■ NSPNC နှင့် TNLA တို့ နေပြည်တော်တွင် တွေ့ဆုံ၍ နိုင်ငံတော်ငြိမ်းချမ်းရေးကို ရှေးရှုပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

■ NSPNC နှင့် TNLA တို့ နေပြည်တော်တွင် တွေ့ဆုံ၍ နိုင်ငံတော်ငြိမ်းချမ်းရေးကို ရှေးရှုပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး
Published 20 July 2026

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဖွဲ့ (PSLF/TNLA) တို့ ဇူလိုင် ၁၉ ရက်တွင် နေပြည်တော်၌ တွေ့ဆုံ၍ နိုင်ငံတော်ငြိမ်းချမ်းရေးကို ရှေးရှုပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

NSPNC နှင့် PSLF/TNLA တို့ တွေ့ဆုံပွဲကို ဇူလိုင် ၁၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေအိမ်စံဟိုတယ် အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ PSLF/TNLA ဘက်မှ ဒုတိယဥက္ကဋ္ဌ (၁) တားဂျုတ်ဂျား၊ အထွေထွေအုပ်ချုပ်ရေးဌာန ဌာနမှူး တားဂူးဂျား၊ မဟာမိတ်ဆက်ဆံရေးဌာန ဌာနမှူး တားမိုးဟိန်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် တားမိုင်းမိုင်း၊ တားညီနောခရိုးနှင့် တားကူးနောတို့ ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က မိမိတို့ ယခုတွေ့ဆုံမှုသည် နေပြည်တော်၌ ပထမဆုံးဖြစ်ကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ရှေးရှုပြီး ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးတို့ကို အဓိကထား ဆွေးနွေးပေးစေလိုကြောင်း၊ တအာင်းပလောင်ဒေသရှိ ပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စတို့အား ပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင် လက်ရှိအချိန်တွင် ရွေးကောက်ခံအစိုးရ ပေါ်ပေါက်လာပြီဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးများကိုလည်း ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပေါင်းစပ်ဆောင်ရွက်နိုင်သည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။

ထို့နောက် PSLF/TNLA ဒုတိယဥက္ကဋ္ဌ (၁) တားဂျုတ်ဂျားက ငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များ မထားဘဲ ဖိတ်ခေါ်သည့်အတွက် များစွာအားရကြောင်း၊ လက်ရှိတွင် တိုက်ပွဲများ ရပ်တန့်ပြီး ပြည်သူလူထုမှာလည်း အေးချမ်းမှု စတင်ရလာပြီဖြစ်ကြောင်းနှင့် ယနေ့ ဆွေးနွေးပွဲမှ အပြုသဘောဆောင်သည့် ကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက နိုင်ငံတော်သမ္မတနှင့် NSPNC တို့၏ ရက် ၁၀၀ ငြိမ်းချမ်းရေးကြိုးပမ်းမှု အစီအစဉ်ကို ပူးပေါင်းဆောင်ရွက်ရေး၊ ဟိုင်ဂင်သဘောတူညီချက်ကို လေးစားလိုက်နာရေး၊ သဘောတူထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ မိမိတို့ ဒေသအတွင်း ပြည်သူလူထု၏ လူမှုဘဝ သက်သာချောင်ချိရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ရပ်တည်လျက်ရှိသည့်ကိစ္စရပ်များနှင့် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်ရေးတို့နှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှတစ်ဆင့် နိုင်ငံရေးဆိုင်ရာလိုအပ်ချက်များကို ဆွေးနွေးပြီး ရေရှည်တည်တံ့ခိုင်မြဲသည့်ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် PSLF/TNLA နှင့် ယခင် တွေ့ဆုံဆွေးနွေးမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် နှစ်ဖက်ဆွေးနွေးချက်များအပေါ် မှတ်တမ်းတင်နိုင်ရန် ညှိနှိုင်းပြီး မှတ်တမ်းအား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ထို့နောက် PSLF/TNLA ဒုတိယဥက္ကဋ္ဌ (၁) တားဂျုတ်ဂျားက ကျေးဇူးတင်စကား ပြောကြားပြီး NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကာ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်၍ တွေ့ဆုံဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent