စတုတ္ထအကြိမ် NCA-S EAO ထိပ်သီးခေါင်းဆောင်များညီလာခံ (ဒုတိယပိုင်း)ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စတင်ကျင်းပ

စတုတ္ထအကြိမ် NCA-S EAO ထိပ်သီးခေါင်းဆောင်များညီလာခံ (ဒုတိယပိုင်း)ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စတင်ကျင်းပ
Published 29 March 2022

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ စတုတ္ထအကြိမ် ထိပ်သီးခေါင်းဆောင်များညီလာခံ (ဒုတိယပိုင်း)ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂၀၂၂ ခုနှစ် မတ် ၂၉ ရက်မှ စတင်ပြီး မျက်နှာချင်းဆိုင်နှင့် Video Conferencing နည်းနာနှစ်မျိုးဖြင့် ကျင်းပလျက်ရှိကြောင်း သတင်းရရှိသည်။

ညီလာခံဖွင့်ပွဲအခမ်းအနားဦးဆောင် သဘာပတိများအဖြစ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ဟံသာတို့က ဆောင်ရွက်ခဲ့ကြပြီး ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ဗိုလ်ချုပ်ကြီးယွက်စစ်တို့က ညီလာခံဖွင့်ပွဲအခမ်းအနား အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် အထူးဖိတ်ကြားထားသော မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံအမတ်ကြီး Mr:Francois Lafreniere၊ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံသံအမတ်ကြီး Mr.Pekka Shemeikka၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး Ms.Hilde Solbakken၊ သြစတြေးလျနိုင်ငံမှ သံတမန်ဖြစ်သူ Mr.Bryan Bong၊ အီတလီနိုင်ငံမှ  Deputy Head of Mission ဖြစ်သူ Mr.Andrea Ferrara၊ ဆွစ်ဇာလန်နိုင်ငံမှ လူသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် Mr.Thomas Meier Nidecker နှင့် USAID မှ ယာယီဌာနေကိုယ်စားလှယ်ဖြစ်သူ Ms.Pamela Fessenden စသည့် နိုင်ငံတကာသံတမန်များအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ညီလာခံဖွင့်ပွဲအခမ်းအနား၌ နှုတ်ခွန်းဆက်အမှာစကားများ ပြောကြားခဲ့ကြသည်။

၎င်းတို့ပြောကြားမှုအပြီးတွင် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ဟံသာက ညီလာခံဖွင့်ပွဲအခမ်းအနား နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။

စတုတ္ထအကြိမ် NCA-S EAO  ထိပ်သီးခေါင်းဆောင်များ ညီလာခံဖွင့်ပွဲအခမ်းအနားသို့ ညီလာခံဖွင့်ပွဲ ဦးဆောင်သဘာပတိများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင်ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့၏ ဦးဆောင်မှုအလုပ်အဖွဲ့ အဖွဲ့ဝင်များ၊ PPST ၏ အကြံပေးပုဂ္ဂိုလ်၊ NCA-S EAO မှ ခေါင်းဆောင်ကိုယ်စားလှယ်များ၊ NCA-S EAO ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ၏ ဦးဆောင်မှုမြှင့်တင်ရေးအစီအစဉ် (WLPP)မှ ညှိနှိုင်းရေးမှူး၊ နိုင်ငံတကာသံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ယင်းညီလာခံကို လာမည့် ဧပြီ ၂ ရက် အထိ ဆက်လက်ကျင်းပသွားမည် NCA-S EAO အဖွဲ့က သတင်းထုတ်ပြန်ထားသည်။