မဲစာရင်းမှန်ကန်ရေး ယခုနှစ်ထဲ၌ အတတ်နိုင်ဆုံး လုပ်မည်ဖြစ်ပြီး တိုင်းပြည်တည်ငြိမ်မှုကောင်းသည်နှင့် လုပ်နိုင်သည့်အပိုင်းလိုက် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး ဆောင်ရွက်ရန်ရှိကြောင်း နစကဥက္ကဌက ရုရှား TASS မီဒီယာနှင့် အင်တာဗျူးတွင် ပြောကြား

မဲစာရင်းမှန်ကန်ရေး ယခုနှစ်ထဲ၌ အတတ်နိုင်ဆုံး လုပ်မည်ဖြစ်ပြီး တိုင်းပြည်တည်ငြိမ်မှုကောင်းသည်နှင့် လုပ်နိုင်သည့်အပိုင်းလိုက် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး ဆောင်ရွက်ရန်ရှိကြောင်း နစကဥက္ကဌက ရုရှား TASS မီဒီယာနှင့် အင်တာဗျူးတွင် ပြောကြား
Published 25 March 2024

မဲစာရင်းမှန်ကန်ရေး ယခုနှစ်ထဲ၌ အတတ်နိုင်ဆုံးလုပ်မည်ဖြစ်ကာ ပြည့်စုံပြီးပါက တိုင်းပြည်တည်ငြိမ်မှုကောင်းပြီသည်နှင့် လုပ်နိုင်သည့်အပိုင်းလိုက် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး ဆောင်ရွက်ရန်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဇေယျာသီရိဗိမာန်သံတမန်ခန်းမ၌ မတ် ၁၈ ရက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ITAR-TASS Media မှ ရုရှား - မြန်မာ နှစ်နိုင်ငံ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းမှုတွင် နစကဥက္ကဌ ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

နစကဥက္ကဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတက်လာခြင်းသည် ရွေးကောက်ပွဲ မဲမသမာမှုကြောင့်ဖြစ်လာသည့် အကျိုးဆက်တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့်လွတ်လပ်ပြီးတရားမျှတမှုရှိသည့် ရွေးကောက်ပွဲတစ်ခု ပြန်လည်ကျင်းပရေးသည် မိမိတို့၏ နောက်ဆုံးရည်မှန်းချက်ဖြစ်ကြောင်း ပြောကြားသည်။

“အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေ ပြီးသွားပြီဆိုတာနဲ့ ရွေးကောက်ပွဲ ကျွန်တော်တို့ ပြန်လုပ်မှာဖြစ်ပါတယ်၊ အဲဒီတော့ ကျွန်တော်တို့က ဒီအရေးပေါ်ကာလတွေပြီးလို့ရှိရင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ကျွန်တော်တို့က အာဏာပြန်လွှဲမယ်၊ ပြန်လွှဲပြီးတော့ အဲဒီရဲ့ဦးဆောင်မှုနဲ့ (၆) လအတွင်းမှာ ကျွန်တော်တို့ရွေးကောက်ပွဲ ပြန်လုပ်ရမှာဖြစ်ပါတယ်၊ အဲဒီတော့ ဒီရွေးကောက်ပွဲလုပ်နိုင်ဖို့ဆိုရင် မဲစာရင်းတွေ မှားယွင်းမှုကြောင့် ဖြစ်လာတဲ့အတွက်ကြောင့် မဲစာရင်းမှန်ကန်ရေးကိုလည်း ကျွန်တော်တို့က အဓိကထားလုပ်ရမှာ၊ မဲစာရင်းမှန်ကန်ရေးကလည်း ဒီနှစ်ထဲမှာ အတတ်နိုင်ဆုံး ကျွန်တော်တို့လုပ်ပါမယ်၊ ပြည့်စုံပြီးလို့ရှိရင် တိုင်းပြည်တည်ငြိမ်မှုကောင်းပြီဆိုတာနဲ့ လုပ်နိုင်တဲ့အပိုင်းလိုက်ပေါ့ တစ်ပြိုင်နက်တည်း မဟုတ်တောင်မှ လုပ်နိုင်တဲ့အပိုင်းလိုက်ကို ဥပဒေနှင့်အညီ ကျွန်တော်တို့ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားဖို့ရှိပါတယ်ဆိုတာ ကျွန်တော်ပြောလိုတယ်” ဟု နစကဥက္ကဌက ပြောကြားသည်။

ထို့အပြင် ပြည်တွင်းတည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍ တည်ငြိမ်အေးချမ်းရေးတွင် နှစ်ခုရှိကြောင်း၊ တစ်ခုသည် အရေးပေါ်ကာလဖြစ်ပြီးချိန်တွင် သဘောထားကွဲလွဲတဲ့သူများက ဆူပူမှုများ ဆန္ဒပြမှုမျာလုပ်ခဲ့သည့်တစ်ပိုင်းရှိသည့်အတွက် တည်ငြိမ်အောင်ကြိုးစားရကြောင်း၊ နောက်တစ်ခုသည် ၁၉၄၈ ခု လွတ်လပ်ရေးရကတည်းက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနှင့်စခဲ့ပြီး ယခုချိန်အထိ ဖြစ်နေဆဲဖြစ်ကြောင်း နစကဥက္ကဌက ပြောကြားသည်။

“ဒါဟာလည်း ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးပျက်ယွင်းမှုအခြေအနေတစ်ခုကို ကျွန်တော်တို့ ပြန်ပြီးတော့ လုပ်ရတာရှိတယ်။ အဲဒီမှာ ကျွန်တော်တို့ ၂၀၁၅ ခုနှစ်က ကျွန်တော်တို့က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ သဘောတူညီချက်တစ်ခု ကျွန်တော်တို့ရခဲ့ပါတယ်။ အဲဒါက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဖြစ်ပါတယ်။ ဒါကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ဒီပေါ်မှာ ကျွန်တော်တို့ ရအောင်ထိန်းသိမ်းခဲ့တာ ဆောင်ရွက်ခဲ့တာရှိပါတယ်။ အခုထိကျွန်တော်တို့ ဒါကိုပဲထိန်းသိမ်းပြီး ဆောင်ရွက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုနည်းပါးခြင်းဟာ ဒီတည်ငြိမ်အေးချမ်းမှုမရှိတဲ့အတွက်ကြောင့် ဖြစ်တယ်ဆိုတာတော့ အရင်းခံအကြောင်းရင်းဖြစ်ပါတယ်။ ဒါ့ကြောင့် တည်ငြိမ်မှုရအောင်လည်း ကျွန်တော် ကြိုးစားဆောင်ရွက်ခဲ့ရတာ ရှိပါတယ်” ဟု နစကဥက္ကဌက ပြောကြားသည်။

အဆိုပါ အင်တာဗျူးတွင် ရုရှား-မြန်မာဆက်ဆံရေးကိစ္စ၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုလုပ်ခဲ့သည့်အတွက်ကြောင့် နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာပြီးတာဝန်ယူခဲ့ရမှုနှင့် အရေးယူခဲ့မှုအခြေအနေများ၊ ကိုဗစ်ရောဂါ ထိန်းချုပ်ဆောင်ရွက်ခဲ့မှုနှင့် စီးပွားရေး ပြန်လည်ဦးမော့ရေး ဆောင်ရွက်ခဲ့မှုများ၊ နစကဥက္ကဌ၏ ပုဂ္ဂိုလ်​ရေးအကြောင်းအရာများ၊ မြန်မာခရီးသွားလုပ်ငန်းကိစ္စများ၊ ဗုဒ္ဓဘာသာနှင့် ပတ်သက်သည့်အကြောင်းအရာများကို မေးမြန်းဖြေကြားမှုများ ပြုလုပ်ထားသည်ကို တွေ့ရသည်။

Most Read

Most Recent