ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)(NCA-S)ကို ဗိုလ်မှူကြီးခွန်ဥက္ကာက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ပြင်ဆင်ဖွဲ့စည်း

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)(NCA-S)ကို ဗိုလ်မှူကြီးခွန်ဥက္ကာက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ပြင်ဆင်ဖွဲ့စည်း
Published 11 October 2024

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)(NCA-S)ကို ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ ပြင်ဆင်ဖွဲ့စည်းကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက အောက်တိုဘာ ၉ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

ဗိုလ်မှူးကြီးခွန်သူရိန် ဦးဆောင်သည့် အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အား ချိုးဖောက်ပြီး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လာခြင်း၊ စစ်ရေးဖော်ဆောင်လာခြင်းများကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နုတ်ထွက်ကြောင်း စက်တင်ဘာ ၁၀ ရက်တွင်  PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ထုတ်ပြန်ခဲ့ပြီး ယခုအခါ PNLO (NCA-S) ဦးဆောင်အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းကြောင်း ထပ်မံကြေညာခြင်းဖြစ်သည်။

လက်တလောအခြေအနေအရ ဦးဆောင်အဖွဲ့မှာ ဥက္ကဌဗိုလ်မှူးကြီးခွန်ဥက္ကာ၊ အထွေထွေအတွင်းရေးမှူးဗိုလ်မှူးခွန်မင်းသိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူးနန်းယဉ်ယဉ်စိုးတို့ဖြစ်ကြောင်း ပြည်သူလူထု၏ အကျိုးစီးပွားကို မျက်နှာမူလျှက် အသိပေးကြေညာကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

ယခုကြေညာချက်တွင် ပအိုဝ်းအမျိုးသားတို့၏ အမျိုးသားတန်းတူရေးနှင့် လွတ်မြောက်မှုကိုအခြေခံ၍ ပအိုဝ်းအမျိုးသားခေါင်း ဆောင်ကြီးများသည်။ ၁၉၄၉ခုနှစ်တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLOကို စတင်ဖော် ဆောင်ခဲ့ကြပါသည် ၁၉၅၈ ခုနှစ်တွင် ဖြားဗွာဦးလှဖေ ဦးဆောင်ကာ ဒီမိုကရေစီနှင့် လက်နက်လဲလှယ်ခဲ့ကြောင်း၊ ၁၉၇၆ခုနှစ်တွင် PNLO ကို PNO/PNA သို့ အမည်ပြောင်းခဲ့ကြောင်း၊ ၁၉၉၁ ခုနှစ် ဧပြီလတွင် ဦးအောင်ခမ်းထီ ခေါင်းဆောင်သော PNO/PNAသည် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ ၁၉၉၁ခုနှစ် အောင်တိုဘာလမှာပင် ဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးဆောင်၍ ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (PPLO) ကိုဖွဲ့စည်းခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် PNLO အဖွဲ့အဖြစ်သို့ ပြန်လည်ဖွဲ့စည်းခဲ့ကြောင်းဖော်ပြထားသည်။

ထို့နောက် ဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးဆောင်သော PNLO သည် ၂ဝ၁၅ ခုနှစ်၌ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA) ကို ပါဝင်လက်မှတ်ရေးထိုးကာ တရားဝင်မှုရယူပြီး ပအိုဝ်းအမျိုးသားတို့၏ တန်းတူရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း၊ PNLOသည် ဗိုလ်မှူးကြီးခွန်ဥက္ကာက ဥက္ကဋ္ဌအဖြစ် ဦးဆောင်မှုကို စတင်ခဲ့ပြီး ဒီမိုကရေစီနည်းလမ်းတကျဖြင့် အလှည့်ကျ ဥက္ကဋ္ဌများကို ရွေးချယ်တင်မြှောက်ကာ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဦးဆောင်နာယက အဖြစ်သာ မူဝါဒကို ထိန်းသိမ်းပေးခဲ့သည် ဟုဆိုသည်။

သို့ရာတွင် ၂၀၂၄ ခုနှစ်တွင် လက်ရှိဥက္ကဋ္ဌသည် အဖွဲ့၏မူဝါဒလမ်းစဉ်များနှင့် သွေဖယ်လျက် (NCA)ကိုပစ်ပယ်ပြီး ပအိုဝ်းအမျိုးသားတို့၏ အေးချမ်းသာယာ ဖွံ့ဖြိုးမှုကို ထိခိုက်စေသော ဒေသတွင်းတိုက်ပွဲများဖော်ဆောင်လာရာ ပအိုဝ်းအမျိုးသားဒေသအများစုမှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြား ခဲ့ရပြီး ဒေသခံများ၏ အသက်အိုးအိမ် စည်းစိမ်များလည်း ဆုံးရှုံးခဲ့ရကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

 သို့ဖြစ်၍ ပအိုဝ်းအမျိုးသားတို့၏ အေးချမ်းသာယာဖွံ့ဖြိုးမှု၊ လုံခြုံမှုနှင့် ငြိမ်းချမ်းမှုတို့ကို ရှေ့ရှုလျက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီ ဦးဆောင်နာယကသည် အရေးပေါ်အခြေအနေတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)(NCA-S)ကို ပြန်လည်ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းစဉ်နှင့်အညီ ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။