ရှမ်းပြည်နယ် အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား နစကဒုတိယဥက္ကဋ္ဌ သွားရောက်ကြည့်ရှု

ရှမ်းပြည်နယ် အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား နစကဒုတိယဥက္ကဋ္ဌ သွားရောက်ကြည့်ရှု
Published 15 March 2024

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ် ချုပ်မှူးကြီးစိုးဝင်းသည် မတ်လ ၁၄ ရက်က သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

နစကဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဆေးရုံတပ်မှူးက ဆေးရုံအစည်းအဝေးခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးထားမှု အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ကြောင်းသိရသည်။

ယင်းနောက် နစကဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည့်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ ကျန်းမာရေး အခြေအနေများကို တစ်ဦးချင်းမေးမြန်းအား ပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် နစကဒုတိယဥက္ကဋ္ဌသည် ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများနှင့်  လက်ဆောင်ပစ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် နစကဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများ၊ သင်တန်းသား အရာရှိကြီးများနှင့်အတူ နေ့လည်စာအတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent