မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့တွင် အထူးလေယာဉ်ခရီးစဉ်များ ဆင်းသက်ခွင့်ပြုရန် နစကဘက်က မေတ္တာရပ်ခံခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့တွင် အထူးလေယာဉ်ခရီးစဉ်များ ဆင်းသက်ခွင့်ပြုရန် နစကဘက်က မေတ္တာရပ်ခံခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
Published 9 April 2024
Ref:AFP

ထိုင်းနယ်စပ် မဲဆောက်မြို့တွင် အထူးလေကြောင်းခရီးစဉ်များ ဆင်းသက်ခွင့်ပေးရန်နှင့် မြန်မာနိုင်ငံသားများကို ပြန်လည်ပို့ဆောင်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မေတ္တာရပ်ခံခဲ့သည်ဟု ဧပြီ ၈ ရက်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မြန်မာ-ထိုင်းနယ်စပ်ရှိ အရေးပါသော နယ်စပ်မြို့ မြဝတီတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် နစက၏ မေတ္တာရပ်ခံချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခင်က မြန်မာနိုင်ငံတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသောဒေသများ၌ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ယင်းတိုက်ပွဲများသည် နစကအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည်ဟု လေ့လာဆန်းစစ်သူများက ပြောကြားသည်။

ထိုင်းနယ်စပ် မဲဆောက်မြို့၏တစ်ဖက်ကမ်းတွင်ရှိသော မြန်မာနယ်စပ် မြဝတီမြို့၏ အနီးတစ်ဝိုက်တွင် လွန်ခဲ့သောသီတင်းပတ်က တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

မြဝတီမြို့သည် တတိယအစည်ကားဆုံး နယ်စပ်ဂိတ်ဖြစ်သည်ဟု နစက၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး လွန်ခဲ့သော ၁၂ လအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံရှိ ကုန်စည်များ မြဝတီနယ်စပ်ဂိတ်မှ ဖြတ်သန်းခဲ့သည်။

မြန်မာနိုင်ငံမှလာသော လေယာဉ်သည် ဧပြီ ၇ ရက်က မဲဆောက်မြို့တွင် ဆင်းသက်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကြောင်းများကြောင့် မေတ္တာရပ်ခံချက်ကို ခွင့်ပြုပေးခဲ့ပြီးနောက် လေယာဉ်သည် ယင်းနေ့တွင် နောက်တစ်ခေါက် ပြန်လည်ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။

ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ခရီးသည်များနှင့်ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ရေးအတွက် လာမည့် သုံးရက်တွင် “အထူး” ရန်ကုန်-မဲဆောက် လေယာဉ်ခရီးစဉ်သုံးခုအတွက် ဧပြီ ၆ ရက်တွင် ခွင့်ပြုချက်တောင်းခံခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လေကြောင်းခရီးများနှင့်ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အသေးစိတ်များကို ပြောကြားခြင်းမရှိပေ။

ဧပြီ ၆ ရက် လေကြောင်းခရီးစဉ်အပြီးတွင် ကျန်ရှိနေသော လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားပြီး ခရီးစဉ်များဖျက်သိမ်းရသည့်အကြောင်းရင်းကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။

Most Read

Most Recent