မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးအပါအဝင် အစည်းအဝေးများ တက်ရောက်ရန်နှင့် တရုတ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် နစကဥက္ကဋ္ဌ တရုတ်နိုင်ငံသို့ ထွက်ခွာ

မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးအပါအဝင် အစည်းအဝေးများ တက်ရောက်ရန်နှင့် တရုတ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် နစကဥက္ကဋ္ဌ တရုတ်နိုင်ငံသို့ ထွက်ခွာ
Published 5 November 2024

တရုတ်နိုင်ငံတွင် ကျင်းပမည့် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးအပါအဝင် အစည်းအဝေးများ တက်ရောက်ရန်အတွက် ယနေ့(အောက်တိုဘာ ၅ ရက်)တွင် နစက ဥက္ကဋ္ဌသည်  တရုတ်နိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်နိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး 8th Greater Mekong Subregion(GMS)၊ (၁၀)ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ ထိပ်သီးအစည်းအဝေး 10th Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy (ACMECS)Summit နှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေး 11th Cambodia-Lao PDR- Myanmar-Vietnam (CLMV) Summit တက်ရောက်ရန်အတွက် ယနေ့ (အောက်တိုဘာ ၅ ရက်) နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) မှ အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာသွားကြောင်း သိရသည်။

နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူးနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံရုံးဒုတိယအကြီးအကဲနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြကြောင်း သိရသည်။

နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြကြောင်း သိရသည်။

အဆိုပါခရီးစဉ်အတွင်း ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခြင်း၊ တရုတ်နိုင်ငံ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်နိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ လေ့လာသွားကြမည်ဖြစ်ကြောင်းနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည်လည်း သက်ဆိုင်ရာကဏ္ဍများအလိုက် အလုပ်သဘောဆိုင်ရာ တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent