ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကုန်စျေးနှုန်းကြီးမြင့်မှု အခက်အခဲဖြစ်ပေါ်လျက်ရှိသည့်နည်းတူ မိမိတို့နိုုင်ငံ၌လည်း ကုန်စျေးနှုန်းကြီးမြင့်မှုကို တွေ့ကြုံရလျက်ရှိကြောင်း နစကဥက္ကဋ္ဌ ပြောကြား

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကုန်စျေးနှုန်းကြီးမြင့်မှု အခက်အခဲဖြစ်ပေါ်လျက်ရှိသည့်နည်းတူ မိမိတို့နိုုင်ငံ၌လည်း ကုန်စျေးနှုန်းကြီးမြင့်မှုကို တွေ့ကြုံရလျက်ရှိကြောင်း နစကဥက္ကဋ္ဌ ပြောကြား
Published 27 February 2023

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကုန်စျေးနှုန်းကြီးမြင့်မှု အခက်အခဲဖြစ်ပေါ်လျက်ရှိသည့်နည်းတူ မိမိတို့နိုင်ငံ၌လည်း ကုန်စျေးနှုန်းကြီးမြင့်မှုကို တွေ့ကြုံရလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၆ ရက်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်နယ်ခန်းမ၌တွေ့ဆုံစဉ် နစကဥက္ကဋ္ဌက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကုန်စျေးနှုန်းကြီးမြင့်မှုအခက်အခဲဖြစ်ပေါ်လျက်ရှိသည့်နည်းတူ မိမိတို့နိုင်ငံ၌လည်း ကုန်စျေးနှုန်းကြီးမြင့်မှုကို တွေ့ကြုံရလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရေနှင့်မြေများ၊ သဘာဝသယံဇာတများနှင့် လူသားအရင်းအမြစ်များရှိသော်လည်း စဉ်ဆက်မပြတ် ကြိုးစားလိုစိတ်နှင့် အလုပ်လုပ်ကိုင်လိုမှုအားနည်းခြင်းကြောင့် တိုးတက်မှုများ နောက်ကျလျက်ရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်၍ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်၌ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးကို အောင်မြင်အောင် စဉ်ဆက်မပြတ်အကောင်အထည် ဖော်စေခြင်းမှာလည်း စားရေးသောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ် ရန်အတွက်ဖြစ်ကြောင်း၊ တပ်ရင်း၊ တပ်ဖွဲ့များရှိ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိူး မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ခဲ့သဖြင့် အခက်အခဲများဖြစ်ပေါ်ချိန်တွင် အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအရ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်နေရသည့် အခြေအနေမှန်များကို အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် သိရှိနေရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတူ နစကဥက္ကဋ္ဌက တွေ့ဆုံပွဲတွင် နိုင်ငံတော်တွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးလိုလားလျက်ရှိသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနိုင်ရေးတပ်မတော်မှ ဦးဆောင်ခဲ့သည့် အခြေအနေများနှင့် ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းခဲ့သည့် အခြေအနေများ၊ ဒီမိုကရေစီအစိုးသက်တမ်းနှစ်ခုတွင် တပ်မတော်အနေဖြင့် ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး လိုအပ်သည်များကိုလည်း အကြံပြုခဲ့သည့် အခြေအနေများ၊ ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းကာလတွင် စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ အားနည်းချက်များရှိခဲ့ခြင်းကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု ဖြစ်သင့်သလောက် မဖြစ်ခဲ့ရသည့်အခြေအနေများ၊ ပြည်သူလူထုမှ မျှော်လင့်သလောက် ဖွံ့ဖြိုးတိုးတက်မှုမရှိခဲ့၍ ရွေးကောက်ပွဲအပေါ်အယုံအကြည်မဲ့လာပြီး No Vote လှုပ်ရှားမှုများ ပေါ်ပေါ်လာသဖြင့် ပါတီစုံဒီမိုကရေစီစနစ် ဆက်လက်ထွန်းကားရေး မိမိကိုယ်တိုင် ဆန္ဒမဲပေးရေးအတွက် ပြောကြားခဲ့ရသည့် အခြေအနေများ၊ တစ်ဖက်အဖွဲ့အစည်းအနေဖြင့်လည်း ၎င်းအခြေအနေများကြောင့် မဲအနိုင်မရမည်ကို စိုးရိမ်ပြီး ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များ၊  ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် မဲမသမာမှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိခဲ့သည့် အခြေအနေများ၊ နိုင်ငံတော်တွင် ဖြစ်ပေါ်လာခဲ့သည့် အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရမှုအခြေအနေများ၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် မူဝါဒများ၊ ဦးတည်ချက်များချမှတ်၍ ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများ၊ ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ်များကို သင်ခန်းစာယူပြီး လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြေပြင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများအပါအဝင် လုပ်ငန်းစဉ်များအတိုင်း စနစ်တကျ စီမံဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ မည်သည့်နိုင်ငံဖြစ်စေ အမြဲမပြတ် ကြိုးပမ်းအားထုတ်နေမှသာလျှင် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် မိမိတို့အနေဖြင့်လည်း နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများကြားမှ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားမှုများ ပြုလုပ်ခဲ့သည်။

ယင်းအပြင်စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးဖြစ်ကာ စည်းကမ်းလိုက်နာမှုရှိပြီး အမိန့်နာခံမှုရှိမှသာလျှင် စစ်သားကောင်းတစ်ယောက်ပီသမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ လုံခြုံရေးနှင့်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ရာတွင် အမိန့်နာခံမှုရှိခြင်းသည် အလွန်အရေးကြီးပြီး စည်းကမ်းကောင်းမွန်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ စည်းကမ်းကောင်းမွန်ခြင်းသည် အမိန့်နာခံမှုရှိခြင်းပင်ဖြစ်ကြောင်း၊ စည်းကမ်းများထုတ်ပြန်ထားရှိခြင်းသည် မည်သည့်လုပ်ငန်းကိုမဆို စည်းစနစ်တကျ ဆောင်ရွက်တတ်စေရန်နှင့် မဖြစ်သင့်သည်များကို မဖြစ်စေရန် ထုတ်ပြန်ထားခြင်းဖြစ်ပြီး အကြောင်းမဲ့ တင်းကျပ်ထားခြင်းမဟုတ်သည်ကို နားလည်သဘောပေါက်ရန်လိုကြောင်း၊ စည်းကမ်းလိုက်နာခြင်းဖြင့် မိမိကိုယ်ကို မြှင့်တင်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။