မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ အထူးသံတမန်ခန့်အပ်ရန် ကုလသမဂ္ဂတာဝန်ရှိသူများက လုံခြုံရေးကောင်စီကို တိုက်တွန်း

မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ အထူးသံတမန်ခန့်အပ်ရန် ကုလသမဂ္ဂတာဝန်ရှိသူများက လုံခြုံရေးကောင်စီကို တိုက်တွန်း
Published 5 April 2024
Ref:UN,AFP

ဘက်ပေါင်းစုံ အကျပ်အတည်းများရင် ဆိုင်နေရသော မြန်မာနိုင်ငံတွင် ယိုယွင်းလာသော လူသားချင်းစာနာမှု အခြေအနေတို့ကို ကိုင်တွယ်ဖြေရှင်းရန်၊ မြန်မာ့အရေးကို ကုလသမဂ္ဂက ကိုင်တွယ်ဆောင်ရွက်မှုတိုးမြှင့်ရေးတို့အတွက် ကုလသမဂ္ဂအထူး သံတမန်တစ်ဦးကို မြန်မြန်ဆန်ဆန်ခန့်အပ်ရေးအား ဆွေးနွေးသူများက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တိုက်တွန်းခဲ့သည်။

“နိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခတွေ ကျယ်ပြန့်လာတာဟာ ပြည်သူတွေကို အခြေခံလိုအပ်ချက်တွေနဲ့ အရေးကြီးတဲ့ ဝန်ဆောင်မှုတွေ မရအောင် လုပ်ထားသလို ဖြစ်နေပါတယ်” ဟု ခါလက်ခီယာရီကအဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော လုံခြုံရေးကောင်စီကို ပြောကြားခဲ့သည်။

ခါလက်ခီယာရီသည် နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်မှုရေးရာနှင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များဌာန၊ အရှေ့အလယ်ပိုင်း၊ အာရှနှင့် ပစိဖိတ်တို့အတွက် ဒုတိယအထွေထွေအတွင်းရေးမှူးဖြစ်သည်။

တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲယူခဲ့ပြီးနောက် သုံးနှစ်ကျော်ကြာမြင့်လာချိန်တွင် မြန်မာပြည်သူများ ၎င်းတို့၏ လူ့အခွင့်အရေးများကို လွတ်လပ်ငြိမ်းချမ်းစွာ အသုံးပြုခွင့်ရရှိစေမည့် အခြေအနေများ လိုအပ်လျက်ရှိပြီး နိုင်ငံရေးဆိုင်ရာဖိနှိပ်မှုတို့ကို ရပ်တန့်ရန် လိုအပ်နေသည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့အပြင် နစကက ရွေးကောက်ပွဲ လုပ်မည့်ကိစ္စကိုလည်းကောင်း၊ စစ်မှုထမ်းဥပဒေကို ပြန်လည် အသုံးပြုသည့်ကိစ္စကိုလည်းကောင်း စိုးရိမ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုုင်ငံသည် စိတ်ကြွဆေးပြားများနှင့် ဘိန်းဖြူထုတ်လုပ်မှုတို့တွင် ကမ္ဘာလုံးဆိုင်ရာ အချက်အချာဖြစ်လာနေပြီး နိုင်ငံတကာအွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ အထူးသဖြင့် မြန်မာ့နယ်စပ်ဒေသများတွင် လျင်လျင်မြန်မြန် ကျယ်ပြန့်လာသည့်ကိစ္စတို့ကိုလည်း စိုးရိမ်ကြောင်း ဟာလက်ခီယာရီက ပြောကြားခဲ့သည်။

“အရှေ့တောင်အာရှမှာ ဒေသတွင်း ရာဇဝတ်ခြိမ်းခြောက်မှုအဖြစ် စတင်ခဲ့တဲ့ အရာဟာ အခုချိန်မှာ တစ်ကမ္ဘာလုံးကို သက်ရောက်မှုရှိနေခြင်းနဲ့အတူ ပေါများလာနေတဲ့ လူကုန်ကူးမှုနဲ့တရားမဝင်ကုန်သွယ်ရေး အကျပ်အတည်းတို့ဖြစ်နေပါတယ်” ဟု ၎င်းက လုံခြုံရေးကောင်စီကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဒုက္ခရောက်နေသော ပြည်သူသန်းပေါင်းများစွာကို မိမိတို့ မေ့ထား၍မရနိုင်ဟု ဧပြီ ၄ ရက်တွင် ကုလသမဂ္ဂတာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် တပ်မတော်နှင့် တိုင်းရင်းသား လူနည်းစုအုပ်စုများ ပဋိပက္ခဖြစ်ပွားနေသည်မှာ အချိန်ကြာလာပြီဖြစ်သောကြောင့် မြန်မာနိုင်ငံ၌ ငတ်မွတ်မှု၊ လူအများအပြား တိုက်ပွဲရှောင်မှု၊ ဘေးကင်းရေး စိုးရိမ်မှုတို့ တိုးလာနေသည်ဟု ယင်းတာဝန်ရှိသူက ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်တွင် တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက် တပ်မတော်သည် တိုင်းရင်းသားလူနည်းစု လက်နက်ကိုင်အုပ်စုများနှင့်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့်အပြင် PDF များနှင့် လည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။

Most Read

Most Recent