေပြီဖြစ်၏။ ထို့ကြောင့် ၂၀၁၁ ခုနှစ်တွင် ညောင်ရွှေမြို့ သက်တမ်းသည် ၁၁၇၆ နှစ်ကြာပေပြီဟု မှတ် စရာဖြစ်ပေ၏။ (အထက်မြန်မာနိုင်ငံနှင့်ရှမ်း နယ်များမှတ်တမ်း၊ အပိုင်း ၁၊ အတွဲ ၁၊ စာ မျက်နှာ-၂၃၁)

(၂) ညောင်ရွှေမြို့၏ ပထမဆုံးစော်ဘွား ခွန်တောဆန်ခမ်း

ရှမ်းနယ်ပေါင်း ၂၅ နယ်ကိုအုပ်ချုပ်သူ လေးဦးက သက္ကရာဇ် ၃၁၈ (ခရစ်နှစ် ၉၅၆ ) သို့ ရောက်သောအခါ နယ်အသီးသီးအတွက် စော်ဘွားခန့်ပေး၏။ ခွန်တောဆန်ခမ်းကို ညောင်ရွှေစော်ဘွားအဖြစ် ခန့်အပ်ပေးခြင်း၊ ညောင်ရွှေစော်ဘွား စံကား၊ တီကျစ်၊ နောင် မွန်၊ မိုးဗြဲ၊ မိုင်းပွန်၊ လက်သက်၊ သထုံ (ဆီဆိုင်) တို့ကိုပါ စိုးမိုးအုပ်ချုပ်ရ၏။ ထို့ကြောင့် ညောင် ရွှေ၏ ပထမဆုံးစော်ဘွားသည် ခရစ်နှစ် ၉၅၆ ကပင် စတင်စိုးစံသော ခွန်တောဆန်ခမ်းဟု မှတ်စရာဖြစ်ပေ၏။ ၂၀၁၁ ခုနှစ်တွင် ညောင် ရွှေကို စော်ဘွားဖြင့် အုပ်ချုပ်သည်မှာ နှစ် ပေါင်း ၁၀၅၅ နှစ်ကြာခဲ့ပြီဟု မှတ်စရာဖြစ်ပေ ၏။ (အထက်နှင့် ရှမ်းနယ် အပိုင်း ၁၊ အတွဲ ၁၊ ၂၃၂ )

(ညောင်ရွှေကို သက္ကရာဇ် ၇၂၁ (ခရစ် နှစ် ၁၃၅၉) တွင် ညောင်ရွှေ၏ ပထမဆုံးစော် ဘွားဖြစ်သော ဆီဆိုင်ဖက တည်သည်ဟု အဆိုအရေးစွဲမြဲနေသော်လည်း မည်သည့် ကျမ်းကိုးဖြင့်ဟု မသိရသေးပေ။ သို့သော် မိုင်း မောမင်းဆက် ရှမ်းရာဇဝင်အားဖြင့် တစ်မျိုး တစ်ဖုံ ရှိသေးကြောင်းကိုလည်း ရှာဖွေဖော်ပြ ရခြင်းဖြစ်သည်)။

အထက်မြန်မာနိုင်ငံနှင့် ရှမ်းနယ်များ မှတ်တမ်းကြီးကို ဆက်လက်လေ့လာသော အခါ ရှေးမိုင်းမော စော်ဘွားဆက်တွင် စော် ဘွားစောခွန်တိုင်လုံရှိ၏။ ဆပ်ဆယ် (သုံး ဆယ်) မြို့တော်တွင်စိုးစံ၏။ သူ၏ ဟော်နန်းစံ သက်တမ်းသည် သက္ကရာဇ် ၅၄၇ မှ ၆၇၀ အထိ (ခရစ်နှစ် ၁၁၈၅- ၁၃၀၈) ၁၂၃ နှစ်ကြာ၏။ စော်ဘွားစောခွန်တိုင်လုံ အုပ်စိုးရသော ရှမ်း နယ်ပေါင်း ၂၅ နယ်ရှိရာ ညောင်ရွှေလည်း ပါ ဝင်၏။ ညောင်ရွှေစော်ဘွား၏ အမည်ကိုကား မသိရပေ။ ရှေးနှစ်ပေါင်း ၈၂၆ နှစ်အကြာက သမိုင်းအထောက်အထားဖြစ်၏။ ပုဂံမင်းနရ ပတိစည်သူ (ဒုတိယစည်သူ) မင်းလက်ထက် မှ ပင်းယမင်းဆက်ကို ထူထောင်သူ တစ်စီးရှင် သီဟသူ လက်ထက်အထိ ညောင်ရွှေအကြောင်း မှတ်စရာတစ်ခုရရှိခြင်းဖြစ်သည်။ (အထက် နှင့်ရှမ်းနယ် အပိုင်း ၁၊ တွဲ ၁၊ ၂၃၈)

သက္ကရာဇ် ၇၂၁ ခုနှစ် (ခရစ်နှစ် ၁၃၅၉) တွင် ညောင်ရွှေတည်သည်ဟူသော အဆိုအ ရေးကို စိတ်ထဲတွင် ခေတ္တငုံထားပြီး ညောင်ရွှေ အကြောင်းများစွာထဲမှ မှန်နန်းရာဇဝင်၊ မြန်မာ မင်းအမိန့်တော်များ၊ ညောင်ရမ်းခေတ် ဆရာ တော်များသွင်းစာ၊ ရှေးဟောင်းမြန်မာကျောက် စာများ၊ ဝံသဒီပနီ၊ လောကဗျူဟာကျမ်း၊ ကုန်း ဘောင်ဆက် ရာဇဝင်ကျမ်းများ၌ တွေ့ရသော ညောင်ရွှေအကြောင်းကို အနည်းငယ် ဆက် လက်ဖော်ပြအပ်ပါ၏။ ညောင်ရွှေအကြောင်း သိကောင်းစရာတချို့ဖြစ်သည်။

(၃) အနော်ရထာမင်းနှင့် ညောင်ရွှေ

သက္ကရာဇ် ၄၀၁ (ခရစ်နှစ် ၁၀၃၉) တွင် အနော်ရထာမင်းကြီးသည် ညောင်ရွှေအင်း တိမ်တွင် ပေါရိသဒ်ဘုရားကို တည် ဟုတွေ့၏။ (မှန်နန်း၊ ပ-တွဲ၊ ၂၇၀)

(၄) နရပတိစည်သူမင်းနှင့် ညောင်ရွှေ

ပုဂံနရပတိစည်သူမင်းသည် ညောင်ရွှေ မြို့ မင်္ဂလာန်းတွင် သက္ကရာဇ် ၅၃၅ သီတင်း ကျွတ်လဆန်း ၂ ရက် (၅၊ စက်တင်ဘာ၊ ၁၁၇၃) တွင် ငွေခွန်ဆက်အစုသားများကို ဖွဲ့စည်း သည်။ ( မြန်မာမင်း အမိန့်တော်များ၊ ပ-တွဲ၊ ၄၂၂)

(၅) အင်းဝ ပထမမင်းခေါင်နှင့် ညောင်ရွှေစော်ဘွား ဆီဆိုင်ဖ

သက္ကရာဇ် ၇၆၇ (ခရစ်နှစ် ၁၄၀၅) တွင် ရပ်စောက်ညောင်ရွှေစော်ဘွား ထောမှိုင်းကြီး သည် အင်းဝဘုရင်ပထမ မင်းခေါင်ထံလာ ရောက်ကာ အမှုတော်ထမ်းချင်ပါသည်ဆိုပြီး လက်ဆောင်လက်နက်များဖြင့် ရောက်လာ သည်။ မင်းခေါင်က ညောင်ရွှေစော်ဘွားကို သူ၏တူမတော်သူ တလုပ်မြို့စားရာဇသူ၏ သမီးအငယ်နှင့် ထိမ်းမြားလက်ထပ်ပေးပြီး ဆွေမျိုးတော်စပ်မှုပြုပေး၏။ (မှန်နန်း၊ ပ-တွဲ၊ ၄၅၆)

(၆) သင်္ဂါယနာတင် သုံးကြိမ်ကာလကပင် ညောင်ရွှေမြို့ရှိကြောင်း အဆိုအမိန့်

ညောင်ရမ်းမင်းဆက်၏ ဒုတိယမင်းဖြစ် သော အနောက်ဘက်လွန်မင်းက သင်္ဂါယနာ တင် သုံးကြိမ်ကာလတွင်ရှိသော မြို့ရွာများ စာရင်းကိုသိလိုကာ ၁၆၀၈ မေ ၈ ရက်တွင် အနုရုဒ္ဒါဆရာတော်ကြီးထံ မေးမြန်းလျှောက် ထား၏။ ဆရာတော်ကြီးက တိုင်းများစာရင်း ကို ဖော်ပြချက်တွင် ]]မိုးနဲညောင်ရွှေသည် ကမ္ဘောဇတိုင်း}} ဟု ရေးသားတင်သွင်း၏၊။ ညောင်ရမ်းဆရာတော်ကြီးတစ်ပါးက အလွန် ရှေးကျကတည်းက ညောင်ရွှေရှိကြောင်း ယုံ ကြည်မှုရှိကြောင်း တွေ့ရ၏။ (ညောင်ရမ်း ခေတ်ဆရာတော်များသွင်းစာ-ပေမူ)

(၇) ညောင်ရွှေသည် မြို့မည်မဟုတ် ပြည်ကြီးဖြစ်၏

ပင်းတလဲမင်းလက်ထက် ၁၀၁၂ ခုနှစ် ပထမဝါဆိုလဆန်း ၅ ရက် (၂၃ မေ ၁၆၅၀) တွင် ရေးထိုးသော စစ်ကိုင်း ကောင်းမှုတော် ထီးတင်ပွဲကျောက်စာတွင် ]]သီပေါ၊ ညောင်ရွှေ၊ မိုးနဲအစရှိသော ပြည်ကြီးတို့၏တည်ရာ ကမ္ဘောဇတိုင်း}} ဟုရေး၏။ (ရှေးဟောင်းမြန် မာကျောက်စာများ၊ တွဲ - ၅၊ ၁၄၈ )

(၈) ရှေးနှစ်ပေါင်း ၃၂၃ အကြာက ထင်ရှားသော ညောင်ရွှေနယ်သားဆရာတော်

ညောင်ရမ်းမင်းဆက်၏ သတ္တမမြောက် မင်းဖြစ်သော မင်းရဲကျော်ထင်လက်ထက် ၃၂၃ နှစ်ကြာပြီဖြစ်သော သက္ကရာဇ် ၁၀၅၀ (ခရစ်နှစ် ၁၆၈၈) တွင် ရဟန်းသံဃာတော်မှာ သင်္ကန်းရုံဂိုဏ်းနှင့် ဒုကုဋ်တင်ရင်စည်းဂိုဏ်း ပေါ်ပေါက်လျက်ရှိ၏။ ရဟန်းများကျောင်းမှ မြို့ရွာအတွင်းသို့သွားသောအခါ ၀ိနည်းတော် နှင့်အညီ သင်္ကန်းရုံကာသွားကြရေးတွင် နှိုး ဆော်ဆောင်ရွက်မှု လုံ့လကြီးသော ညောင်ရွှေ နယ်သားဆရာတော်တစ်ပါးရှိ၏၊ ထိုဆရာ တော်သည် ညောင်ရွှေကျေး၊ ညောင်ဝန်းရွာ သား အရှင်ဝိစိတ္တာလင်္ကာရ ဖြစ်၏။ (မဲထီး ဆရာတော်၏ ဝံသဒီပနီ၊ ၁၃၁-၁၃၂)

(၉) ညောင်ရွှေစော်ဘွား စီးခွင့်ရသော စက္ကဝတ်ရုပ်လှေ

ခရစ်နှစ် ၁၇၃၃-၁၇၅၂ တွင် အင်းဝမင်း ဖြစ်သော ဟံသာဝတီပါမင်း မဟာဓမ္မရာဇာ ဓိပတိက ညောင်ရွှေစော်ဘွားကို ]]လှေစက္က ဝတ်ရုပ်-ခေါင်း-အမြီး-အတောင်-ရွှေတစ်ခု အနီးတစ်ခုအမျိုးအစား}} စီးနင်းခွင့်ပေး၏။ (လောကဗျူဟာကျမ်း၊ ၂၃၀)

(၁၀) နှစ်ပေါင်း ၂၂၈ ကြာပြီဖြစ်သော ရွှေဂူစာသင်တိုက်ရှိ ရွှေဂူစေတီတော်

ဘိုးတော်မင်းခေါ် ဗဒုံမင်းက သက္ကရာဇ် ၁၁၄၅ (ခရစ်နှစ် ၁၇၈၃) တွင် နိုင်ငံတော်တစ် ခွင် ရွှေဂူစေတီပေါင်း ၂၃၀ တည်ထားစေ၏၊ ညောင်ရွှေမြို့တွင်လည်း ရွှေဂူစေတီတစ်ဆူ တည်၏။ ထိုစေတီကို အစွဲပြုပြီး ရွှေဂူစာသင် တိုက်ဖြစ်လာ၏။ နှစ်ပေါင်း ၂၂၈ ကြာပြီဖြစ်၏။ (ကုန်းဘောင်ဆက်ရာဇဝင်၊ ပ-တွဲ၊ ၅၅၆)

(၁၁) ရှေးနှစ်ပေါင်း ၂၂၆ နှစ်က ညောင်ရွှေသာသနာပြုဆရာတော်များ

ဗဒုံမင်းသည် သက္ကရာဇ် ၁၁၄၇ (ခရစ်နှစ် ၁၇၈၅) တွင် မြို့ပေါင်း ၅၆ မြို့သို့ သာသနာ ပြုရန် ဆရာတော်များပို့ဆောင်၏။ ညောင်ရွှေ မြို့သို့ ၀ိရိယာဘိဓဇမဟာရာဇဂုရု ဆရာတော် ကြီးနှင့် ဆရာတော်ငါးပါး ညောင်ရွှေသို့ သာ သနာပြု ကြွရောက်တော်မူကြ၏။ ( ကုန်း ဘောင်ဆက်၊ ဒု-တွဲ၊ ၂၀)

(၁၂) ညောင်ရွှေဆရာတော်အား ဘကြီးတော်မင်းက ဘွဲ့တံဆိပ်ဆက်ကပ်

ဘကြီးတော်မင်းခေါ် စစ်ကိုင်းမင်းက သက္ကရာဇ် ၁၁၈၁ (ခရစ်နှစ် ၁၈၁၉) တွင် နိုင်ငံ တော်ရှိဆရာတော်များအား ဘွဲ့တံဆိပ်ဆက် ကပ်၏။ ညောင်ရွှေမြို့ရှိ ဆရာတော်သာရ ဒီပကို သာရဒီပဓဇမဟာရာဇဂရုဘွဲ့တော် ဆက်ကပ်၏။ လွန်ခဲ့သောနှစ်ပေါင်း ၁၉၂ က ဆရာတော်ဖြစ်၏။ ( ကုန်းဘောင်ဆက်၊ ဒု-တွဲ၊ ၂၅၃)

ညောင်ရွှေမြို့နယ် ခရီးသွားလုပ်ငန်းများ အမြန်ဆုံး ပြန်လည်ဖွံ့ဖြိုး တိုးတက်ပါစေ ကြောင်းနှင့် ဒေသခံတိုင်းရင်းသားများ၏ စီးပွားရေးလုပ်ငန်းများ အောင်မြင်တိုးတက်ပါ စေကြောင်း ခရီးသွားဆောင်းပါးဖြင့် မှတ်တမ်း တင် ဖော်ပြလိုက်ပါသည်။

Most Read

Most Recent