မြန်မာ-ရုရှား နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆုတံဆိပ်များ အပြန်အလှန်ပေးအပ်

မြန်မာ-ရုရှား နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆုတံဆိပ်များ အပြန်အလှန်ပေးအပ်
Published 29 March 2024

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုအားကောင်းစေရန်အပါအဝင် စစ်ဘက်နှင့် စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကြိုးပမ်းမှုများအတွက် တပ်မတော်နှစ်ရပ်အကြား ဆုတံဆိပ်များ အပြန်အလှန်ပေးအပ်ခြင်းအခမ်းအနားကို မတ် ၂၈ ရက်က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomin၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆက်ဆံရေးကောင်စီဥက္ကဋ္ဌ Mr. Pavel GUSEV ၊ စစ်သံမှူး Colonel KURCHENKO Sergei Semyonovich နှင့် ရုရှားတပ်မတော်မှ အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီက မတ် ၂၇ ရက်စွဲဖြင့် ထုတ်ပြန်သည့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အမိန့်ကြော်ငြာစာအမှတ် ၆၄/၂၀၂၄ ဖြင့် ခေတ်မီတပ်မတော် တည်ဆောက်နိုင်ရန် နိုင်ငံတကာ စစ်ဘက်ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ပုဂ္ဂိုလ်များအား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များပေးအပ်သည့် အမိန့်ကို ဖတ်ကြားတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များချီးမြှင့်ခံရသူများအနက် “သီရိသီဟကျော်တံဆိပ်” ရရှိသည့် Colonel KURCHENKO Sergei Semyonovich ၊ Captain 2nd rank YASHIN Dmitry Valerievich ၊ Captain 2nd rank SHILKOV Vitaly Vasilyevich နှင့် “သီရိသူရကျော်တံဆိပ်” ရရှိသည့်  Colonel(Rtd) SARATOV Sergei Nikolaevich တို့အား ဘွဲ့တံဆိပ်များနှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

၎င်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ကာကွယ်ရေးဝန်ကြီးဌာနမှ Captain 2nd rank YASHIN Dmitry Valerievich က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ညာစာအမှတ် ၇၇ ဖြင့် နိုင်ငံတကာ စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော မြန်မာ့တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများအား စွမ်းဆောင်ဆုတံဆိပ်များဖြစ်သည့် “နိုင်ငံတကာ စစ်ဘက်ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးစွမ်းဆောင်ဆုတံဆိပ်” နှင့် “တိုက်ပွဲဝင်သွေးသောက် စိတ်မြှင့်တင်မှု ဆုတံဆိပ်” တို့ကို ချီးမြှင့်အပ်နှင်းသည့်အမိန့်အား ဖတ်ကြားတင်ပြသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomin က “နိုင်ငံတကာ စစ်ဘက်ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးစွမ်းဆောင်ဆုတံဆိပ်” ချီးမြှင့်အပ်နှင်းခြင်းခံရသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဆုတံဆိပ်ကို ချီးမြှင့်အပ်နှင်းခဲ့သည်။

ဆက်လက်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက “နိုင်ငံတကာစစ်ဘက်ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးစွမ်းဆောင် ဆုတံဆိပ်” ချီးမြှင့်အပ်နှင်းခြင်းခံရသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီး မိုးအောင် နှင့် အဆင့်မြင့် တပ်မတော်အရာရှိကြီးများအား ဆုတံဆိပ်များတစ်ဦးချင်း ချီးမြှင့်အပ်နှင်းခဲ့သည်။

ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး က “တိုက်ပွဲဝင် သွေးသောက်စိတ်မြှင့်တင်မှု ဆုတံဆိပ်” ချီးမြှင့်ခြင်းခံရသည့် ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် အဆင့်မြင့် တပ်မတော်အရာရှိကြီးများအား ဆုတံဆိပ်များကို တစ်ဦးချင်း ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent