ဖက်ဒရယ်ဒီမိုကရေစီ နည်းလမ်းတကျ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ဖြင့် အောက်ခြေမှစတင်သော အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေးကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း RCSS ထုတ်ပြန်

ဖက်ဒရယ်ဒီမိုကရေစီ နည်းလမ်းတကျ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ဖြင့် အောက်ခြေမှစတင်သော အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေးကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း RCSS ထုတ်ပြန်
Published 23 April 2024

ဖက်ဒရယ်ဒီမိုကရေစီနည်းလမ်းတကျ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ဖြင့် အောက်ခြေမှ စတင်သော အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေးကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်သည်။

မတ်လနှင့် ဧပြီလအတွင်း RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်သည် ၎င်းတို့အဖွဲ့အစည်း ထိန်းချုပ်ရာနယ်မြေအတွင်း ဒေသခံလူထုနှင့် တွေ့ဆုံခဲ့သည့်အပြင် တပ်မဟာနယ်မြေအသီးသီးတွင် စစ်ပညာသင်ယူနေကြသော တပ်သားသစ်များနှင့် တွေ့ဆုံခြင်းတို့ကို ရည်ရွယ်ချက်သုံးရပ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။

RCSS အနေဖြင့် ဒေသတွင်း တည်ငြိမ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ နည်းလမ်းတကျ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ဖြင့် အောက်ခြေမှစတင်သော အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးကို စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် တပ်မတော်အပါအဝင် သက်ဆိုင်ရာ လူမျိုးစုများ၊ အစုအဖွဲ့များမှ ပူးပေါင်းပါဝင်လိုသူများကို ဖိတ်ခေါ်ကြိုဆိုလျက်ရှိကြောင်း RCSS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၏ ခရီးစဉ်အတွင်း အခြေခံစစ်ပညာသင်တန်းတွင် တပ်သားသစ် ၆၀၀၀၊ ကျေးရွာ ၃၃ ရွာမှ ဒေသခံလူထုများနှင့် တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသော ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး လွယ်တိုင်းလျန်တွင် ဌာနချုပ်ထားရှိကာ လင်းခေး၊ မိုင်းပန်း၊ မိုင်းရှုး၊ လွိုင်လင်၊ ပန်လုံ၊ ခိုလမ်၊ လဲချား၊ မိုင်းကိုင်၊ တန့်ယန်း၊ မိုင်းရယ်၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ နမ့်ခမ်း၊ မူဆယ် စသဖြင့် အခြေပြုလှုပ်ရှားလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent