'၀' ‌ခေါင်းဆောင် ဝေရှောက်ခန် ဆွစ်ဇာဘဏ်တွင် အပ်နှံထားသည့် မူးယစ်ဆေးဝါးရောင်းချရသည့်ငွေများကို ထိုင်းသို့ လွှဲပေးရန် ဆွစ်ဇာလန်က သဘောတူ

'၀' ‌ခေါင်းဆောင် ဝေရှောက်ခန် ဆွစ်ဇာဘဏ်တွင် အပ်နှံထားသည့် မူးယစ်ဆေးဝါးရောင်းချရသည့်ငွေများကို ထိုင်းသို့ လွှဲပေးရန် ဆွစ်ဇာလန်က သဘောတူ
Photo credit: The Nation
Photo credit: The Nation
Published 15 March 2024

‘၀' ‌ခေါင်းဆောင် ဝေရှောက်ခန် ဆွစ်ဇာဘဏ်တွင် အပ်နှံထားသည့် မူးယစ်ဆေးဝါးရောင်းချရသည့်ငွေများကို ထိုင်းသို့ လွှဲပေးရန် ဆွစ်ဇာလန်က သဘောတူခဲ့သည်ဟု The Nation က ဖော်ပြခဲ့သည်။

ထိုင်းသည် မူးယစ်မှောင်ခိုကူးသည့် '၀' ခေါင်းဆောင် ‌ဝေရှောက်ခန် ဆွစ်ဇာလန်ဘဏ်တွင် အပ်နှံထားသောငွေများကို ခွဲဝေရယူရေးအတွက် ဆွစ်ဇာလန်နှင့်သဘောတူစာချုပ်တစ်ရပ်ကို မတ်လစောစောပိုင်းတွင် လက်မှတ်ရေးထိုးခဲ့ရာ ထိုင်းရှေ့နေချုပ်ရုံး၏ကိုယ်စား ထိုင်းဒုတိယရှေ့နေချုပ်က လက်မှတ်ရေးထိုးခဲ့သည်။

ဤသမိုင်းဝင် သဘောတူစာချုပ်သည် ရာဇဝတ်မှုကျူးလွန်ထားသူများက မူးယစ်မှောင်ခိုကူးမှု၊ ပြည်သူပိုင်ငွေ အလွဲသုံးစားလုပ်မှု၊ အဂတိလိုက်စားမှု၊ ငွေမည်းကို ငွေဖြူပြောင်းလဲမှုတို့လို ရာဇဝတ်မှုများမှ ရရှိလာသောငွေများ အပ်နှံထားရာ နိုင်ငံများနှင့် အလားတူသဘောတူစာချုပ်များ ချုပ်ရေးအတွက် လမ်းပွင့်သွားစေနိုင်သည်။

 ယင်းသို့ ပုန်းလျှိုးကွယ်လျှိုးလုပ်ရပ်များကိုထိုင်းအာဏာပိုင်များ ဖော်ထုတ်အရေးယူ၍ရနိုင်သောနိုင်ငံများတွင် စင်ကာပူ၊ယူကေ၊အမေရိကန်၊လူဇင်ဘတ်တို့ပါဝင်သည်။

ရှေ့နေချုပ်ရုံးသည် ပြစ်မှုဆိုင်ရာ အရေးကိစ္စများ အက်ဥပဒေအရအမှုများစွာ ပါဝင်ပတ်သက်နေသော ပိုင်ဆိုင်ပစ္စည်းများကို သိမ်းယူရန် ပြည်ပနိုင်ငံများနှင့်အတူ ဆောင်ရွက်နေသည်ဟုဆိုသည်။ အဆိုပါ ပစ္စည်းအားလုံးကို မကြာမီ ထိုင်းသို့ ပြန်ပို့သွားမည်ဟု ဆိုသည်။

တရုတ်တွင်မွေးသည့် လုပ်ငန်းရှင်ဖြစ်ပြီး မြန်မာနိုင်ငံအခြေစိုက် မူးယစ်ဆေးဝါးမှောင်ခိုကူးသူ ဝေရှောက်ခန်သည် စိတ်ကြွဆေးများကို ထိုင်းသို့ခိုးသွင်းရာမှ ရရှိခဲ့သောငွေများကို ဆွစ်ဇာလန်ဘဏ်များတွင် အပ်နှံထားသည်ကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး(AMLO)၏ ကနဦး စုံစမ်းစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သည်။

ထို့ကြောင့် ဝေရှောက်ခန်၏ ငွေများကို သိမ်းဆည်းရေးအတွက် သက်ဆိုင်ရာဆွစ်ဇာလန်အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ပေးပါရန် AMLO က ထိုင်းရှေ့နေချုပ်ရုံးကို မေတ္တာရပ်ခံထားသည်။

ဒေါ်လာ ၂ သန်းဆုကြေးထုတ်ခံထားရသော"ဝ"ခေါင်းဆောင် ဝေရှောက်ခန် ဆွစ်ဇာလန်ဘဏ်တွင် အပ်နှံထား‌သောငွေများကို ဆွစ်ဇာလန်က ထိုင်းအစိုးရထံ လွှဲပြောင်းပေးရန် လွန်ခဲ့သောရက်ပိုင်းတွင် သဘောတူခဲ့သည်။

ဝေရှောက်ခန်ကိုထိုင်းအစိုးရ အမေရိကန်ကဲ့သို့ပင် ဝရမ်းပြေးအဖြစ် အလိုရှိနေသည်။

ဝေရှောက်ခန်သည် ဆွစ်ဇာလန်က ဘဏ်တစ်ခုတွင်ငွေများအပ်ထား‌ကြောင်းထိုင်းအာဏာပိုင်များက သိရှိခဲ့သည်။

ထို့ကြောင့်ထိုင်းက ဆွစ်ဇာလန်အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ပြီး ဝေရှောက်ခန်၏ထိုင်းဘတ်ငွေ ၇၆ သန်းနီးပါး ပိုင်ဆိုင်မှုများ လွှဲပြောင်း‌ပေးရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝေရှောက်ခန်သည်ကူမင်တန်၊ ဘိန်းဘုရင်ဟုလူသိများသောခွန်ဆာ၏ ‌မုန်တိုင်းတပ်ဖွဲ့(MTA)တွင်ပါဝင်ခဲ့သည်။ ထို့‌နောက် ၎င်းသည်‘‘ဝ’’ တပ်ကို ရောက်လာခဲ့သည်။

၁၉၉၀ ပြည့်နှစ်ကာလများတွင် မြန်မာကနေထိုင်း၊ဟောင်ကောင်၊ ထိုင်ဝမ်နှင့်အမေရိကန်အထိ ပျံ့နှံ့ခဲ့‌သောမူးယစ်ဆေးဝါးများ၏နောက်ကွယ်တွင် ဝေရှောက်ခန်ရှိနေကြောင်း ထိုင်းနှင့်အမေရိကန်အစိုးရအေဂျင်စီများက ထိုအချိန်တုန်းက ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

Ref: The Nation,BBC

 

Most Read

Most Recent