တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့မှ ခေါင်းဆောင်များအနေဖြင့် လူမျိုးစုအတွင်း ကျဉ်းမြောင်းသည့် လူမျိုးရေးမုန်းတီးမှုဝါဒကို ရိုက်သွင်း၍ ပြည်ထောင်စုပြိုကွဲပျက်စီးစေရန် ပိုမိုအားထုတ်လျက်ရှိနေကြောင်း နစကဥက္ကဋ္ဌ ပြောကြား

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့မှ ခေါင်းဆောင်များအနေဖြင့် လူမျိုးစုအတွင်း ကျဉ်းမြောင်းသည့် လူမျိုးရေးမုန်းတီးမှုဝါဒကို ရိုက်သွင်း၍ ပြည်ထောင်စုပြိုကွဲပျက်စီးစေရန် ပိုမိုအားထုတ်လျက်ရှိနေကြောင်း နစကဥက္ကဋ္ဌ ပြောကြား
Published 19 March 2024

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့မှ ခေါင်းဆောင်များအနေဖြင့် လူမျိုးစုအတွင်း ကျဉ်းမြောင်းသည့် လူမျိုးရေးမုန်းတီးမှုဝါဒကို ရိုက်သွင်း၍ ပြည်ထောင်စုပြိုကွဲပျက်စီးစေရန် ပိုမိုအားထုတ်လျက်ရှိနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။ 

နှစ် (၅၀) ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုအခါ မိမိတို့နိုင်ငံသည် ပြည်သူများ၏ လိုလားချက်နှင့်အညီ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း ဟူသည့် လောကပါလတရားများ ထွန်းကားရာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံအဖြစ်သို့ စတင်လျှောက်လှမ်း နေချိန်ဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံ ထူထောင်ရာတွင် နိုင်ငံသားအားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်း၊ စည်းကမ်းရှိခြင်း၊ တရားဥပဒေကို လေးစားလိုက်နာခြင်းတို့သည် မရှိမဖြစ် လိုအပ်ကြောင်း၊ သို့သော်လည်း လက်နက်ကိုင် ပဋိပက္ခများ၊ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ၊ အာဏာထူထောင်လိုမှုများ၊ သွေးခွဲသပ်လျှိုမှုများ၊ စည်းလုံးညီညွတ်မှု လျော့နည်းလာမှုများ၊  နိုင်ငံ့အကျိုးကို လျစ်လျူရှု၍ ကိုယ်ကျိုးစီးပွား ရှာဖွေမှုများ၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ် အားနည်းမှုများ၊ နိုင်ငံ့အရင်းအမြစ်များကို ပျက်စီးအောင် ဖျက်ဆီးနေမှုများကြောင့် နိုင်ငံနှင့်ပြည်သူများသည် တည်ငြိမ်အေးချမ်းမှုကင်းမဲ့ကာ ဆင်းရဲဒုက္ခများ ကြုံတွေ့နေကြရသည်ကို သတိထားရှုမြင် သုံးသပ်ဆင်ခြင်ကြရမည့်အချိန် ကျရောက်နေပြီဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံတော်ကိုတည်ဆောက်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး အင်အားစုများအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရမည့်အစား ကွဲပြားနေသော နိုင်ငံရေးအင်အားစုတို့၏ ငါတကောကောမှုများ၊ ဖဲ့ထုတ်စည်းရုံးမှုများသည် နိုင်ငံအကျိုးနှင့် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် မြော်မြင်မှုကင်းမဲ့စွာဖြင့် နိုင်ငံကို ထိခိုက်နစ်နာစေသည့် လုပ်ဆောင်မှုများသာဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့တွင်လည်း ခေါင်းဆောင်လုပ်သူတို့က လူမျိုးစုအတွင်း ကျဉ်းမြောင်းသည့် လူမျိုးရေး မုန်းတီးမှုဝါဒကို ရိုက်သွင်း၍ အလွန်အကျွံ လှုံ့ဆော်မှုများပြုလုပ်ခဲ့ကြပြီး ခြံကြီးထဲတွင် ခြံငယ်ခတ်ရန်၊ လှေကြီးပေါ်တွင် လှေငယ်တင်ရန်၊  ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးစေရန် ပိုမိုအားထုတ်လျက် ရှိနေကြသည်ကို သတိတရားဖြင့် ကာကွယ်ထိန်းသိမ်းကြရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုများကြောင့် ဖြစ်ခဲ့ရသည့် နိုင်ငံရေး အပြောင်းအလဲအပြီးတွင် NUG လက်အောက်ခံ PDF အဖွဲ့နှင့် အခြားဒေသအလိုက် ကာကွယ်ရေးအဖွဲ့ အမည်ခံ လက်နက်ကိုင်အဖွဲ့အုပ်စုအမျိုးမျိုးတို့ ပေါ်ပေါက်လာခဲ့ကြောင်း၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန်နှင့် အချုပ်အခြာအာဏာကို ထိခိုက်ပျက်စီးစေရန် ရည်ရွယ်ပြီး အကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်လျက်ရှိနေကြောင်း၊ ထို့ကြောင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့က စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ် အရင်းခံကာ နိုင်ငံတော်ကို ဝိုင်းဝန်းကာကွယ် စောင့်ရှောက် ထိန်းသိမ်းသွားကြရန် မဖြစ်မနေ လိုအပ်သည့်အချိန် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

တစ်ဖက်တွင်လည်း နိုင်ငံရေး မပြေလည်မှုများကြောင့် လက်နက်ကိုင်လမ်းကြောင်းသို့ ရောက်ရှိနေသည့် အဖွဲ့အစည်းများအနေဖြင့် အစဉ်သဖြင့် ဖွင့်လှစ်ပေးထားသည့် တွေ့ဆုံဆွေးနွေးရေးများဖြင့် NCA လမ်းကြောင်းမှတစ်ဆင့် နိုင်ငံတော်ထာဝရ တည်ငြိမ်အေးချမ်းရေးအတွက် အဖြေရှာကြရန် လိုအပ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသော ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားလျက် စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်သူလူထု၏ ဆန္ဒဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာစေရေး အခြေခံကျသည့် အုတ်မြစ်မှာ တရားမျှတသော၊ သိက္ခာရှိသော၊ နည်းလမ်းကျန မှန်ကန်မှုရှိသော အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆက်လက်ဆောင်ရွက် သွားနိုင်ရေးအတွက်  အဓိကလိုအပ်ချက်မှာ တည်ငြိမ်အေးချမ်းမှု ရှိရေးဖြစ်သဖြင့် နိုင်ငံသားအားလုံး၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။ 

Most Read

Most Recent