အဂတိလိုက်စားမှုကင်းစင်ရေး 

အဂတိလိုက်စားမှုကင်းစင်ရေး 
Published 3 March 2024
ဒေါက်တာလွင်သန့်

အဂတိလိုက်စားမှုဟာ ကိုယ်ကျင့်တရားပျက်ယွင်းခြင်း (သို့မဟုတ်) ကိုယ်ကျင့်တရားဆိုင်ရာ ပြဿနာတစ်ရပ်ပဲဖြစ်ပါတယ်။ အဂတိလိုက်စားမှုထိုက်ဖျက်ရာမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ထိရောက်စွာ စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်တဲ့နည်းတူ ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ ကိုယ်ကျင့်တရားစံနှုန်းများမြင့်မားရေးအတွက်လည်း အလေးထားဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ဖြောင့်မတ်တည်ကြည်တဲ့ ကျင့်ဝတ်နဲ့ ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများမြင့်မားရင်အဂတိလိုက်စားမှုကြောင့်ဖြစ်ပေါ်လာတဲ့နိုင်ငံပိုင်ပစ္စည်းနဲ ့ငွေကြေးဆုံးရူံးမှုများ၊ လူ့စွမ်းအားပြုန်းတီးဆုံးရှုံးမှုများကိုကြိုတင်တားဆီးကာကွယ်နိုင်ပါတယ်။ ကိုယ်ကျင့်တရားကောင်းမွန်ရေးနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများမြင့်မားရေးတို့ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအပေါ် အခြေခံပါတယ်။

ဂရိတွေးခေါ်ပညာရှင်ကြီးဆိုကရေးတီးက ကျန်းမာရေးဆုံးရှုံးတဲ့အခါ တစ်စုံတစ်ရာကိုသာ ဆုံးရှုံးရပါတယ်။ ကိုယ်ကျင့်တရားဆုံးရှုံးပါက ဘဝတစ်ခုလုံးဆုံးရှုံးရတယ်လို့ဆိုခဲ့ဖူးပါတယ်။ လူတစ်ဦးရဲ့ ဘဝတစ်လျှောက်ခံယူချက်၊ အတွေးအခေါ်၊ အပြောအဆို၊ အပြုအမူအားလုံးကို ကိုယ်ကျင့်တရားက ထိန်းကျောင်းပါတယ်။ကောင်းမွန်တဲ့စံနှုန်းတွေက ကောင်းမွန်တဲ့ကိုယ်ကျင့်တရားဖြစ်ပေါ်စေပြီး ညံ့ဖျင်းတဲ့စံနှုန်းတွေက လူတစ်ယောက်ရဲ့ဘဝအပေါ် မကောင်းတဲ့သက်ရောက်မှုများကိုသာဖြစ်ပေါ်စေတယ်။ လူတို့ရဲ့လက်ငါးချောင်းပင်မတူညီသေးရင်လူတစ်ဦးနဲ့တစ်ဦး ကိုယ်ကျင့်တရားဆိုင်ရာ စံနူန်းများလည်း ကွဲပြားနိုင်ပါတယ်။ သူတော်စင်နဲ့ သူခိုးဓားပြထံရောက်ရှိသွားတဲ့ ကျေးညီနောင်ပုံပြင်လို သူတော်စင် ထံရောက်သွားတဲ့ ကျေးက လိုက်လျောညီထွေ ယဉ်ကျေးသိမ်မွေ့တယ်။ သူခိုးဓားပြထံရောက်သွားတဲ့ ကျေးက သူတို့နဲ့တူတဲ့စိတ်က"ရိုက်ပါလား၊ နှက်ပါလား။ ပစ္စည်းများ လုယူပါလား" ဆိုတဲ့စရိုက်ဆိုးတွေပါးစပ်ကနေ အလိုလိုထွက်လာပါတယ်။ ဒါဆိုရင်ပတ်ဝန်းကျင်က အဂတိလိုက်စားစေအောင် ဖန်တီးပေးရာ ရောက်ပါတယ်။

လူတိုင်းမှာ တန်ဖိုးထားတဲ့အရာတွေရှိကြပါတယ်။ ဖြောင့်မတ်တည်ကြည်မှု၊ ရိုးသားမှု၊ အချိန်တိကျမှု၊ ပျော်ရွှင်မှု၊ ချမ်းသာကြွယ်ဝမှု၊ လုပ်ပိုင်ခွင့်၊ ရာထူးဂုဏ်ဒြပ်စတဲ့ လူတို့ရဲ့အသက်ရှင်နေထိုင်မှုအလိုက်တန်ဖိုးထားတဲ့အရာတွေ မတူညီကြပါဘူး။ လူမှုတန်ဖိုးများ (social values) လို့ခေါ်ဆိုပြီး အဆိုပါလူမှုတန်ဖိုးတွေဟာ လူတို့ရဲ့ကျင့်ဝတ်ဆိုင်ရာကိစ္စရပ်တွေ ဆုံးဖြတ်ရာမှာ အခြေခံကျတဲ့အတွက်လူမှုတန်ဖိုးတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်လူမှုတန်ဖိုးအချို့ကို လိုက်နာတယ်။ အချို့ကို လက်မခံ။ ကိုယ်ကအရာတစ်ခုနဲ့စပ်လျဉ်းပြီး ပျော်ရွှင်တယ်။ ဒါကိုပြုပြင်လိုက်တဲ့အတွက် ကိုယ့်ကိုယ်ကိုဂုဏ်ယူမိတယ် သို့မဟုတ် ပြီးပြည့်စုံတယ်လို့ခံစားရတဲ့အရာဟာ လူရဲ့လူမှုတန်ဖိုးဖြစ်တယ်လို ့လေ့လာမှတ်သားဖူးပါတယ်။

လူမှုတန်ဖိုးတွေအနက်ဖြောင့်မတ်တည်ကြည်မှုဟာ အရေးကြီးဆုံးနဲ့ အမြင့်မားဆုံး လူမှုတန်ဖိုးဖြစ်တယ်။ ကိုယ်ကျင့်တရားကောင်းမွန်ဖို့၊ ဖြောင့်မတ်တည်ကြည်မှုဟာ အခြေခံဖြစ်ပါယ်။ဖြောင့်မတ်တည်ကြည်မှုဆိုရာမှာ ကိုယ်ကျင့်တရားစံနှုန်းများကို အလေးထားတဲ့၊ လိုက်နာတဲ့ကော်မတီ (တစ်နည်း) ကိုယ်ရဲ့စံနှုန်းတွေကို ဘယ်အခြေအနေမျိုးမဆို လိုက်နာစောင့်ထိန်းရမယ်လို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးထားခြင်းတစ်မျိုးမျိုးပဲဖြစ်ပါတယ်။ ဖြောင့်မတ်တည်ကြည်တယ်ဆိုရာမှာကိုယ်ရဲ့စံနူန်းအရဖြစ်ပေါ်လာတဲ့အပြုအမူ၊ အပြောအဆိုတို့ဟာ တစ်စိတ်တည်းများနေခြင်း သို့မဟုတ်အပြောနဲ့အလုပ်ညီခြင်းလို့ မှတ်ယူနိုင်ပါတယ်။ ဖြောင့်မတ်တည်ကြည့်ဖို့သတ္တိ (Courage) လိုပါတယ်။

 ဖြောင့်မတ်တည်ကြည်မှုကို ကိုယ်ကျင့်တရားရူထောင့်မှလေ့လာရင် လူတို့ဟာ မိမိတို့ဘဝကိုလူ့ကျင့်ဝတ်နဲ့အညီ အသက်ရှင်နေထိုင်သူသွားဖို့ သန္နိဋ္ဌာန်ချမှတ်နေထိုင်ခြင်းလို့ ပညာရှင်များကဆိုပါတယ်။ လူကျင့်ဝတ်ဆိုရာမှာ လူသားတို့ဟာ ကိုယ်အသက်ရှင်နေထိုင်စဉ်ဘယ်လိုအသက်ရှင်နေထိုင်မယ်။ ဘယ်လိုအပြုအမူမျိုးဆောင်ရွက်မယ်စတဲ့လူ့တန်ဖိုးတွေကို မှန်မှန်ကန်ကန်အသုံးချခြင်းဖြစ်တယ်။ ဖြောင့်မတ်တည်ကြည်မှုနဲ့ ကျင့်ဝတ်ဟာ ဆက်စပ်နေပါတယ်။

ကျင့်ဝတ် (Ethic) ဆိုတာ ဂရိဘာသာစကား (Ethos) က ဆင်းသက်လာခြင်းဖြစ်ပြီး မြန်မာအဘိဓာန်မှာ လိုက်နာကျင့်ထိန်းအပ်သောဝတ္တရားလို့ဖွင့်ဆိုထားတာ၊ အကောင်းအဆိုးအမှားအမှန်ကိုလမ်းညွှန်ပေးတဲ့စည်းမျဉ်းစည်းကမ်းလို့ဆိုလိုထားပြီး ချိမ်ဘားအဘိဓာန်မှာ ကိုယ်ကျင့်တရားဆိုင်ရာပညာရပ်ကို လေ့လာခြင်းလို့ဖွင့်ဆိုပါတယ်။ ပညာရှင် 'ဘလက်ဘန်း' ရဲ့အဆိုအရ လူသားဆိုတာ ကျင့်ဝတ်ရှိတဲ့သတ္တဝါများဖြစ်တယ်လို့ဆိုတာကြည့်ခြင်းဖြင့်လူတို့ဟာ ကျင့်ဝတ်နဲ့အညီပြုမူကြရမှာ အကျိုးအကြောင်းသင့်စွာ ခွဲခြမ်းစိတ်ဖြာကြဖို့ လိုအပ်ပါတယ်။ ဖြောင့်မတ်တည်ကြည်မှုနဲ့ ကျင့်ဝတ်ဆိုင်ရာ အယူအဆသဘောထားတွေဟာ အမှားအမှန်ကြာလာခြင်း၊ ခြားနားချက်ကို ဖြေရှင်းခြင်းလို့ ဆိုကြပါတယ်။ ကျင့်ဝတ်ဆိုတာ လူတို့ရဲ့အပြုအမူကို ထိန်းညှိပေးတဲ့ စည်းမျဉ်းဖြစ်ကာ ဖြောင့်မတ်တည်ကြည်မှုဆိုတာ လူတို့ရဲ့နေ့စဉ်ဘဝနဲ့လှုပ်ရှားမှုပြုလုပ်ရာမှာ ကိုယ်နဲ့မကွာသယ်ဆောင်သွားရမယ့် ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းဖြစ်ပါတယ်။

 မြန်မာမှုနယ်ပယ်မှာ သားသမီးဝတ်၊ တပည့်ဝတ်၊ မိဘဝတ်၊ ‌ဆရာဝတ်စတဲ့ကျင့်ဝတ်တွေလို အဖွဲ့အစည်းအသီးသီးမှာ ချမှတ်ထားတဲ့ ကဏ္ဍအလိုက်ကျင့်ဝတ်များလည်းရှိတယ်။ ကျင့်ဝတ်ဟာ ဥပဒေလို မဖြစ်မနေလိုက်နာရမှာမဟုတ်ဘဲ လူတို့ရဲ့အသိတရားပေါ်မှာ အခြေခံတဲ့ဆုံးဖြတ်ချက်ပေါ်မှာ မူတည်ပါတယ်။

ကျင့်ဝတ်ဆိုရမှာ ရေးဆွဲပြဋ္ဌာန်းထားတဲ့ကျင့်ဝတ်များရှိသလို လိုက်နာစောင့်ထိန်းရတဲ့ကျင့်ဝတ် (Hidden ethics)( သို့မဟုတ် )(Understood Ethics) ဆင်ခြင်ဉာဏ်နဲ့ လိုက်နာစောင့်ထိန်းရတဲ့ပြဋ္ဌာန်းမထားတဲ့ ကျင့်ဝတ်တွေလည်းရှိတာကို သတိပြုသင့်ပါတယ်။

ပညာရှင်ဂျိမ်းမက်ဒီဆင်းက လူသားတွေကိုစီမံအုပ်ချုပ်ရတဲ့ အစိုးရတစ်ရပ်ကို ဖွဲ့စည်းတော့မယ်ဆိုရင်အုပ်ချုပ်ရမယ့်သူများကို ထိန်းကျောင်းနိုင်စွမ်းရှိအောင်ဦးစွာပြုလုပ်ပေးရမယ်လို့ဆိုပါတယ်။ သည့်အတွက်ကျင့်ဝတ်များကို ရေးဆွဲပြဋ္ဌာန်းဖို့လိုအပ်လာခြင်းဖြစ်တယ်။ ဥပမာနိုင်ငံဝန်ထမ်းတွေအတွက်နိုင်ငံဝန်ထမ်းကျင်ဝတ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အတွက်ကော်မရှင်ကျင့်ဝတ်စသဖြင့် အဖွဲ့အစည်းဆိုင်ရာ ကျင့်ဝတ်များ ရေးဆွဲပြဋ္ဌာန်းထားခြင်းက အများပြည်သူကဏ္ဍ၊ တာဝန်ရှိသူတွေကို ထိန်းညှိပေးပါတယ်။ လမ်းစည်းကမ်းဆောင်ပုဒ်ဖြစ်တဲ့ "စည်းကမ်းလိုက်ရာ ဘေးကင်းကွာ" ဆိုသလိုပဲရေးဆွဲပြဋ္ဌာန်းထားတဲ့ကျင့်ဝတ်တွေကိုလိုက်နာခြင်းကဘေးအန္တရာယ်များ၊ မလိုလားအပ်တဲ့ပြဿနာများကို ရှောင်ကြဉ်န်ိုင်မှာဖြစ်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်ခြင်းကကောင်းမွန်တဲ့ဘဝကို လျှောက်လှမ်းနိုင်မှာပဲဖြစ်ပါတယ်။

 အဂတိလိုက်စားမှုကိုရှောင်ကြဉ်ဖို့ ကျင့်ဝတ်တွေကိုစောင့်ထိန်းဖို့အရေးကြီးပါတယ်။ တာဝန်နဲ့လုပ်ငန်းခွင့်ကိုအလွဲသုံးစားပြုလုပ်ဖို့ လက်ဆောင်ပဏ္ဍာပေးခြင်း၊ လက်ခံခြင်းမှအစ နိုင်ငံတော်ပိုင်ပစ္စည်းနဲ့ငွေကြေးကို အလွဲသုံးစားလုပ်ခြင်းဟာ ကျင့်ဝတ်မလိုက်နာခြင်း၊ ဖြောင့်မတ်တည်ကြည်မှုမရှိခြင်းတို့ကြောင့်ဖြစ်ပေါ်လာရတယ်။ ဥပမာ လူနစ်ဦးဟာ သူရဲ့ရာထူးထိုးကိစ္စအတွက်ကိုယ်အရည်အချင်းနဲ့ကြိုးစားမယ့်အစား အထက်လူကြီးကိုတံစိုးလက်ဆောင်ပေးကာ မသမာတဲ့နည်းလမ်းနဲ့အခွင့်အရေးလိုချင်တယ်ဆိုရင်လာဘ်ပေးလာဘ်ယူမှုပြုလုပ်ခြင်းက အဂတိမှုကျူးလွန်ရာရောက်ပြီး လက်ခံသူလည်း သူ့ကိုပေးအပ်ထားတဲ့အခွင့်အာဏာကိုကိုယ်ကျိုးအလွယ်အသုံးချတာကြောင့် အဂတိမှုမြောက်မှာဖြစ်ပါတယ်။ အဂတိလိုက်စားရာမှာ တံစိုးလက်ဆောင်လက်ခံသူသာမက တံစိုးလက်ဆောင်ပေးသူကိုပါအဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ အရေးခံယူခံရမှာဖြစ်ပါတယ်။ ဥပမာဆေးဝါးတင်သွင်းတဲ့ကုမ္ပဏီကေ ဆးဝါးနှင့် အစားအစာညှိနှိုင်းကွပ်ကဲရေးဌာနမှူးရဲ့ အိမ်ဆောက်ပေးတာ၊ ရေကူးကန်ဖော်ပေးတာဟာ လက်ခံသူနဲ့ ပေးသူနှစ်ဦးစလုံး အဂတိမြောက်ပါတယ်။ ထောင်ဒဏ်နှစ်ရှည်ကျခံလိုက်ရပါတယ်။

အဂတိလိုက်စားမှုကင်းစင်ရေးကျင့်ဝတ်တွေကို ကျင့်ဝတ်ပညာရေးမှာ ပညာရေးဝန်ကြီးဌာနကပြည်သူ့နီတီအနေနဲ့ထည့်သွင်းသင်ကြားပေးဖို့လိုအပ်လာပါတယ်။ လူငယ်တွေမှာ အနာဂတ်ရှိပါတယ်။ နောက်တစ်ချိန် တို့တိုင်းပြည်ခေါင်ဆောင်တွေဟာ ယနေ့လူငယ်တွေပဲဖြစ်ပါတယ်။ သမီးပေးမှသမက်ရမယ်ဆိုတဲ့ပေးခြင်းနှင့်ယူခြင်း (Give and take) ကရေရှည်မှာ သက်တမ်းတစ်ခုကို ရောက်လာရင်အမှားကအမှန်ဖြစ်သွားနိုင်ပါတယ်။ လက်ရှိရာထူးရယူထားသူတွေကလည်း သူ့ရဲ့လက်ထဲမှာ ထောက်ပံ့မှုပါမှ အဆင့်တိုးရမယ်ဆိုရင်လည်း ပေးမှဆိုတဲ့လာဘ်လာဘကိုမျှော်ကိုးဆောင်ရွက်ပေးနေလို့ကတော့ တိုင်းပြည်ရေစုန်မျောဖို့ပဲရှိတယ်။ ဒါမှမဟုတ်လည်း ငါမထောက်ခံလည်း ဘာမှမဖြစ်ပါဘူးဆိုတဲ့တာဝန်မကျေတဲ့ဆောင်ရွက်မှုတွေဟာ အကျိတ်အဖုတွေဖြစ်လာပြီး သက်ဆိုးရှည်ဖို့အားနည်း‌‌စေမှာဖြစ်ပါတယ်။ သင်တန်းတစ်ခုမှာ ပထမရရှိဖို့ သူနေတဲ့အိမ်ကိုစိတ်တိုင်းကျဆောက်ခိုင်းတာကလည်း တစ်နည်းဆိုရင်အဂတိမြောက်ပါတယ်။ ပေးတဲ့သူရော၊ ယူတဲ့သူပါအပြစ်ပေးရပါမယ်။ ခက်တာက ဒုတိယရတဲ့သူကတိုင်ကြားလိုက်တဲ့အခါ အိမ်ဆောက်ခိုင်းတဲ့သူ အငြိမ်းစားပေးခံရပါတယ်။

 အဂတိလိုက်စားမှုဟာနိုင်ငံဖွံ့ဖြိုးတိုးတတ်ရေးအတွက် အဓိကကျတဲ့အဟန့်အတားတစ်ခုဖြစ်ပါတယ်။အဆိုပါအဟန့်အတားဖယ်ရှားဖို့လူ့ငယ်တွေ၊နိုင်ငံသားတွေမှာတာဝန်ရှိပါတယ်။အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကဘယ်လိုပဲအရေးယူတယ်ဆိုပေမဲ့ ဧည့်စာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်လုပ်ပေးတာကအစသူ့အတွက်ရရှိပါမှလုပ်ပေးမယ်ဆိုတာကြီးကို အရေးယူဖို့ လိုအပ်ပါတယ်။ အဂတိလိုက်စားမှုကိုတိုက်ဖျက်ရေးမှာ အခြေခံကျတဲ့ဖြောင့်မတ်တည်ကြည်မှုရရှိရေးကျင့်ဝတ်နဲ့ညီရေး၊ ကိုယ်ကျင့်တရားဆိုင်ရာစံနှုန်းမြင့်မားရေးတို့ကို လူတစ်ဦးချင်း၊ လူတစ်ဖွဲ့ချင်းမှနိုင်ငံတော်အဆင့်အထိဖြောင့်မတ်တည်ကြည်မှုရှိမှသာအဂတိလိုက်စားမှုများတဖြည်းဖြည်းလျော့ပါးသွားနိုင်မှာဖြစ်ပါတယ်။ လုံ‌လောက်တဲ့လစာ၊ ရိက္ခာငွေအပြည့်ပေးထားဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ စားမလောက်တော့ငွေပေးမှလုပ်ကြတာ တွေ့ရပါတယ်။

Most Read

Most Recent